Subscribe to our RSS Feed

မြန်မာနိုင်ငံအပြောင်းအလဲ တရုတ်နဂါးနှင့် KIA

From : ဖေသန်းကျော်


မြန်မာနိုင်ငံအနေဖြင့် သမ္မတဦးသိန်းစိန် တတ်လာသည့်နောက်ပိုင်းတွင် အံ့အားသင့်ဖွယ်ရာ အပြောင်းအလဲများ ကြောင့် တစ်ကမ္ဘာ့လုံးမှအသိအမှတ်ပြုချီးကျူးခဲ့ကြသည်။ ယခင်ကလှည့်ပင်မကြည့်ဘူးခဲ့သော အနောက်နိုင်ငံများက ခေါင်းဆောင်းများတစ်ဖွဲဖွဲလာရောက်၍ သမ္မတဦးသိန်းစိန်ကို လာရောက်အားပေးခဲ့ကြသည်။ မြန်မာနိုင်ငံအား ယခင် အစိုးရလက်ထက်ကရန်သူသဖွယ်ဆက်ဆံခဲ့သည့် အမေရိကန်နိုင်ငံ၏ သမ္မတကိုယ်တိုင်ပင် သမိုင်းဝင်ခရီးအဖြစ် မြန်မာနိုင်ငံကိုလာရောက်ခဲ့သည်။ ဤကဲ့သို့ သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးပေါင်းဆောင်ရွက် နေတာကို အနောက်ဒီမိုကရေစီနိုင်ငံများအတွက် ချီးမွမ်းထောက်ခံစရာ၊ လက်ခုပ်သြဘာပေးစရာဖြစ်လာသော်လည်း မြန်မာနိုင်ငံ၏ အရှေ့ဘက်အိမ်နီးချင်းအင်အားကြီးနိုင်ငံကြီးဖြစ်သော တရုတ်အတွက်မူ မျက်စေ့နောက်စရာဖြစ်လာ ခဲ့သည်။

တရုတ်တို့အနေဖြင့်ယခင်ကတည်းက မြန်မာနိုင်ငံကို မိမိအိမ်ကြက်၊ ကြိုက်တဲ့အချိန်ချက်စားလို့ရသည်ဟုသဘော ထားပုံရသည်။ ယခင်အစိုးရလက်ထက်က နိုင်ငံတကာပိတ်ဆို့မှုများကြောင့် တရုတ်တို့က မိမိကိုယ်ကို မြန်မာနိုင်ငံ၏ကယ်တင်ရှင်သဖွယ် ဟန်လုပ်ခဲ့ကြသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ တရုတ်တို့၏ အကျိုးလို၍ညောင်ရေလောင်းသည့် စိတ်ကိုမြန်မာနိုင်ငံသားများသဘောပေါက်လာကြသည်။ တရုတ်တို့က ၎င်းတို့ဆန္ဒကိုမဖီဆန်နိုင်ဟု ယူဆထားသော မြန်မာနိုင်ငံက အစိုးရသစ်တက်တက်ခြင်းပင် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြတ်ပြတ်သားသားရပ်တန့်ခဲ့သည့် အတွက် တရုတ်ကိုအတော်အံ့အားသင့်စရာဖြစ်လာခဲ့သည်။

တရုတ်တို့၏နောက်လက်နက်များမှာ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့များပင်ဖြစ်သည်။ နယ်စပ် ဒေသရှိ ၀၊ ကိုးကန့်၊ မိုင်းလားအဖွဲ့နှင့် KIA တို့သည် တရုတ်လက်ကိုင်တုတ်များဖြစ်လာသည်။ သည်ကြားထဲကိုးကန့် အဖွဲ့မှ အကွဲအပြဲဖြစ်ကာပြိုကွဲသွားသဖြင့် တရုတ်၏လက်ကိုင်တုတ်တစ်ခုလျော့သွားသည်။ တရုတ်တို့အနေဖြင့် ၀ အဖွဲ့၊ KIA နှင့် မိုင်းလားအဖွဲ့တို့ကိုတိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်၍တစ်ဖုံအကူအညီများပေးလာသည်။ တရုတ်တို့ အနေဖြင့် ၀နှင့် မိုင်းလားအဖွဲ့တို့ကို လက်ကိုင်တုတ်ကြီးသဖွယ်သဘောထားလိုသော်လည်း ၎င်းအဖွဲ့(၂)ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်မှုကမ္ဘာကျော်နေခြင်း၊ အမေရိကန်နိုင်ငံမှမူးယစ်ရာဇာများအဖြစ်သတ်မှတ်ထားခြင်းတို့ ကြောင့် တရုတ်တို့အနေဖြင့် သိသိသာသာမကူညီနိုင်သေးပေ။ သို့သော် ယခုအချိန်အထိ ၀ နှင့် မိုင်းလားတို့က တရုတ် လက်ကိုင်ဒုတ်သဖွယ်ထားထားဆဲပင်။

ယခု KIA ကိစ္စတွင်မူ တရုတ်တို့၏ မင်းသားယောင်ဆောင်ထားသောမျက်နှာဖုံးကွာကျလာသည်။ မြစ်ဆုံကလည်း ရပ်သွားပြီ၊ 
လက်ပန်းတောင်းကလည်းလှုပ်တုပ်တုပ် နောက်ဆုံးတရုတ်၏အသက်သွေးကြောပိုက်လိုင်းကြီးသာကျန် တော့သည်။ ပိုက်လိုင်းကလည်း KIA အဖွဲ့ထိန်းချုပ်ရာ နေရာများကို ဖြတ်သန်းနေသည်။ မြန်မာနှင့် အမေရိကန် ဆက်ဆံရေးစတင်သည်နှင့် တရုတ်တို့ KIA ကို မသိမသာ ကူညီလာသည်။ မြန်မာ-အမေရိကန်ဆက်ဆံရေး ပြေလည်လာလျင် KIA ကို ပေါ်တင်ကူညီတော့မည်။ KIA နယ်မြေတွင် မြန်မာတို့ကို နှောင့်ယှက်ရန် အခြေခံနယ်မြေ တည်ဆောက်တော့မည်။ KIA နယ်မြေများမှတစ်ဆင့် မြန်မာနိုင်ငံလုံခြုံရေးကို ခြိမ်းခြောက်လာတော့မည်။ ဤ ရည်ရွယ်ချက်များကိုအခြေခံ၍ ယခုအချိန်တွင်တရုတ်တို့ အနေဖြင့် KIA တို့အားလက်သိပ်ထိုးထောက်ပံ့ပေးနေခြင်း ဖြစ်သည်။ နယ်စပ်မျဉ်းတစ်လျှောက် လက်နက်ကိုင်တို့၏ အသက်သည် တစ်ဖက်နိုင်ငံဖြစ်သည်။ တရုတ်မှ လက်သင့် မခံလျှင် KIA အနေဖြင့် ဘယ်လိုမှရပ်တည်လို့မရ။ ယခုအချိန်တွင်လည်း တရုတ်၏အကျိုးစီးပွားသည် KIA နယ်မြေထဲတွင် အများအပြားရှိသည်။ မြစ်ဆုံရေအားလျှပ်စစ်အပါအ၀င် ကချင်ပြည်နယ်အတွင်းရှိ တရုတ်ပိုင် ရေအား လျှပ်စစ်လုပ်ငန်းများသည် KIA အား တရုတ်ကုမ္ပဏီများမှ KIA အား အခွန်အခပေး၍လုပ်ဆောင် ရခြင်းဖြစ်သည်။ တာပိန်ရေအားလျှပ်စစ်တစ်ခုတည်းပင် တစ်နှစ်လျှင် ယွမ် ၁၂၅ သန်း KIA သို့ ပေးဆောင်ရသည်။ KIA နယ်မြေ အတွင်းတရုတ်လူမျိုးများ၏ ဌက်ပျောခင်းများနှင့် ရာဘာခင်းများ ဧကသိန်းချီ၍ရှိသည်။ KIA နယ်မြေအတွင်း ကျွန်းသစ်များလုံးဝ မရှိတော့တရုတ်ပြည်ရောက်ကုန်ပြီ။ လိုင်ဇာနှင့် မိုင်ဂျယန်မြို့များတွင် KIA ခေါင်းဆောင်များနှင့် တရုတ် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းရင်းနှီးမြှုပ်နှံထားသည့် ဟိုတယ်၊ကာဆီနိုလောင်းကစားရုံများအများအပြားရှိသည်။

မိမိအဓိကဆိုလိုခြင်းမှာ KIA အဖွဲ့ငြိမ်းချမ်းရေးမယူဘဲယခုလိုရပ်တည်နေနိုင်ခြင်းသည် တရုတ်၏ အားပေးမြှောက်ပင့်ထောက်ပံ့ပေးမှုကြောင့်ပင်ဖြစ်သည်။ ယခု KIA တပ်တွင်အသုံးပြုနေသော လက်နက်ငယ်၊ လက်နက်ကြီး၊ ဆက်သွယ်ရေးစက်၊ စစ်အသုံးအဆောင်ပစ္စည်းအားလုံးသည် (Made in China) တရုတ်နိုင်ငံမှပင် ဖြစ်သည်။ KIA ၏အဓိကစခန်းကြီး တစ်ခုဖြစ်သည့် လိုင်စင်ပို့စ်စခန်းတွင်လည်း တရုတ်နိုင်ငံမှပညာရှင်များနှင့် မိုင်း စက်ရုံများနှင့် လက်နက်စက်ရုံများ တည်ဆောင်ပေးထားသည်။ ၎င်းစက်ရုံမှထွက်သော မိုင်းများနှင့် တံတားများကို မိုင်းခွဲနေသည်။ ယခုနောက်ဆုံး တရုတ်နိုင်ငံနယ်စပ်မိုင်တိုင်(၆)အနီးတွင် စခန်းချထားသော မြန်မာအစိုးရတပ်စခန်း အား KIA အဖွဲ့မှ တိုက်ခိုက်ရာတွင် တရုတ်နယ်မြေမှတစ်ဆင့်လက်နက်ခဲယမ်းရိက္ခာများပေးပို့ခဲ့ကြောင်း ဒေသခံ များမှဆိုသည်။
KIA တို့အနေဖြင့် တိုင်းရင်းသားအရေးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးစသဖြင့် ဟစ်အော်နေသော်လည်း KIAခေါင်းဆောင် များအနေဖြင့် တရုတ်တို့၏ သြဇာကိုဘယ်လိုမှမလွန်ဆန်နိုင်ပေ။ အပွင့်လင်းဆုံးပြောရလျှင် တရုတ်ထောက်ခံလျှင် KIA အသက်ဆက်နိုင်မည်၊ မထောက်ခံလျှင်အသက်မဆက်နိုင်။ KIA ခေါင်းဆောင်များ၏ တရုတ်သြဇာခံလုပ် ဆောင်နေမှုများသည် ကချင်ပြည်နယ်အတွင်းရှိ ကချင်တိုင်းရင်းသားများအားဆင်းရဲဒုက္ခတွင်းသို့ပိုပြီး ပို့သကဲ့သို့ ဖြစ်နေပါသည်။ မြန်မာအစိုးရအနေဖြင့်လည်း တရုတ်၏လက်သီးပုန်းကို ရိပ်မိပုံရသဖြင့် KIA ကိစ္စတွင် အထူးသတိထားကိုင်တွယ်နေသည်ဟု ယူဆနိုင်ဖွယ်ရှိပါသည်။ ထို့ကြောင့် KIA အဖွဲ့အနေဖြင့် တရုတ်သြဇာခံအဖြစ်မှ ရုန်းထွက်ကာ အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနည်းတူ ပထမအဆင့်အပစ်အခတ်ရပ်စဲပြီး တိုင်းရင်းသားပေါင်းစုံပါဝင်မည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ခွင့်ရအောင် ဆောင်ရွက်သင့်ပါသည်။

နိဂုံးအားဖြင့်ဆိုရလျှင် KIA အဖွဲ့၏လှုပ်ရှားမှုများသည် မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးအခြေအနေများအပေါ် စိုးရိမ်လွန်နေသည့် တရုတ်တို့၏လက်နက်ပုန်းတစ်ခုပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံ အမေရိကန်နှင့် အဆင်ပြေသွားပါက ယင်း ၏အသက်သွေးကြောပိုက်လိုင်းကြီးအတွက် ထားခဲ့မည့်ဝှက်ဖဲတစ်ခုပင်ဖြစ်ပါသည်။


 www.MyanmarExpress.net
 

12 comments:

အမှန်ပါပဲ။ KIA အနေနဲ့ အမှန်ကို အမှန်အတိုင်း မြန်မြန်သဘောပေါက် စေချင်တယ်။

ထောက်ခံပါတယ် kiaရေ မြန်မာတွေ တရုတ်အားကိုးလို့ ဖာဖြစ်ပြီ သွားပြီ အမြင်မှန်ရပါတော့

တရုတ်တစ်နိုင်ငံတည်းမူဝါဒကိုအစဉ်ထောက်ခံပေးခဲ့သည့်မြန်မာကိုဒီလိုဆော်ကာတော့ မိုက်ရိုင်းလွန်းတယ်။ထိုင်ဝမ်နဲ့တရားဝင်သံတမန်ဆက်ဆံပြုလုပ်ပြီးတုန့်ပြန်သင့်တယ်။တိဘက်အရေးကိုမြန်မာတွေအားပေးပြီးတုန့်ပြန်သင့်တယ်။တောင်တရုတ်ပင်လယ်ရေပိုင်နက်အငြင်းပွားနေတာကိုအာဆီယံအချင်းချင်းပေါင်းစည်းပြပြီတုန်ပြန်သင့်တယ်။ဂျပန်နဲ့အငြင်းပွားနေတဲ့ကျွန်းတွေကိစ္စမှာဂျပန်ဖက်ကထောက်ခံပေးပြီးတုန့်ပြန်သင့်တယ်။အမေရိကန်ရဲ့အရှေ့ပစိဖိတ်ပင်လယ်ပြင်စိုးမိုးရေးကိုပူး ပေါင်းပါဝင်ပြီးတုန့်ပြန်သင့်တယ်။

ပြည်သူ လူထုကို နားလည်စေချင်တယ်

myanmar militry fight to china
come on we are myanmar
public and militry shoud finish china

ဒလိုင်းလားမား ကိုမြန်မာပြည်ကိုဖိတ်ခေါ်
ဖို့ ကျန်သေးတယ် ။

ရိုးသားတဲ့ကချင်လူမျိုးကသက်သက်၊အကြမ်းဖက်သောင်းကျန်းသူ KIA ကသက်သက်ပါ။ကချင်ပြည်နယ်မှာ KIA အကြမ်းဖက်သောင်းကျန်းသူတွေရှိနေ
တာဆွမ်းဆန်စိမ်းထဲကြွက်ချေးရောနေသလိုပါပဲ။တိုင်းပြည်ရဲ့အဖျက်
ရန်စွယ်ပြတ်ပြတ်သားသားချေမှုန်းပြစ်ပါ။ပြည်ထောင်စုရဲ့ရန်သူဖြစ်တဲ့KIA/KI/KICကိုအမြန်ဆုံးအရေးယူတိုက်ခိုက် ချေမှုန်းသင့်နေပြီ။သူပုန်ကိုသူပုန်လို့မြင်ထားတာအကောင်းဆုံးပါပဲ။အချိန်သိပ်မဆွဲနဲ့တော့....သူပုန်ကိုဒီနေ့လှစ်လှူရှူလျှင် နောက်နေ့ဒုက္ခပေးပြီ
သာမှတ်ပါ။

ကလေးကစား စရာမှသည် လူသုံးကုန်၊ စက်ပစ်စည်း၊ စစ်လက်နက်အဆုံး အဆင့်အတန်းမရှိ၊ အရည်အသွေးမရှိ တရုတ်ထုတ်ကုန်များဖြင့် မြန်မာပြည်အား နှိပ်စက်လာသည်မှာ ကြာခဲ့ပါပြီ။ နောက်တစ်ခု ရှိသေးပါတယ်။ တရုတ်ဆိုတာ ကိုယ့်အတွက် အကျိုးမရှိရင် သေးတောင်မပေါက်ဘူးတဲ့။

ကောင်လေးအလုပ်မရှိဘူးလား
ဘာမှနားမလည်ဘဲဘာတွေဝင်ပြောနေတာလဲ

မြန်မာ့ အကျိုး ဖျက်စီး မည့် သူများကို
မြန်မာ့ လူမျိုး ဖျက်စီး မည့်သူများ
ပြတ်ပြတ် သားသား မပါတ်သက်ပါနဲ့
ကြောက်တတ်သူများ ထမီဝတ်ထားပေးပါ

ဟုတ်တာပေါ့ တရုတ်ကမထောက်ပံ့ရင် ဘယ်ကရနိုင်မှာ လက်နက်ကြီးတွေ တရုတ်က အရမ်းစိုးရိမ်လွန်နေတာပါ

ဟုတ်တာပေါ့ တရုတ်မထောက်ပံ့ရင် ကေအိုင်ကေက ဒီလိုစွာနိုင်မှာ တရုတ်က အမေရိကန်အားကိုးပြီး မြန်မာအာခံမှာ နှင့် သူ့တို့ စီမံကိန်းတွေရဲ့လုပ်ပိုင်ခွင့်တွေကို အစိုးရိမ်လွန်ပြီး လုပ်နေတာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်