From :မြဝတီ
မွန်ပြည်နယ် မော်လမြိုင် မြို့၌ ရောက်ရှိ နေသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဒီဇင်ဘာ ၁၅ ရက် ည ၇ နာရီက မော်လမြိုင် မြို့ရှိ အဏ္ဏဝါ ရိပ်သာ ဧည့်ခန်းမ၌ မြို့မိ မြို့ဖများ၊ နိုင်ငံရေး ပါတီများမှ တာဝန်ရှိ သူများအား တွေ့ဆုံ အမှာစကား ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း၊ ပြည်ထောင်စု ဝန်ကြီး များ၊ မွန်ပြည်နယ် ဝန်ကြီးချုပ်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ မြို့မိ မြို့ဖများ၊ နိုင်ငံရေး ပါတီများ ဖြစ်ကြသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမို ကရေစီ ပါတီ၊ မွန်ဒီမို ကရေစီ ပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီနှင့် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် တို့မှ တာဝန်ရှိ သူများ တက်ရောက် ကြသည်။
ထိုသို့ တွေ့ဆုံရာ၌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အမှာစကား ပြောကြားရာတွင် မိမိတို့ နိုင်ငံ၌ တိုင်းရင်းသား လူမျိုး လက်နက်ကိုင် ပဋိပက္ခမှာ လွန်ခဲ့သော နှစ်ပေါင်း (၆ဝ)ကျော် ကတည်းက စတင် ပေါ်ပေါက် ခဲ့ကြောင်း၊ တိုင်းရင်းသား အချင်းချင်း တွေမှာ မတူညီ မှုနှင့် ကွဲပြားမှု တို့ရှိနိုင် ပါကြောင်း၊ လက်နက်ကိုင် ပဋိ ပက္ခကြောင့် မည်သည့်ဘက် ကပဲ ကျဆုံး၊ သေဆုံးသည် ဖြစ်စေ မြန်မာနိုင်ငံ သားများသာ ဆုံးရှုံးခြင်းဟု ပြောနိုင်ကြောင်း၊ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရန် လူ့စွမ်းအား အရင်းအမြစ် များစွာ လိုပါကြောင်း၊ တိုင်းပြည် အခြေ အနေကို ပြန်ကြည့်လျှင် ဆင်းရဲ နွမ်းပါးမှု ၂၆ ရာခိုင်နှုန်း ရှိကြောင်း၊ ယင်းကို ၂ဝ၁၅ ခုနှစ်မှာ ကမ္ဘာ့ ကုလ သမဂ္ဂ ထောင်စုနှစ် ရည်မှန်းချက် အရ ၁၆ ရာခိုင်နှုန်း အထိ လျော့ကျအောင် ဆောင်ရွက် သွားရမှာ ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတွင် အများစုမှာ ကျေးလက်နေ ပြည်သူများ ၇ဝရာခိုင်နှုန်း ရှိကြောင်း၊ ဆင်းရဲမှု အများစု မှာလည်း ကျေးလက်နေ ပြည်သူ များပင် ဖြစ်ကြောင်း၊ ကျေး လက်နေ ပြည်သူများ စားဝတ်နေရေး အဆင်ပြေအောင် လုပ်ပေးနိုင်လျှင် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ ကျေးလက်ဒေသ ဆင်းရဲ နွမ်းပါးမှု လျှော့ချ နိုင်အောင် လုပ်ငန်းစဉ် (၈)ရပ် ချမှတ် လုပ်ဆောင် နေကြောင်း၊ ထိုသို့လုပ် ဆောင်ရာ တွင်လည်း နေ့ချင်းညချင်း အကောင်အထည် ပေါ်လာရန်မှာ မလွယ်ကူကြောင်း၊ ပြည်ပရင်းနှီး မြှုပ်နှံမှု များကို ဖိတ်ခေါ်ပြီး စက်ရုံ၊ အလုပ်ရုံများ လာရောက် လုပ်ကိုင်ရန် လိုလား ပါကြောင်း၊ မိမိတို့ နိုင်ငံသားများ ပြည်ပ နိုင်ငံများတွင် သွားရောက် အလုပ်လုပ်သူ များစွာ ရှိနေကြောင်း၊ တိုင်းပြည် အတွက် လုပ်အား (၃)သန်းခန့် ဆုံးရှုံး နေပါကြောင်း၊ အခြား တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန် မိမိတို့က သွားရောက် လုပ်ကိုင်ပေးနေ ရသကဲ့သို့ ဖြစ်နေ ပါကြောင်း၊ ဒါဟာ လူသား အရင်းအမြစ် ဆုံးရှုံးမှုပင် ဖြစ်ပါကြောင်း၊ မိမိတို့တွင် နည်းပညာနှင့် လူသားအရင်း အမြစ် စွမ်းရည် နည်းပါးသဖြင့် ထွက်ကုန်များကို အများအားဖြင့် ကုန်ကြမ်း အဖြစ်နှင့်သာ ထုတ်လုပ် ရောင်းချနေရ ပါကြောင်း၊ ထွက်ကုန်များကို ကုန်ချောအဖြစ် ထုတ်လုပ်ပြီး Value Added လုပ်နိုင်ပါက ပိုမိုအကျိုး ရှိမှာဖြစ်ကြောင်း၊ ကုန်ကြမ်းများကို ကုန်ချော အဖြစ် ပြောင်းလဲ ထုတ်လုပ်နိုင်ရန် အသေးစား၊ အလတ်စား Drown Stream စက်ရုံများ လာရောက် ရင်းနှီး မြှုပ်နှံရန် ဖိတ်ခေါ်လျက် ရှိကြောင်း၊ မိမိတို့ နိုင်ငံတွင် သဘာဝ သတ္တု သယံဇာတ သတ္တုသိုက်များ များစွာ ရှိနေသဖြင့် အကြီးစား စက်မှု လုပ်ငန်းများကို ထူထောင် နိုင်ကြောင်း၊ လူဦးရေ များပြားသည့် နိုင်ငံကြီး နှစ်နိုင်ငံနှင့် အာဆီယံ နိုင်ငံများ ကြားတွင် တည်ရှိ သဖြင့် ဈေးကွက် အချက်အချာ ကျနေကြောင်း၊ IT လုပ်ငန်း၊ Telecom လုပ်ငန်းများတွင် မိမိတို့ နိုင်ငံ အနေဖြင့် များစွာ နောက်ကျ နေကြောင်း၊ မျိုးဆက်သစ် လူငယ်များကို လေ့ကျင့် ပေးနိုင်လျှင် IT နှင့် Telecom စက်ရုံ၊ အလုပ်ရုံများ ပေါ်ပေါက်လာမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ရှိရန် လိုအပ်လာ ပါကြောင်း၊ ယခုအခါ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေ (FDI Law) ကိုလည်း ရေးဆွဲ အတည်ပြုပြီး ဖြစ်ကြောင်း၊ နည်းဥပဒေ ကိုလည်း ရေးဆွဲ ပြီးစီးတော့ မှာ ဖြစ်ကြောင်း၊ စီးပွားရေး ပိတ်ဆို့မှုသည် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို အဟန့် အတား ဖြစ်စေကြောင်း၊ ပြည်ပ နိုင်ငံများနှင့် ကုန်သွယ်ရာတွင် ပို့ကုန်အပေါ်မှာ အကျိုး ခံစားခွင့် GSP စနစ် ရအောင် လုပ်ရန် လိုပါကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေး မူဝါဒနှင့် ပတ်သက် ၍လည်း အရှေ့အနောက် မခွဲခြားဘဲ အားလုံးနှင့် ချစ်ကြည် ရင်းနှီးစွာ ဆက်ဆံမည်ဟု ခံယူပြောင်း လဲ ဆောင်ရွက်လျက် ရှိကြောင်း၊ ပြောင်းလဲ လာသည့် နိုင်ငံတကာ ဆက်ဆံရေး မူဝါဒကြောင့် မြန်မာ့ သမိုင်းတွင် ယခင်က မရှိခဲ့ ဖူးသည့် အမေရိကန် ပြည်ထောင်စု သမ္မတ အိုဘားမား မြန်မာ နိုင်ငံသို့ လာရောက်ခဲ့ပြီး ပိတ်ဆို့မှု များ စွာ ဖြေလျှော့ပေး ခဲ့ကြောင်း၊ သို့ရာတွင် ဆီးနိတ် မှ ဥပဒေဖြင့် ပြဋ္ဌာန်းပိတ်ဆို့ ထားမှုကြောင့် အလွယ်တကူ လျှော့ပေါ့ပေးရန် အုပ်ချုပ်ရေး ဘက်ကလို မမြန် နိုင်ကြောင်း၊ EU ကလည်း ပိတ်ဆို့မှုများ လျှော့ပေါ့ပေးခြင်း တို့ရှိ လာကြောင်း၊ မိမိတို့ နိုင်ငံသည် နိုင်ငံရေး အရ အထိုက်အလျောက် တည်ငြိမ် အေးချမ်းပြီး လူမှု စီးပွားရေး မှာလည်း ဖွံ့ဖြိုး တိုးတက်မှု အနေအထား ဘက်သို့ ရှိလာကြောင်း၊ ခေတ်မီ ဖွံ့ဖြိုး တိုးတက်သည့် ဒီမို ကရေစီ နိုင်ငံတော် ဖြစ် ရန် အစိုးရ တစ်ဖွဲ့တည်းက လုပ်ဆောင်၍ မရကြောင်း၊ အားလုံးတက် ညီလက်ညီ လှော်ခတ်ပါမှ ပန်းတိုင် ရောက်မည်ဖြစ်ကြောင်း၊ မိမိတို့ အစိုးရ အနေဖြင့် နောက်ပြန် မလှည့်ရန် သန္နိဋ္ဌာန် ချမှတ် ထားကြောင်း၊ မွန်ပြည်နယ် ကြီး တိုးတက်ဖွံ့ဖြိုး လာရေးအတွက် မော်လမြိုင်မြို့မှ ရပ်မိရပ်ဖ များရဲ့ အကြံဥာဏ် ရယူ လိုပါကြောင်း၊ မော်လမြိုင် မြို့ကြီးကို စည်ကားသည့်မြို့ ဖြစ်စေချင်၍ စဉ်းစား ကြည့်ရာ ဘုရား သုံးဆူ- သံဖြူဇရပ်လမ်း ကောင်းအောင် လုပ်ပြီး နယ်စပ်ဂိတ်ဖွင့် ပါက မော်လမြိုင်မြို့ စည်ကား လာနိုင်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများ အနေဖြင့် ကြည့်ရှု ရသည်မှာ အားရစရာ ကောင်းပါကြောင်း၊ မြို့ပြဖွံ့ဖြိုး ရေးနှင့်လူမှု ဘဝ ဖွံ့ဖြိုးရေးမှာ လျှပ်စစ် ဓာတ်အားသည် အဓိက ကျပါကြောင်း၊ မော်လမြိုင်မြို့ လျှပ်စစ်ဓာတ်အား တိုးမြှင့် ရရှိစေရန် အတွက် လျှပ်စစ် ဓာတ်အား ၅ဝ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် ဓာတ်အားစက်ရုံ Gas Turbine နှစ်လုံး တည်ဆောက် ပေးရန် ရှိပါကြောင်း၊ လျှပ်စစ် ဓာတ်အားများ တိုးမြှင့် ထုတ်လုပ် ရရှိလာပါက ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းကိုလည်း တိုးမြှင့် ဆောင်ရွက် သွားနိုင်မှာ ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက် နိုင်ရန်အတွက် စွမ်းရည်ရှိသည့် လူသား အရင်း အမြစ်များ မွေးထုတ် ပေးကြရမှာ ဖြစ်ကြောင်း၊ စွမ်းရည်မြင့် လူသား အရင်းအမြစ်များ ပေါ်ထွက် လာရေးသည် ပညာရေး ကဏ္ဍမှ ဆောင်ကြဉ်း ပေးရမည် ဖြစ်၍ ယခုလို အပြောင်း အလဲ လုပ်ဆောင်စဉ် ပညာစနစ် ကိုပါ မြှင့်တင်ပေးခဲ့ ပါကြောင်း၊ မွန်ပြည်နယ် အနေဖြင့်လည်း မျိုးဆက် သစ်များရဲ့ ပညာရေး ကို မြှင့်တင်ပေးရန် လိုကြောင်း စသည်ဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာ ကိစ္စရပ် များကို အသေးစိတ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး မှာကြားသည်။
ယင်းနောက် တက်ရောက် လာကြသူ များမှလည်း လက်ရှိဖြစ်ပေါ် နေသည့် အခြေ အနေများ အား ပွင့်လင်းစွာ ပြန်လည်ဆွေးနွေး တင်ပြကြသည်။
ဆက်လက်၍ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသော ဦးစိုးသိန်းနှင့် ဦးတင်နိုင် သိန်းတို့က ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေး အတွက် ရင်းနှီး မြှုပ်နှံမှု ဈေးကွက် ရှာဖွေမှု၊ အိမ်ရာ စီမံကိန်း၊ အလုပ်အကိုင် ရရှိမှု၊ နိုင်ငံ တကာနှင့် ဆက်သွယ် ဆောင်ရွက်မှု တို့နှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြသည်။
ထို့နောက် တင်ပြချက် များအပေါ် နိုင်ငံတော် သမ္မတက ပြန်လည် သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ၂ဝ၁၅ ခုနှစ်၌ အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု ဒေသ (ASEAN Free Trade Area) ထူထောင် မည် ဖြစ်၍ မိမိတို့က မလုပ်နိုင်လျှင် အခြား နိုင်ငံများက ဝင်ရောက် လုပ်ကိုင် သွားမည် ဖြစ်ကြောင်း၊ တားဆီး၍ လည်းရနိုင်မည် မဟုတ် ကြောင်း၊ ဒါကြောင့် မိမိတို့က ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားကြရမှာ ဖြစ်ကြောင်း၊ ထို့ကြောင့် မွန်ပြည်နယ်မှ တာဝန် ရှိသူများ အနေဖြင့်လည်း ကုန်သည်/ စက်မှု အသင်းချုပ်နှင့် ညှိနှိုင်း၍ ပြည်ပဈေးကွက် ရှာဖွေခြင်း၊ လေ့လာခြင်းများ လုပ်ဆောင် သွားကြပြီး အရည် အသွေး မြင့်သည့် ထုတ်ကုန်များကို ကြိုးပမ်း ထုတ်လုပ် သွားကြရန် လိုအပ်ပါကြောင်း စသည်ဖြင့် မှာကြားသည်။
www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်