Subscribe to our RSS Feed

KIO/ KIA အဖွဲ့၏ တိုက်ခိုက်မှုကြောင့် ပြည်သူများ အပေါ် ကျရောက်သည့် အန္တရာယ်ကို တပ်မတော်က ကာကွယ် ပေးခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ ဆောင်ရွက် ခြင်းဖြစ်

From :မြဝတီ

အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပထမ အကြိမ် အမျိုးသား လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်း အဝေးသို့ တက်ရောက်စဉ်။  
 
အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပထမ အကြိမ် အမျိုးသား လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်း အဝေးသို့ တက်ရောက်စဉ်။
နေပြည်တော် ဇန်နဝါရီ ၂၄

နိုင်ငံတော် သမ္မတက ၁၉- ၁- ၂ဝ၁၃ ရက်တွင် ကျင်းပသော ပထမ အကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ် ဖွင့်ပွဲ အခမ်း အနားတွင် KIO/ KIA အဖွဲ့အား ငြိမ်းချမ်းရေး အတွက် ပူးပေါင်း ပါဝင် ဆောင်ရွက်ရန် ကမ်းလှမ်း ခဲ့ပါကြောင်း၊ ၂ဝ၁၃ ခုနှစ် Political Dialogue တွင်အခြား အပစ်အခတ် ရပ်စဲသည့် (၁ဝ)ဖွဲ့ နှင့်အတူ ပါဝင် သင့်သည်ဟု တိုက်တွန်း လိုပါကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေး မှသည် ထာဝရ ငြိမ်းချမ်းရေး သို့ တက်လှမ်း နိုင်တော့မှာ ဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတ၏ ကမ်းလှမ်းချက် အတိုင်း နိုင်ငံရေး စားပွဲဝိုင်းတွင် အကျေအလည် ဆွေးနွေးခြင်းဖြင့် ခိုင်မာသည့် အခြေခံမူများ ချမှတ် နိုင်မည်ဟု ယုံကြည်ပါ ကြောင်းဖြင့် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးခက်ထိန်နန် တင်သွင်း ထားသည့် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန် နှစ်ဦးနှစ်ဖက် ယုံကြည်မှု ရရှိမည့် ခိုင်မာသော အခြေခံ မူများ ချမှတ်ပေးရေး ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးဝင်းနောင်က တိုက်တွန်း ဆွေးနွေးသည်။  

ဆက်လက်၍ မြန်မာ နိုင်ငံသည် ဒီမို ကရေစီ စနစ်ကို အောင်မြင်စွာ ကူးပြောင်း နိုင်ခဲ့ပြီးနောက်  တရုတ်၊ အိန္ဒိယ၊ အရှေ့တောင် အာရှ နိုင်ငံများ အလယ်တွင် အချက်အချာ ကျသော နေရာ ဖြစ်ခြင်း၊ သယံဇာတ ပေါများ ကြွယ်ဝခြင်းနှင့် လူ့စွမ်းအား အရင်း အမြစ်များရှိ ခြင်းကြောင့် ဖွံ့ဖြိုး တိုးတက်မှု လျင်မြန်လာမည့် နိုင်ငံဟု ကမ္ဘာကပါ တွက်ဆ၍ နေပြီဖြစ်ကြောင်း၊ ထိုသို့ ဖွံ့ဖြိုး တိုးတက်မည့် အထဲမှ ကချင်ပြည်နယ် ဒေသ အချို့သည် ကျန်ရစ် နေ ခဲ့မည်ကို တွေ့မြင် နေရပါကြောင်း၊ နိုင်ငံတစ်ဝန်းလုံး ခြုံကြည့်လျှင် ဖွံ့ဖြိုး တိုးတက်ပြီး အေးချမ်း သာယာ နေပါလျက် ကချင်ပြည် နယ်တွင် တံတားပျက်၊ လမ်းပျက်၊ ရွာပျက် ဖြစ်ကုန်ပြီး အဆိုးရွား ဆုံးမှာ ပညာ မသင်နိုင်၊ စီးပွားရေး မလုပ်နိုင် ခြင်းကြောင့် ကာလကြာလာ သည်နှင့် အမျှ ပြည်သူများမှာ ဒုက္ခသည် ဘဝသို့ ခံစားကြရမည် ဖြစ်ကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရန် ဦးစွာ ခေါင်းဆောင်ချင်း တွေ့ဆုံဆွေးနွေး ရမည် ဖြစ်ပါကြောင်း ပြောကြား သည်။

ထို့နောက် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး အောင်ကျော်က နိုင်ငံတော် အစိုးရ အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ အသွင် ကူးပြောင်းခြင်း၊ လက်နက်စွန့် ၍ နိုင်ငံတော် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက် ခြင်းများ ပြုလုပ်ပါက အသက် အိုးအိမ် စည်းစိမ်အတွက် အာမခံချက် ပေးခြင်း၊ ၎င်းတို့ ပိုင်ဆိုင် မှုများ အတွက် အာမခံချက် ပေးခြင်း၊ ပြည်ပ နိုင်ငံများမှ လာရောက်၍ ရင်းနှီး မြှုပ်နှံ မှုများ အတွက် ဥပဒေနှင့် အညီ ဆောင်ရွက် ပေးမည်ဟု အာမခံချက် များပေးကာ စေတနာ ထား၍ ကောင်းမွန်သော တုံ့ပြန်ချက် များဖြင့် တွေ့ဆုံဆွေးနွေး ဆောင်ရွက်ခဲ့သည့် အတွက် KIO/ KIA အဖွဲ့က လွဲပြီး ကျန်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များဖြင့် ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများ ဆောင်ရွက် နိုင်ခဲ့ပြီး ထာဝရ ငြိမ်းချမ်းရေး အတွက် ဆက်လက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၂ဝ၁၂- ၂ဝ၁၃ ဘဏ္ဍာရေး နှစ်တွင် တိုင်းရင်းသား အဖွဲ့ အစည်း များအား နိုင်ငံတော် အစိုးရ၏ ထောက်ပံ့ပေးမှု စုစုပေါင်းမှာ တန်ဖိုးငွေ (၉၁၃၇၉၉၈၈၈) ကျပ် ဖြစ်ပါကြောင်း။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရ အနေဖြင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် သဘောထား ကြီးစွာဖြင့် KIO/ KIA အဖွဲ့အစည်းအား ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရေး နည်းလမ်း မျိုးစုံဖြင့် ကြိုးကြိုး စားစား ဆောင်ရွက် လျက်ရှိရာ ယနေ့အထိ (၁၁)ကြိမ် ဆွေးနွေးပြီး ဖြစ်သော်လည်း နိုင်ငံတကာ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲမျိုး ဖြစ်သည့် အပစ် ရပ်စဲပြီးမှ နိုင်ငံရေး ဆွေးနွေးခြင်း အစား နိုင်ငံရေး ဆွေးနွေးရင်း အပစ် ရပ် စဲရေး ဆောင်ရွက်ရန် ဆွေးနွေး ညှိနှိုင်းမည်ဟု KIO/ KIA ဘက်မှ ဆန့်ကျင် ဆွေးနွေးသဖြင့် ယနေ့အထိ ဆွေးနွေးမှု မအောင်မြင်ရခြင်း ဖြစ်ပါကြောင်း၊ ကျန်လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်း များနှင့် ငြိမ်း ချမ်းရေး ဆွေးနွေး ပွဲများ ဆောင်ရွက် နိုင်ခဲ့သည့် နိုင်ငံတော် အစိုးရ၏ စေတနာနှင့် သဘောထား အမှန်ကို တွေ့မြင်ရမည် ဖြစ်ပါကြောင်း။

ကချင်ပြည်နယ် အတွင်း ၂ဝ၁၁ ခုနှစ် ဇွန်လမှ စ၍ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ KIA အဖွဲ့၏ လမ်းတံတားများ ဖောက်ခွဲ ဖျက်ဆီးခြင်း၊ တပ်သားသစ် အဓမ္မ စုဆောင်းခြင်း၊ အရပ် သားများအား ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်း များကြောင့် မြို့နယ် အသီးသီးရှိ ကျေးရွာများမှ အသက် ဘေးအန္တရာယ် လုံခြုံသည့် နီးစပ်ရာ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာ များသို့ ပြောင်းရွှေ့ ရောက်ရှိ လာသူများ အတွက် နိုင်ငံတော် အစိုးရ အနေဖြင့် ကချင်ပြည်နယ် အတွင်းရှိ မြို့နယ်၊ မြို့နယ်ခွဲ စုစုပေါင်း (၁၁)ခုတွင် စခန်းပေါင်း (၈၂)ခု ဖွင့်လှစ်ထားပြီး လူဦးရေပေါင်း (၃၂၄၃၄) ဦးကို စောင့်ရှောက်ကျွေးမွေး ထားပါကြောင်း၊ ၎င်းစခန်း များသို့ ပြောင်းရွှေ့ ရောက်ရှိ လာသူ များအား နိုင်ငံတော် သမ္မတ၊ ကချင်ပြည်နယ် အစိုးရ အဖွဲ့၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဦးစီးဌာန၊ ဌာနဆိုင်ရာ များနှင့် တပ်ရင်း၊ တပ်ဖွဲ့များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ လူမှုရေး အသင်း အဖွဲ့များ၊ ကြက်ခြေနီ အသင်းနှင့် လွှတ်တော် ကိုယ်စားလှယ် များမှ ကုန်ပစ္စည်းနှင့် ငွေသား ထောက်ပံ့မှု စုစုပေါင်း (၆၇၃၇၄၇၆၇၉၇) ကျပ်ဖြစ်ပါကြောင်း၊ ဆက်လက်၍ ပြည်တွင်း ပြည်ပမှ လူမှုရေး အဖွဲ့ အစည်းများ၊ စေတနာ ရှင်များ မှ ထောက်ပံ့နိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၃၉တွင် ''နိုင်ငံ တော်အား ပြည်တွင်း ပြည်ပ အန္တရာယ် များမှ ကာကွယ်ရေး အတွက် တပ်မတော်က ဦးဆောင် ရမည်''ဟု ဖော်ပြ ထား ပါကြောင်း၊ KIO/ KIA အဖွဲ့၏ တိုက်ခိုက်မှု များကြောင့် ပြည်သူများ အပေါ် ကျရောက် လာသည့် အန္တရာယ်ကို တပ်မတော်က ကာကွယ် စောင့်ရှောက် ပေးခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ရှောင်လွှဲ၍ မရသည့် အခြေ အနေကြောင့် KIO/ KIA အဖွဲ့ကို တိုက်ခိုက်ရခြင်း ဖြစ်ကြောင်းဖြင့် ဆွေးနွေးသည်။

ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဒေါက်တာ မြတ်ဥာဏ စိုး၏ မြို့ပြ ပို့ဆောင်ရေး စနစ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် Public Transportation Plan ကို ရန်ကုန် စီးပွားရေး မြို့တော်အတွက် ရေးဆွဲထားခြင်း ရှိ/ မရှိနှင့် ယာဉ်လိုင်းများ အဆင့်မီ ထူထောင် ပေးရန်၊ အများ ပြည်သူသုံး ပို့ဆောင်ရေးစနစ် တိုးတက်ရန် နိုင်ငံတော်မှ ကမကထပြု ဆောင်ရွက်ရန် အစီအစဉ် ရှိ/ မရှိ မေးမြန်းချက် များနှင့် စပ်လျဉ်း၍ ရထား ပို့ဆောင်ရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဇေယျာအောင်က ဖြေကြားရာတွင် ''မဟာ ရန်ကုန် မြို့ပြ ဘက်စုံ သယ်ယူ ပို့ဆောင်ရေး စီမံကိန်း'' ရေးဆွဲရေးနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့နှင့် ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ နှစ်ဦး နှစ်ဖက် သဘောတူ လက်မှတ် ရေးထိုးပြီး အကူအညီ ပေးရေး အစီအစဉ် အရ ဖြစ်နိုင် ခြေ လေ့လာရေး လုပ်ငန်းများကို ယခု လဆန်းတွင် စတင် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊  လေ့လာရေး ကာလကို လပေါင်း (၂ဝ) သတ်မှတ်၍ လေ့လာ ဆန်းစစ်ချက်များ ထွက်ပေါ် လာပါက စီမံကိန်းအား ကာလတို၊ ကာလလတ်၊ ကာလရှည် အဖြစ် လျာထားပြီး ရင်းနှီး မြှုပ်နှံ မှုနှင့် ဘဏ္ဍာငွေ သုံးစွဲနိုင်မှုတို့ အပေါ် အခြေခံ၍ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။ 

ဂျပန် နိုင်ငံ၏ အကူအညီ ရယူ၍ Public Transportation Plan ရေးဆွဲနေခြင်းသည်လည်း ကောင်း၊ ယင်း Plan အပေါ် မူတည်၍ လိုအပ်သည့် ပြုပြင် ပြောင်းလဲမှုများ အတွက် ရင်းနှီး မြှုပ်နှံမှု ကိစ္စရပ် များအတွက် လည်းကောင်း၊ ယာဉ်အို ယာဉ်ဟောင်း အပ်နှံမှု အစီအစဉ်ဖြင့် ခရီးသည် တင်ယာဉ်များ အဆင့်မီ လာရေးအတွက် လည်းကောင်း၊ ခရီးသည် ပို့ဆောင်ရေး ယာဉ်များနှင့် ပတ်သက်၍ အခွန်အခများ လျှော့ချ ကောက်ယူခြင်းဖြင့် လည်းကောင်း၊ မြို့ပြ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းအတွက် ပြည်ပရင်းနှီး မြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်းဖြင့် လည်းကောင်း နိုင်ငံတော်မှ ကမကထပြု ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရန်ကုန်မြို့တွင် လူထု အခြေပြု သယ်ယူ ပို့ဆောင်ရေးစနစ် ပိုမိုကောင်းမွန် စေရန်နှင့် စနစ်တကျ ဖြစ်စေရန် အတွက် ၇- ၁- ၂ဝ၁၃ ရက်မှ စတင်၍ Public Transport Authority ဖွဲ့စည်းပြီး သက်ဆိုင်ရာ ဌာန အသီးသီးနှင့် လည်းကောင်း၊ JICA နှင့်လည်းကောင်း နိုင်ငံတော်မှ အထူး အလေး ထား ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားသည်။

ဆက်လက်၍ အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဦးဆွန်ဒုတ်ကျင့်က ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာနိုင်ငံ သားများ ရင်းနှီး မြှုပ်နှံမှု ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ကော်မတီ၏ အစီရင် ခံစာကို ပြန်လည် ဖတ်ကြား ရှင်းလင်း ပြီး ယင်းဥပဒေ ကြမ်းအား အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူသည်။

အစည်းအဝေး အဋ္ဌမ နေ့ကို ဇန်နဝါရီ (၂၅) ရက် နံနက် (၁ဝ) နာရီတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။
 
 
  www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်