Subscribe to our RSS Feed

တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖော်ရေး စက်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး ဦးဆောင်ကော်မတီ ဖွဲ့စည်း

From : သမ္မတရုံး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၉၉ / ၂ဝ၁၂
၁၃၇၄ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက်
(၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄  ရက်)
တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖော်ရေး စက်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး ဦးဆောင်ကော်မတီ ဖွဲ့စည်းခြင်း
၁။ နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှု အခြေခံမူဘောင်များအရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖော်ရေး စက်မှုလုပ်ငန်းများ စီမံကွပ်ကဲမှု ပိုမို ကောင်းမွန်စေရန်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုဝန်းကျင် အားကောင်းစေရန် လည်းကောင်း၊ ပုဂ္ဂလိကရင်းနှီး မြှုပ်နှံ သူများနှင့် ပြည်သူလူထုအကြား ပွင့်လင်းမြင်သာမှုရှိ၍ အပြန်အလှန် ဆွေးနွေးရှင်းလင်းမှု ရှိလာစေရန်လည်းကောင်း၊ ပုဂ္ဂလိကကဏ္ဍ လူထုအခြေပြု အဖွဲ့အစည်းများနှင့်အတူ လက်တွဲ အကောင်အထည် ဖော်ဆောင်ရွက်ပြီး ပြည်သူလူထုအား အသိပေးရန်လည်းကောင်း၊ တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖော်ရေး စက်မှုလုပ်ငန်းများ ပွင့်လင်း မြင်သာမှု  ဖော်ဆောင်ခြင်း ကိစ္စရပ်ကို နိုင်ငံတော်ကိုယ်စား ဦးစီးဆောင်ရွက်နိုင်ရန်အတွက် ''တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖော်ရေး စက်မှုလုပ်ငန်းများ ပွင့်လင်း မြင်သာမှု ဖော်ဆောင်ရေး ဦးဆောင်ကော်မတီ (Extractive Industry Transparency Initiative Leading Authority) ကို အောက်ပါအတိုင်း ဖွဲ့စည်း လိုက်ပါသည်-

(က)
ဦးစိုးသိန်း
ပြည်ထောင်စုဝန်ကြီး
သမ္မတရုံးဝန်ကြီးဌာန(၃)
ဥက္ကဋ္ဌ
(ခ)
ဦးဝင်းထွန်း
ပြည်ထောင်စုဝန်ကြီး
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်
သစ်တောရေးရာဝန်ကြီးဌာန    
အဖွဲ့ဝင်

(ဂ)
ဦးသန်းဌေး
ပြည်ထောင်စုဝန်ကြီး
စွမ်းအင်ဝန်ကြီးဌာန
အဖွဲ့ဝင်

(ဃ)
ဒေါက်တာမြင့်အောင်
ပြည်ထောင်စုဝန်ကြီး
သတ္တုတွင်းဝန်ကြီးဌာန   
အဖွဲ့ဝင်

(င)
ဦးဝင်းရှိန်
ပြည်ထောင်စုဝန်ကြီး
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန        
အတွင်းရေးမှူး

၂။ တွင်းထွက်သယံဇာတ အရင်းအမြစ်တူးဖော်ရေး စက်မှုလုပ်ငန်းများပွင့်လင်း မြင်သာမှု ဖော်ဆောင်ရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က)
တွင်းထွက်သယံဇာတ အရင်းအမြစ်တူးဖော်ရေးနှင့် စက်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ခြင်းကိစ္စ အရပ်ရပ်ကို နိုင်ငံတော်နှင့် လက်တွဲ ဆောင်ရွက်သွားမည့် ပုဂ္ဂလိကကဏ္ဍနှင့် လူထုအခြေပြုအဖွဲ့ အစည်းများအကြား EITI ဆိုင်ရာ လုပ်ငန်းများကို တာဝန်ခံဆောင်ရွက်မည့်လုပ်ငန်း ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းရန်။
(ခ)
တွင်းထွက်သယံဇာတအရင်းအမြစ် တူးဖော်ရေး စက်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှု  ဖော်ဆောင်ခြင်း လုပ်ငန်း အကောင် အထည်ဖော်ရန် လုပ်ငန်းစဉ် မူကြမ်းတစ်ရပ် ပြင်ဆင်ရေးဆွဲရန်။
(ဂ)
နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ဖြစ်သော Extractive Industry Transparency Initiative တွင် မြန်မာနိုင်ငံအား အဖွဲ့ဝင်နိုင်ငံတစ်ခုအဖြစ် အပြီးသတ် လျှောက်ထား၍ အဖွဲ့ဝင်လောင်း (Candidate Member)  အဆင့်ထိ အောင်မြင်စွာ ပါဝင်နိုင်ရန် လိုအပ်သည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်။
(ဃ)
မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု အရင်းအမြစ်အဖွဲ့အစည်း (Myanmar Development Resource Institute) ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ (Centre for Economic and Social Development) အား ညှိနှိုင်းရေး တာဝန်ခံ (Coordinator) အဖြစ် တာဝန်ပေးအပ်ရန်။
(င)
တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖော်ရေး လုပ်ငန်းများကို နိုင်ငံ ဖွံ့ဖြိုးမှုနှင့် စီးပွားရေး တိုးတက်မှုများ အတွက် လက်တွေ့အကျိုးရှိပြီး နောင်လာနောက်သား ပြည်သူများအတွက် ရေရှည် တည်တံ့မည့် ဖွံ့ဖြိုး တိုးတက်ရေးကို ရှေးရှုသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်ရန်။

၃။ အထက်ပါလုပ်ငန်းတာဝန်များကို (၃၁-၁၂-၂ဝ၁၃) ရက်နေ့ နောက်ဆုံးထား၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဖြစ်ပါသည်။

(ပုံ) သိန်းစိန်                  
 နိုင်ငံတော်သမ္မတ             
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်