From : သမ္မတရုံး
www.MyanmarExpress.net
နေပြည်တော် ဒီဇင်ဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ရောက်ရှိနေသော
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်
ယနေ့နံနက် ၈ နာရီခွဲတွင် မြိတ်မြို့ ပုလဲရတနာခန်းမ၌ ကျင်းပသည့် ခရိုင်နှင့်
မြို့နယ်အဆင့် တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊
မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊
ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ
ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်၊
ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊
လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများမှ တာဝန်ရှိသူများ၊
ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ လူမှုရေး
အသင်းအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော
ဦးတင်နိုင်သိန်း၊ ဦးစိုးသိန်းနှင့် ဦးလှထွန်းတို့က နိုင်ငံတော်အစိုးရ၏
အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲ
ဆောင်ရွက်နေမှုများ၊ တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေ၊
နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သင့်သည့် အချက်များနှင့်
စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က
အမှာစကားပြောကြားရာတွင် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးအတွင်း
ဒေသဖွံ့ဖြိုးရေး အတွက် မိမိတို့အဖွဲ့သည် ဒီဇင်ဘာ ၁၅ ရက်က နေပြည်တော်မှ
ထွက်ခွာလာခဲ့ကြောင်း။
မိမိတို့အဖွဲ့တွင် သမ္မတရုံးဝန်ကြီးများနှင့်အတူ
ဆောက်လုပ်ရေး၊ ပို့ဆောင်ရေး၊ စက်မှု၊ လျှပ်စစ်၊ မွေး/ရေဝန်ကြီးများနှင့်အတူ
ပညာရေး၊ ကျန်းမာရေးဝနကြီးများလည်း လိုက်ပါခဲ့ကြကြောင်း။
ဒီဇင်ဘာ ၁၅ ရက်တွင် မွန်ပြည်နယ်
မော်လမြိုင်မြို့တွင် အခြေပြုပြီး စီးပွားရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊
ကျန်းမာရေးလုပ်ငန်းများအပြင် ဒေသဖွံ့ဖြိုးရေးအတွက် ထိုင်းနိုင်ငံနှင့်
နယ်စပ်ကုန် သွယ်ရေးစခန်း ဖွင့်လှစ်နိုင်ရေး အတွက် သံဖြူဇရပ်၊ ဘုရားသုံးဆူ
ကားလမ်းအား အဆင့်မြှင့်တင် ပြုပြင်ရေး၊ အခြေအနေပေးပါက ယခင် ဒုတိယ
ကမ္ဘာစစ်အတွင်းက ရှိခဲ့ဖူးသည့် မီးရထားလမ်းဟောင်းအား ပြန်လည်
ပြုပြင်ဖောက်လုပ်ရေးလုပ်ငန်းများ စီမံဆောင်ရွက်ပေးခဲ့သည့်အပြင်
မော်လမြိုင်နှင့် ဘီလူးကျွန်း တံတားထိုးနိုင်ရန် အတွက် လေ့လာမှုများ
လိုက်ပါပြုလုပ်ခဲ့ကြပါကြောင်း။
ဒီဇင်ဘာ ၁၆ ရက်တွင် မွန်ပြည်နယ်
မော်လမြိုင်မြို့မှတဆင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့သို့
ရောက်ရှိခဲ့ကြပြီး ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းအထိ ပညာရေး၊ ကျန်းမာရေး
လုပ်ငန်းများနှင့် ထိုင်းနိုင်ငံ နယ်စပ်ရှိ ထီးခီး ကုန်သွယ်ရေး နယ်စပ်စခန်း
ဖွင့်လှစ်ရေးအပြင် ဒီဇင်ဘာ ၁၇ ရက် နံနက်တွင် ထိုင်းနိုင်ငံ
ဝန်ကြီးချုပ်နှင့် ထားဝယ်မြို့တွင် တွေ့ဆုံ၍ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့်
အထူးစီးပွားရေးဇုန် အမြန်အကောင်အထည် ဖော်နိုင်ရေး၊ ထိုင်းနိုင်ငံရှိ
မြန်မာအလုပ်သမားများ ယာယီ မှတ်ပုံတင်ကိစ္စ ဒီဇင်ဘာ ၁၄ ရက် နောက်ပိုင်း
အချိန်တိုးပေးရေးကိစ္စများ ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း။
ဒီဇင်ဘာ ၁၇ ရက် နေ့လယ်တွင် ထားဝယ်မြို့မှ
ကော့သောင်းမြို့သို့ ဆက်လက်ထွက်ခွာ၍ ကော့သောင်းမြို့ ဖွံ့ဖြိုးတိုးတက်မှု
အခြေအနေများကို လှည့်လည် ကြည့်ရှုပြီး ခရိုင်အဆင့် တာဝန်ရှိ ဝန်ထမ်း
အကြီးအကဲများအား ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို
မှာကြား၍ ကော့သောင်းမြို့မှ ညနေပိုင်းတွင် မြိတ်မြို့သို့
ရောက်ရှိလာခဲ့ကြောင်း။
မြိတ်ခရိုင်သည် တနင်္သာရီတိုင်း ဒေသကြီး၏
အလယ်ဗဟိုတွင်တည်ရှိပြီး အထက်အောက် ရေလမ်း၊ ကုန်းလမ်းတို့မှ
ကူးသန်းသွားလာနိုင်သည့်အပြင် လေကြောင်းလိုင်းလည်း ပုံမှန်ရှိနေ၍ လမ်းပန်း
ဆက်သွယ်မှု ကောင်းမွန်ကြောင်း၊ ပင်လယ်ပြင်မှ သားငါးမျိုးစုံ
ရှာဖွေထုတ်လုပ်နိုင်သည့်အပြင် ဆီအုန်း စိုက်ခင်းကြီးများလည်း ရှိကြောင်း၊
လျှပ်စစ်မီး လိုအပ်ချက်ကိုလည်း မိမိတို့ နည်းလမ်းရှာဖွေ၍ ဆောင်ရွက်
ပေးနိုင်ပါကြောင်း။
မြိတ်ခရိုင်မှ ရေထွက်ကုန်ပစ္စည်းများကို
ကော့သောင်းမှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းသို့ တင်ပို့ရောင်းချ နေရ၍
ရေလမ်းခရီးမှာ အလှမ်းဝေးပါကြောင်း၊ သို့ဖြစ်၍ ထိုင်းနိုင်ငံနှင့် အနီးဆုံး
ကုန်သွယ်နိုင်ရန် မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းကို ဖွင့်လှစ်သွားရန်
အစီအစဉ်ရှိပါကြောင်း၊ လျှပ်စစ်မီးအလုံ အလောက်ရရှိလာပါက ဒေသထွက်ကုန်များကို
တန်ဖိုးမြှင့် ထုတ်ကုန် အဖြစ် အလုပ်ရုံ၊ စက်ရုံများ ထူထောင်
ကြရန်တိုက်တွန်း ပြောကြားလိုကြောင်း။
နိုင်ငံ၏စီးပွားရေးသည် အကောင်းဘက်သို့
ဦးတည်နေကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန်
အခြေအနေကောင်းတစ်ရပ်သို့ ရောက်ရှိနေကြောင်း၊ ပြည်ပရင်းနှီး
မြှုပ်နှံမှုများနှင့်အတူ ရေနက် ဆိပ်ကမ်းများ၊ အထူးစီးပွားရေးဇုန်များ၊
အလုပ်ရုံ၊ စက်ရုံများ ဖြစ်ပေါ်လာပါက ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ
ပိုမိုရရှိလာပြီး ဆင်းရဲနွမ်းပါးမှုနှုန်းလည်း ကျဆင်းသွားမည်ဖြစ်ကြောင်း၊
အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာသည်နှင့်အမျှ ပြည်ပတွင်
အလုပ်သွားလုပ်နေကြသည့် ဤဒေသမှ အလုပ်သမားများလည်း ကိုယ့်ရပ်ကိုယ့်ရွာ၊
ကိုယ့်ဒေသသို့ ပြန်လည်ရောက်ရှိလာကြမည်ဖြစ်ကြောင်း။
ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်တိုင်
တာဝန်ယူကြရမည်ဖြစ်ကြောင်း၊ အစိုးရကိုချည်း အားကိုးမနေဘဲ
ကိုယ့်အားကိုယ်ကိုးပြီး အလုပ်လုပ်ကြရမည်ဖြစ်ကြောင်း၊ အစိုးရသည်
မူဝါဒများနှင့် လုပ်ငန်းစဉ်များကိုသာ ချမှတ်ပေးနိုင်ပြီး ထိုမူဝါဒနှင့်
လုပ်ငန်းစဉ်များကို ပြည်သူများကိုယ်တိုင် အကောင်အထည်ဖော်
ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စီးပွားရေးအရ လုပ်ပိုင်ခွင့်များ
ပိုမိုရရှိနေပြီး အဟန့်အတားများ၊ ကန့်သတ်မှုများကိုလည်း
ဖြေလျှော့ပေးထားပြီးဖြစ်၍ အပြိုင်အဆိုင် ကြိုးစားကြရန် လိုကြောင်း။
တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးသည်
နိုင်ငံသားများ၏ အဆင့်အတန်းကို တိုးတက်မြင့်မားစေမည် ဖြစ်သည့်အတွက်
အလွန်အရေးကြီးကြောင်း၊ တိုင်းပြည် စီးပွားရေး တိုးတက်သည်နှင့်အမျှ
နိုင်ငံရေးကို လည်း အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးသည်
သန်း၆ဝသော ပြည်သူများ၏ တူညီသည့် ဆန္ဒလည်း ဖြစ်သည့်အတွက် စီးပွားရေး
အခြေခံကောင်းများရှိသည့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်သည်
စီးပွားရေးတိုးတက်အောင် ဆတက် ထမ်းပိုး တိုးပြီးကြိုးစား စေချင်ပါကြောင်း။
မိမိတို့နိုင်ငံသည် ပြောင်းလဲကျင့်သုံးလာသည့်
ဒီမိုကရေစီစနစ်အရ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု
များလုပ်နေရသည့်အချိန် ဖြစ်ပါကြောင်း၊ ထိုပြုပြင်ပြောင်းလဲမှုများ
အောင်မြင်စေရန် ပြည်သူကိုဗဟို ပြုပြီး ပြောင်းလဲနေရခြင်း ဖြစ်သည့်အတွက်
ပြည်သူများ၏ အားပေးထောက်ခံမှု၊ ဝိုင်းဝန်း၍ ပါဝင် ဆောင်ရွက်မှုများ ရှိမှသာ
မိမိတို့မျှော်မှန်းသည့် အေးချမ်းသာယာပြီး လူမှုစီးပွားဘဝ
ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ ပန်းတိုင်ကို ရောက်ရှိမည်ဖြစ်ကြောင်း
စသည်ဖြင့် အသေးစိတ်မှာကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်သည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်