Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မော်လမြိုင်မြို့၌ မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများအား တွေ့ဆုံအမှာစကားပြောကြား

From : သမ္မတရုံး


မွန်ပြည်နယ် မော်လမြိုင်မြို့၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဒီဇင်ဘာ (၁၅) ရက် ည(၇) နာရီတွင် မော်လမြိုင်မြို့ရှိအဏ္ဏဝါရိပ်သာဧည့်ခန်းမ၌ မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများအား တွေ့ဆုံ အမှာစကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယသမ္မတဦးဥာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီများဖြစ်ကြသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတဦးသိန်းစိန်က အမှာစကားပြောကြားရာတွင် မိမိနိုင်ငံ၌ တိုင်းရင်းသားလူမျိုး လက်နက်ကိုင်ပဋိပက္ခမှာ နှစ်ပေါင်း (၆၀) ကျော်ကတည်းက စတင်ပေါ်ပေါက်ခဲ့ကြောင်း၊ တိုင်းရင်းသားအချင်းချင်းအတွင်းမှာ မတူညီမှုနှင့် ကွဲပြားမှုတို့ရှိနိုင်ပါကြောင်း၊ လက်နက်ကိုင်ပဋိပက္ခကြောင့် မည်သည့်ဘက်ကဘဲကျဆုံးသေဆုံးသည်ဖြစ်စေ မြန်မာနိုင်ငံသားများသာ သေဆုံးခြင်းဟုပြောနိုင်ကြောင်း၊  တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် လူ့စွမ်းအားအရင်းအမြစ်များစွာ လိုပါကြောင်း၊ တိုင်းပြည်အခြေအနေကို ပြန်ကြည့်လျှင် ဆင်းရဲနွမ်းပါးမှု (၂၆) ရာခိုင်နှုန်းရှိကြောင်း၊ ယင်းကို ၂၀၀၅ ခုနှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂထောင်စုနှစ်ရည်မှန်းချက်အရ (၁၆) ရာခိုင်နှုန်းအထိ လျှော့ကျအောင်ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် အများစုမှာ ကျေးလက်နေပြည်သူများ (၇၀) ရာခိုင်နှုန်းရှိကြောင်း၊ ဆင်းရဲမှုအများစုမှာလည်း ကျေးလက်နေပြည်သူများပင်ဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ စားဝတ်နေရေး အဆင်ပြေအောင် လုပ်ပေးနိုင်လျှင် ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်မည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်အောင် လုပ်ငန်းစဉ် (၈) ရပ်ချမှတ်လုပ်ဆောင်နေကြောင်း၊ ထိုသို့ လုပ်ဆောင်ရာတွင်လည်း နေ့ချင်းညချင်းအကောင်အထည်ပေါ်လာရန်မှာ မလွယ်ကူကြောင်း။
ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီး စက်ရုံ၊ အလုပ်ရုံ၊ များလာရောက်လုပ်ကိုင်ရန်လိုလားပါကြောင်း၊ မိမိတို့ နိုင်ငံသားများ ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်သူများစွာ ရှိနေကြောင်း၊ တိုင်းပြည်အတွက် လုပ်အား (၃) သန်းခန့် ဆုံးရှုံးနေပါကြောင်း၊ အခြားတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် မိမိတို့က သွားရောက်လုပ်ကိုင်ပေးနေရသကဲ့သို့ ဖြစ်နေပါကြောင်း၊ ဒါဟာ လူသားအရင်းအမြစ်ဆုံးရှုံးမှုပင်ဖြစ်ကြောင်း၊ မိမိတို့တွင် နည်းပညာနှင့် လူသားအရင်းအမြစ်စွမ်းရည် နည်းပါးသဖြင့် ထွက်ကုန်များကိုအများအားဖြင့် ကုန်ကြမ်းအဖြစ်နှင့်သာ ထုတ်လုပ်ရောင်းချနေရပါကြောင်း၊ ထွက်ကုန်များကို ကုန်ချောအဖြစ် ထုတ်လုပ်ပြီး Value Added လုပ်နိုင်ပါက ပိုမိုအကျိုးရှိမှာဖြစ်ကြောင်း။
ကုန်ကြမ်းများကို ကုန်ချောအဖြစ်ပြောင်းလဲထုတ်လုပ်နိုင်ရန် အသေးစား၊ အလတ်စား၊ Drown Stream စက်ရုံများလာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် သဘာဝသတ္တုသယံဇာတသတ္တုသိုက်များ များစွာရှိနေသဖြင့် အကြီးစားစက်မှုလုပ်ငန်းများကို ထူတောင်နိုင်ကြောင်း၊ လူဦးရေများပြားသည့် နိုင်ငံကြီးနှစ်နှိုင်ငံနှင့် အာဆီယံနိုင်ငံများကြားတွင် တည်ရှိသဖြင့် ဈေးကွက်အချက်အချာကျနေကြောင်း၊ IT လုပ်ငန်း၊ Telecom လုပ်ငန်းများတွင် မိမိတို့နိုင်ငံအနေဖြင့် များစွာနောက်ကျနေကြောင်း၊ မျိုးဆက်သစ်လူငယ်များကို လေ့ကျင့်ပေးနိုင်လျင် IT နှင့် Telecom စက်ရုံ အလုပ်ရုံ များပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရှိရန်လိုအပ်လာပါကြောင်း၊ ယခုအခါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ (FDI Law) ကိုလည်းရေးဆွဲအတည်ပြုပြီးဖြစ်ကြောင်း၊ နည်းဥပဒေကိုလည်း ရေးဆွဲပြီးစီးတော့မှာ ဖြစ်ကြောင်း။

စီးပွားရေးပိတ်ဆို့မှုသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေကြောင်း၊ ပြည်ပနိုင်ငံများနှင့် ကုန်သွယ်ရာတွင် ပို့ကုန်အပေါ်မှာ အကျိုးခံစားခွင့် GSP စနစ်ရအောင် လုပ်ရန်လိုပါကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေးမူဝါဒနှင့် ပတ်သတ်၍လည်း အရှေ့အနောက် မခွဲခြားပဲ အားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမည်ဟု ခံယူပြောင်းလဲဆောင်ရွက်လျက်ရှိကြောင်း၊ ပြောင်းလဲလာသည့် နိုင်ငံတကာ ဆက်ဆံရေးမူဝါဒကြောင့် မြန်မာ့သမိုင်းတွင် ယခင်က မရှိခဲ့ဖူးသည့် အမေရိကန်ပြည်ထောင်စုသမ္မတ အိုဘားမား မြန်မာနိုင်ငံကိုလာရောက်ခဲ့ပြီး ပိတ်ဆို့မှုများစွာ ဖြေလျော့ပေးခဲ့ကြောင်း၊ သို့ရာတွင် ဆီးနိတ်မှ ဥပဒေဖြင့် ပြဌာန်းပိတ်ဆို့ထားမှုကြောင့် အလွယ်တကူလျှော့ပေါ့ပေးရန် အုပ်ချုပ်ရေးဘက်ကလိုမမြန်နိုင်ကြောင်း၊ EU ကလည်းပိတ်ဆို့ မှုများလျှော့ချပေးခြင်းရှိလာကြောင်း၊ မိမိတို့နိုင်ငံသည် နိုင်ငံရေးအရအထိုက်အလျောက် တည်ငြိမ် အေးချမ်းပြီးလူမှုစီးပွားရေးမှာလည်း ဖွံ့ဖြိုးတိုးတက်မှုအနေအထားဘက်သို့ ရှိလာကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်  ဒီမိုကရေစီနိုင်ငံတော်ဖြစ်ရန် အစိုးရတစ်ဖွဲ့တည်းကလုပ်ဆောင်၍ မရကြောင်း၊ အားလုံးတက်ညီလက်ညီလှော်ခတ်ပါမှ ပန်းတိုင်ရောက်မည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် နောက်ပြန် မလှည့်ရန် သဓိဌာန်ချမှတ်ထားကြောင်း၊
                  
မွန်ပြည်နယ်ကြီးတိုးတက်ဖွံ့ဖြိုးလာရေးအတွက် မော်လမြိုင်မြို့မှ ရပ်မိရပ်ဖများရဲ့ အကြံဥာဏ်များ ရယူလိုပါကြောင်း၊ မော်လမြိုင်မြို့ကြီးကိုစည်ကားသည့်မြို့ဖြစ်စေချင်၍ စဉ်းစားကြည့်ရာ ဘုရားသုံးဆူ- သံဖြူဇရပ်လမ်းကောင်းအောင်လုပ်ပြီး နယ်စပ်ဂိတ်ဖွင့်ပါက မော်လမြိုင်မြို့ စည်ကားလာနိုင်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအနေဖြင့် ကြည့်ရှုရသည်မှာအားရစရာကောင်းပါကြောင်း၊ မြို့ပြဖွံ့ဖြိုးရေးနှင့် လူမှုဘဝဖွံ့ဖြိုးရေးမှာ လျှပ်စစ်ဓါတ်အားသည် အဓိကကျပါကြောင်း၊ မော်လမြိုင်မြို့လျှပ်စစ် ဓါတ်အားတိုးမြှင့်ရရှိစေရန်အတွက် လျှပ်စစ်ဓါတ်အား (၅၀) မဂ္ဂါဝပ်ထုတ်လုပ်နိုင် သည့်ဓါတ်အားစက်ရုံ၊ Gas Turbine  (၂) လုံးတည်ဆောက်ပေးရန်ရှိပါကြောင်း၊

လျှပ်စစ်ဓါတ်အားများ တိုးမြှင့်လုပ်ရရှိလာပါက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိုလည်း တိုးမြှင့်ဆောင်ရွက်သွားနိုင်မှာ ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် စွမ်းရည်ရှိသည့် လူသားအရင်းအမြစ်များမွေးထုတ်ပေး ကြရမှာဖြစ်ကြောင်း၊ စွမ်းရည်မြင့်လူသားအရင်းအမြစ်များ ပေါ်ထွက်လာရေးသည် ပညာရေးကဏ္ဍမှ ဆောင်ကျဉ်းပေးရမည်ဖြစ်၍ ယခုလိုအပြောင်းအလဲလုပ်ဆောင်စဉ် ပညာစနစ်ကိုပါ မြှုင့်တင်ပေးခဲ့ပါကြောင်း၊ မွန်ပြည်နယ်အနေဖြင့်လည်း မျိုးဆက်သစ်များရဲ့ ပညာရေးကိုမြှင့်တင်ပေးရန် လိုကြောင်းစသည့်ဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များကို အသေးစိတ်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးမှာကြားသည်။

ယင်းနောက် တက်ရောက်လာကြသူများမှလည်းလက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအား ပွင့်လင်းစွာ ပြန်လည်ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသောဦးစိုးသိန်းနှင့် ဦးတင်နိုင်သိန်းတို့က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု၊ ဈေးကွက်ရှာဖွေမှု၊ အိမ်ရာစီမံကိန်း၊ အလုပ်အကိုင်ရရှိမှု၊ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်မှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက ပြန်လည်သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ၂၀၁၅ ခုနှစ်၌ အာဆီယံလွတ်လပ်သောကုန်သွယ်မှုဒေသ (ASEAN Free Trade Area) ထူထောင်မည်ဖြစ်၍ မိမိတို့ကမလုပ်နိုင်လျှင် အခြားနိုင်ငံများက ဝင်ရောက်လုပ်ကိုင်သွားမည် ဖြစ်ကြောင်း၊ တားဆီး၍လည်းရနိုင်မည်မဟုတ်ကြောင်း၊ ဒါကြောင့်မိမိတို့က ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရမှာ ဖြစ်ကြောင်း၊ ထို့ကြောင့် မွန်ပြည်နယ်မှ တာဝန်ရှိသူများ အနေဖြင့်လည်း ကုန်သည်/စက်မှုအသင်းချုပ်နှင့် ညှိနှိုင်း၍ ပြည်ပဈေးကွက်ရှာဖွေခြင်း၊ လေ့လာခြင်းများ လုပ်ဆောင်သွားကြပြီး အရည်အသွေးမြင့်သည့် ထုတ်ကုန်များကို ကြိုးပမ်းထုတ်လုပ်သွားကြရန် လိုအပ်ပါကြောင်းစသည်ဖြင့် မှာကြားသည်။

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်