From : သမ္မတရုံး
www.MyanmarExpress.net
နေပြည်တော် ဒီဇင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ ရောက်ရှိနေသော
နိုင်ငံတော်သမ္မတဦးသိန်းစိန် သည် ဒုတိယသမ္မတဦးဥာဏ်ထွန်း၊
ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊
ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်ဌေး၊
တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ဒီဇင်ဘာ (၁၆) ရက်
မွန်းလွဲပိုင်းတွင် ထားဝယ် တက္ကသိုလ်သို့ ရောက်ရှိရာ ပါမောက္ခချုပ်
ဒေါက်တာသောင်းလွင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ပါမောက္ခများ၊
တက္ကသိုလ် ဆရာဆရာမများက ကြိုဆို ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ဘွဲ့နှင်းသဘင်ခန်းမ
အနီး ခင်းကျင်းပြသထားသည့် ထားဝယ်တက္ကသိုလ် သမိုင်းဌာန၏ သုတေသနစာတမ်းများ၊
မုတ္ထီးမြို့ဟောင်း၊ ဝေဒီမြို့ဟောင်း နှင့် သာဂရမြို့ဟောင်းတို့မှ
တွေ့ရှိထားသည့် ပျူခေတ်လက်ရာ ရှေးဟောင်းပစ္စည်းများ၊ ဆရာဆရာမများ၏
ပါရဂူဘွဲ့ကျမ်းများ၊ မဟာသုတေသနကျမ်းများ၊ ၂၀၁၂ ခုနှစ် ပညာသင်နှစ်မှ စတင်၍
ပထမနှစ်နှင့် ဒုတိယနှစ် သင်တန်းများတွင် သင်ကြားမည့် Straight Forward
စာအုပ်များ၊ ဒဿနိကဗေဒဌာန၊ စီးပွားရေးပညာဌာန၊ ဥပဒေဌာန၊ ရူပဗေဒဌာနနှင့်
သင်္ချာဌာနတို့မှ စာအုပ်များကို ကြည့်ရှုလေ့လာသည်။
ထို့နောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်က
ဆရာဆရာမများအား မှာကြားရာတွင် ပါရဂူဘွဲ့အတွက် ရေးသားသည့်
ဘွဲ့ယူကျမ်းများသည် လက်တွေ့နယ်ပယ်တွင်လည်း အသုံးချနိုင်ရန်
လိုအပ်ပါကြောင်း၊ ဘာသာရပ်ဌာနများ အနေဖြင့် သင်ကြားပေးရာတွင်
ကျောင်းသားကျောင်းသူများ တတ်ကျွမ်းသည်အထိ သင်ကြားလေ့ကျင့်ပေးရန်လိုကြောင်း၊
ဥပဒေဘာသာရပ် သင်ကြားသည့် ဌာနအနေဖြင့်လည်း ဥပဒေပညာရှင်များပေါ်ထွက်
လာနိုင်အောင် စနစ်တကျသင်ကြား မွေးထုတ်ပေးရန်လိုကြောင်း၊ ဥပဒေဆိုသည်မှာ
နိုင်ငံသားတိုင်း လေးစား လိုက်နာတတ်ရန် အထူးလိုအပ်ပါကြောင်း၊ ယခုအခါ
ဥပဒေရေးဆွဲ ပြဋ္ဌာန်းပေးထားသော်လည်း လေးစားလိုက်နာမှု အလေ့အကျင့်
အားနည်းနေသေးသည် ကို တွေ့ရှိနေရပါကြောင်း၊ ထို့အတွက် ကျောင်းများကပင်
စတင်လေ့ကျင့်ပျိုးထောင် ပေးလိုက်ရမည် ဖြစ်ကြောင်း၊ ကျောင်းသားကျောင်းသူ
များအား လေ့ကျင့်သင်ကြား ပေးရာတွင် နှုတ်တိုက် ပညာသင်ကြားခြင်း မဟုတ်ဘဲ
ကျောင်းသားဗဟိုပြုနည်း (Student Centred Approach Method) ဖြင့်
သင်ကြားပေးရန် လိုအပ် ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ ကိုယ်တိုင်
လေ့လာသင်ယူတတ်သည့် Self Study၊ Self Learning အလေ့အကျင့်မျိုးဖြင့်
သင်ကြားပေးစေလိုကြောင်း၊ ကျောင်းသားများ ဦးနှောက်ဥာဏ်ရည် ဖွံ့ဖြိုးပြီး
တွေးခေါ် စဉ်းစားတတ်သည့် အလေ့အကျင့် ရရှိအောင် လက်တွေ့နယ်ပယ်တွင် အမှန်တကယ်
အသုံးချ (Apply) နိုင်သည့် အဆင့်အထိ ရောက်ရှိအောင် သင်ကြားပေးရန်
လိုအပ်ပါကြောင်း၊ သင်ကြားသည့် ဆရာဆရာမများကလည်း စဉ်ဆက်မပြတ်
လေ့လာဆည်းပူးခြင်း (Life Long Learning) ပြုလုပ်နေရန် လိုအပ်ပါကြောင်း၊
လွန်ခဲ့သည့် (၁၀) နှစ်က ဘွဲ့ရဆရာဆရာမများသည် နေ့စဉ်လေ့လာမှု၊ စဉ်ဆက် မပြတ်
လေ့လာမှုမရှိခဲ့လျှင် အသိပညာ၊ အတတ်ပညာမှာ (၁၀) နှစ် နောက်ကျကျန်ခဲ့
လိမ့်မည်ဖြစ်ကြောင်း။
သင်ကြားလေ့ကျင့်ပေးသည့် ပညာရေးအဆင့်မြင့်မားမှု
ရှိမရှိကို တိုင်းတာရာတွင် အကျိုးဖြစ်ထွန်းမှု (Effectiveness)၊
ကျွမ်းကျင်တတ်မြောက်မှု (Efficiency)၊ အကျိုးအကြောင်း သက်ဆိုင်မှု
ဆက်စပ်ရှိမှု (Relevance)၊ ထိရောက်မှု (Impact) တို့ဖြင့်
တိုင်းတာသိရှိုနိုင်ပါကြောင်း ဒါကြောင့် ဆရာဆရာမများသည် ကျောင်းသား
ကျောင်းသူများအား ပညာသင်ကြားရာတွင် ပြည့်စုံအောင် သင်ကြားပေးရန်
လိုအပ်ပါကြောင်းဖြင့် မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည်
ထားဝယ်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပသည့် ပါမောက္ခများ၊ ဆရာဆရာမများ၊
ဝန်ထမ်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က
နိုင်ငံတော် အစိုးရအနေဖြင့် ၂၀၁၁ ခုနှစ် ဧပြီလ (၁) ရက်မှစ၍
ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးခဲ့သည့် အခြေအနေ၊ ပြည်သူများ၏ ဆန္ဒနှင့်အညီ
ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင် မဏ္ဍိုင်ကြီး (၃) ရပ် အပြန်အလှန် ထိန်းညှိ
လုပ်ဆောင်မှု အခြေအနေ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပထမအကြိမ်
လွှတ်တော်ကျင်းပသည်နှင့် အသက်ဝင်သွားမှုနှင့် နိုင်ငံတော်အစိုးရ၏ နိုင်ငံရေး၊
စီးပွားရေး ပြုပြင်ပြောင်းလဲမှု အခြေအနေ၊ ပြည်သူများ၏ လူမှုစီးပွားဘဝ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများနှင့် လက်တွဲဆောင်ရွက်နေမှု အခြေအနေ၊
သန်း (၆၀) သော ပြည်သူတို့၏ တူညီသော ဆန္ဒနှစ်ခုဖြစ်သည့်
တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး လုံလုံခြုံခြုံဖြင့် နေထိုင်လိုခြင်းနှင့်
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လိုသည့် ဆန္ဒအပေါ်အခြေခံ၍ လက်နက်ကိုင် ပဋိပက္ခများ
ချုပ်ငြိမ်းပြီး နိုင်ငံရေးတည်ငြိမ်မှု ရရှိအောင် ဆောင်ရွက်နေမှု အခြေအနေ၊
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရေးအတွက် ဆောင်ရွက်ထားရှိမှု
အခြေအနေ၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်ရာတွင်
မျှော်လင့်မထားသော စိန်ခေါ်မှုများဖြစ်သည့် ရခိုင်ပြည်နယ်ကိစ္စ၊
စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့ အတွင်း
လှုပ်ခတ်ခဲ့သော သဘာဝဘေးအန္တရာယ် သပိတ်ကျင်း ငလျင်ကိစ္စ၊
လက်ပံတောင်းတောင်ကိစ္စများ ဖြစ်ပေါ်ခဲ့မှု အခြေအနေ ထိုစိန်ခေါ်မှုများအား
ပြည်သူများနှင့်အတူ ပူးပေါင်းလက်တွဲပြီး အောင်မြင်စွာ ရင်ဆိုင်
ဖြေရှင်းနိုင်ခဲ့မှု အခြေအနေ၊ နိုင်ငံတော်တွင် လက်ရှိ ရှိနေသော
ဆင်းရဲနွမ်းပါးမှု (၂၆) ရာခိုင်နှုန်းမှ ၂၀၁၅ ခုနှစ်တွင် ကုလသမဂ္ဂ၏
ထောင်စုနှစ် ရည်မှန်းချက်ဖြစ်သည့် (၁၆) ရာခိုင်နှုန်းအထိ လျော့ချရန်
အကောင်အထည်ဖော်နေမှု အခြေအနေ၊ မိမိတို့ နိုင်ငံသည် သဘာဝ သယံဇာတများ
ပေါကြွယ်ဝမှု၊ သင့်တင့်မျှတ ကောင်းမွန်သော ရာသီဥတုကို သဘာဝအလျောက်
ရရှိပိုင်ဆိုင်ထားမှု အခြေအနေ၊ အခြေခံအကျဆုံးဖြစ်သည့် အဖိုးတန်ပြီး
စွမ်းရည်ရှိသော သက်ရှိလူသား အရင်းအမြစ်များကို အသုံးချ၍ ပေါကြွယ်လှသည့်
သဘာဝသယံဇာတများကို ထိရောက်မှန်ကန်စွာ စနစ်တကျဖြင့် အသုံး ချနိုင်စေရန်
လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးရန် လိုအပ်မှု အခြေအနေနှင့်
ကောင်းမွန်ပြီး အရှိန် ရလာနေသည့် နိုင်ငံတကာနှင့် ဆက်ဆံရေး၏ လက်ရှိ တိုးတက်
ဖြစ်ပေါ်နေမှု အခြေအနေ၊ တွေ့မြင်နေရပြီဖြစ်သည့် နိုင်ငံတော်၏ ကောင်းမွန်သော
အနာဂတ် အလားအလာ အခြေအနေများအပြင် ပညာရည်မြင့်မားစေရန်အတွက် တက္ကသိုလ် ဆရာ
ဆရာမများ၊ ဝန်ထမ်းများ ကျောင်းသားကျောင်းသူများမှ လိုက်နာ လုပ်ဆောင်ရန်
ကိုယ်စီတာဝန်များအား အသေးစိတ် ဆွေးနွေးမှာကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည်
တက်ရောက်လာကြသည့် ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများအား ရင်းရင်းနှီးနှီး
နှုတ်ဆက်ပြီး ထားဝယ်တက္ကသိုလ် အတွက် လိုအပ်သည့် အုပ်ချုပ်မှုဆိုင်ရာ
ကိစ္စရပ်များအား သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရ
အဖွဲ့နှင့် တက္ကသိုလ် ပါမောက္ခချုပ်တို့နှင့် ညှိနှိုင်း ဆွေးနွေး
ဖြည့်ဆည်းပေးခဲ့သည်။
1 comments:
ကျွန်မတို့ ငယ်ငယ်တုန်းက "ဘ၀သံသရာ" ဆိုတဲ့ ရုပ်ရှင် အင်မတန် နာမည်ကြီးပါတယ်။ ကြည့်တော့ မကြည့်ဖူးပါဘူး။ ဒါပေမယ့် ရုပ်ရှင်ထဲက သီချင်းကို ခဏခဏ ကြားဖူးလို့ စာသားတွေခုထိ မှတ်မိနေပါတယ်။ "ဘဝသံသရာတဲ့ ရှည်လျားထွေပြား မနေမနား၊ တသွားတည်း သွားရတာ"။ အခုတစ်လော ဟိုသွားရ၊ ဒီသွားရနဲ့ ရပ်နားခြင်း မရှိသလို ဖြစ်နေတော့ကိုယ့်ကိုယ်ကို သံသရာ ခရီးသည်လိုလို၊ အခြေတကျ မရှိတဲ့ သိုးထိန်းအုပ်စုဝင် လိုလို ခံစားမိပါတယ်။ သွားပုံလာပုံကလည်း လွယ်လွယ်တည့်တည့် မဟုတ်ပါဘူး။ မုံရွာသွားဖို့ နေပြည်တော်ကနေ ရန်ကုန်ကို လေယာဉ်နဲ့ဆင်း၊ နောက်လေယာဉ်နဲ့ပဲ ရန်ကုန်ကနေ မန္တလေးတက်၊ မန္တလေးက မုံရွာကို ကားနဲ့သွား၊ မုံရွာကတခါ နေပြည်တော်ကားနဲ့ပြန်၊ နောက်တစ်ကျော့ ကြတော့ လေယာဉ်နဲ့ပဲ ရန်ကုန်ပြန်ဆင်း၊ အလုပ်တွေ ပြီးတော့ နေပြည်တော် ပြန်တက်၊ နေပြည်တော်က တောင်တွင်းကြီး၊ နတ်မောက်၊ မကွေးကားနဲ့သွား၊ မကွေးကနေ ညောင်ဦးကားနဲ့သွားပြီး ညောင်ဦးက ရန်ကုန်လေယာဉ်နဲ့ ပြန်ဆင်း။
ဘဝခရီးမှာ ပါလာတာကတော့ ကံနဲ့ လောကဓံပါ။ ဘဝရဲ့ ယခုအပိုင်းမှာတော့ ခရီးရှည်ဖြစ်ဖြစ်၊ တစ်မြို့တွင်း ခရီးတိုလေးပဲ ဖြစ်ဖြစ် ကျွန်မ အဖော်တွေက ဒေါက်တာတင်မာအောင်ရယ်၊ သူ့ရဲ့လက်ကိုင်ဖုန်းရယ်၊ စာရွက်စာတမ်းတွေရယ်၊ အချိန်ကိုအမြဲ လုလုပ်နေရတာကြောင့် ကားထဲကပဲ ဖုန်းနဲ့ လုပ်စရာတွေ တော်တော်များများ လုပ်ရပါတယ်။ ဒေါက်တာတင်မာအောင်က "No, No, No" တွင်တွင်ပြောနေပြီ ဆိုရင်တော့ ဟိုဘက်က ပြောတာ မကြားရပေမယ့် အသည်းအမည်း တွေ့ချင်ပါတယ် ပြောနေသူ တစ်ယောက်ယောက်ကို အသည်းအသန် ငြင်းနေရတယ် ဆိုတာ သိနေပါပြီ။
Details >>>
http://www.thithtoolwin.com/2012/12/blog-post_18.html#comment-form
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်