Subscribe to our RSS Feed

အညာဒေသ၌ တရုတ်ဖရဲစိုက်ပျိုးသူဦးရေ အမြင့်ဆုံးရောက်ရှိ

From :  Myit Makha Mediagroup 


မုံရွာ၊ ဘုတလင်၊ ကျောက်ဆည်၊ မြစ်သား နွားထိုးကြီးမြို့နယ်အစရှိသည့် ဒေသများ၌ တရုတ်ပြည်မှ လာရောက်၍ ဖရဲစိုက်ပျိုးသူများလာသည့်အတွက် ဖရဲဈေးနှိမ်ခံနေရကြောင်း မြန်မာတောင်သူများထံမှ သိရ သည်။

အဆိုပါဒေသများသို့ လာရောက်စိုက်ပျိုးသည့်သူအများစုမှာ တရုတ်နိုင်ငံ ဖရဲသီးပွဲရုံများမှ တိုက်ရိုက် လာရောက် စိုက်ပျိုးမှုများနေခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။ ၄င်းတို့မှ ဖရဲသီးစိုက်ပျိုးရေးနှင့် ပတ်သက်သည့် နည်းပညာများ၊ ဓာတ်မြေသြဇာများကို ယူဆောင်လာ၍ မြန်မာနိုင်ငံမှ မြေနှင့် လုပ်သားများသာ ငှားရမ်းအသုံးပြုနေခြင်းဖြစ်သည်။

“ မြေငှားခက တစ်ရာသီလုံးကို တစ်ဧက ရှစ်သောင်းရတယ်၊ မြန်မာပြည်က မြေစေးနဲ့ နောက်ချေးတွေပဲ ၀ယ်သုံးတယ်၊ ကျန်တာတွေ အကုန်လုံးက သူတို့ဆီကပဲ ယူတာ၊ ၉ လပိုင်းလောက်ဆို ရောက်လာပြီး စစိုက် ကြတယ် ”ဟု မြေငှားရမ်းထားသည့် တောင်သူ တစ်ဦးက ဆိုသည်။ အဆိုပါစိုက်ပျိုးမှုတွင် မြန်မာလုပ်သားများအား တစ်နေ့လုပ်ခ ၁၅၀၀ ကျပ်ပေး၍ နေစရာနေပေးထားကြောင်း စားသောက်စားစရိတ်အတွက်မှု တရုတ်ဘက်မှ တာဝန်မယူကြောင်း သိရသည်။

“တရုတ်ဘက်မှာက ၉ လပိုင်းလောက်ဆို ရာသီဥတုက အရမ်းအေးလာလို့ စိုက်လို့မရတော့ဘူး၊ ဒီတော့ ဒီဘက်တွေမှာ လာစိုက်ကြတာ၊ သူတို့က တရုတ်ဘက်ကို ပြန်သွင်းမယ်ဆိုရင် မြန်မာ ပွဲရုံနာမည် တစ်ခုခု သုံးပြီး သွင်းတယ်၊ ဥပဒေအရတော့ တရားဝင်ပေမဲ့ တစ်ဖက်က မလိမ့်တပတ် လုပ်သွားတာပဲ၊ နာမည် အလွဲသုံးစား လုပ်သွားတာပေါ့” ဟု မြစ်သားမြို့နယ်မှ ဖရဲသီး ပွဲစား စိုးမင်းအောင်က ပြောသည်။

တရုတ်ဘက်မှ ထွက်သည့် ဖရဲသီးများ သာမက မြန်မာတောင်သူများ စိုက်ပျိုးသည့် ဖရဲသီးများမှာလည်း ၄င်းတို့မှ လက်ခံဝယ်ယူကြောင်း၊ ၁၂ ဘီးကား တစ်စီးဆိုပါက ယွမ် နှစ်သောင်းဝန်းကျင်ရှိပြီး ဈေးကောင်းသည့်အချိန်တွင် ယွမ် ၄သောင်းသန်းကျင်အထိ ရရှိကြောင်း ဖရဲသီးစိုက်ပျိုးမြန်မာတောင်သူတို့က ဆိုသည်။

“ တရုတ်တွေဘက်က နေပြီး ကျနော်တို့ကို မျိုးစေ့တွေ ရောင်းပေးတယ်၊ မျိုးစေ့ကိုတစ်ဘူး လေးသောင်း ပေးဝယ် ရတယ်၊အဲဒီတစ်ဘူးကို နှစ်ဧက စိုက်လို့ရတယ်၊ ဒါပေမဲ့ ထွက်လာတဲ့ ဖရဲသီးတွေကို ၁၀၅ မိုင် ကျော်ပြီဆိုတာနဲ့ အနာပါတာတို့ အလေးချိန် မပြည့်တာတို့နဲ့ ဖြတ်ချတော့ တစ်ခါတစ်လေ ၁၂ ဘီးတစ်စီးလုံးကို ယွမ် ၃၀၀၀ နဲ့ ၅၀၀၀ ၀န်းကျင်ကတော့ အဖြတ်ခံရတယ် ” ဟု မြန်မာတောင်သူတစ်ဦးက ပြောသည်။

တရုတ်ပြည်မှ ဖရဲလာစိုက်သူများမှာ ၂၀၀၉ ခုနှစ်မှ စတင်စိုက်ပျိုးခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် စိုက်ပျိုးသူ ဦးရေ သိသိသာသာ မြင့်တတ်လာခြင်းဖြစ်သည်။

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်