Subscribe to our RSS Feed

အိမ်ခြံမြေငှားရမ်းရာ၌ နိုင်ငံခြားသားအနည်းစုမှာ ပွဲခမပေးလိုကြောင်း သိရ

From : Myit Makha Mediagroup on 28 Feb, 2013



မြန်မာနိုင်ငံသို့ နိုင်ငံခြားသားများ ၀င်ရောက်နေထိုင်မှုများလာသည့်နောက်ပိုင်း အိမ်ငှားနေထိုင်လိုကြသည့်  နိုင်ငံခြားသား များမှာ အိမ်ခြံမြေအကျိုးဆောင်ပွဲခ မပေးလိုကြသဖြင့် အကျိုးဆောင်များအနေဖြင့် အခက်တွေ့လျက်ရှိကြောင်း သိရသည်။
 
အဆိုပါ နိုင်ငံခြားသားအများစုမှာ သံရုံးနှင့်ဆက်စပ်သည့်လုပ်ငန်းများအတွက်  လာရောက်နေထိုင်ကြသည့် နိုင်ငံခြားသားများမှာ တက္ကသိုလ်ရိပ်သာလမ်း၊ အင်းယားလမ်း၊ ရွှေတောင်ကြား စသည့် ရန်ကုန်မြို့ရှိ နာမည်ကြီးလမ်းများ၌ ငှားရမ်း   နေထိုင်ကြခြင်း ဖြစ်သည်။
 
`` ကျမတို့ဆီမှာ နှစ်ခေါက်လောက်ကြုံဖူးတယ်၊ နိုင်ငံခြားသားတွေ လာငှားတာ၊ သူတို့က ဒီက အိမ်အကျိုးဆောင်တွေကို တရားဝင် မဟုတ်ဘူးလို့ ထင်ပြီး အကျိုးဆောင်ခ မပေးချင်ကြဘူး၊ သူတို့ကို သက်ဆိုင်ရာ က ခွင့်ပြုထားတဲ့ လက်မှတ်တွေရော၊ စာရွက်စာတမ်းတွေပါ ထုတ်ပြမှ ပိုက်ဆံပေးကြတယ်´´ ဟု အလုံမြို့နယ်ရှိ အိမ်အကျိုးဆောင် မနုနု မှ ပြောသည်။
 
နိုင်ငံခြားသားအများစုမှာ အမေရိကန်နိုင်ငံ၊ ရုရှား၊ ကိုရီးယား၊ တရုတ် တို့မှ လာရောက် ငှားရမ်းနေထိုင်ခြင်းဖြစ်ကြောင်း ကိုလည်း သိရသည်။
 
၎င်းတို့ ငှားရမ်းပါက Hall တိုက်များထက် Facility အပြည့်အစုံပါဝင်သော အိမ်ခန်းများသာ ငှားရမ်းမှု ပိုများကြောင်း  အိမ်အကျိုးဆောင်များထံမှ  သိရသည်။
 
`` နိုင်ငံခြားသားတွေ လာငှားတယ်ဆိုရင် တိုက်ခန်းထက် လုံးချင်းတွေများတယ်၊ ပြီးတော့ နေရာကောင်းတွေမှာပဲ ငှားကြတယ်၊ ဒီတော့ အိမ်ရှင်က ဈေးတော့ ကြိုက်သလို ကစားလို့ရတယ်၊ ဒါပေမဲ့ ကြားထဲက ပွဲစားတွေ ဒုက္ခရောက်တယ်၊ တစ်ခါတစ်လေ နိုင်ငံခြားသားတွေဘက်က ပွဲခမရလို့ အိမ်ရှင်ဘက်က ရတဲ့ ပွဲခကိုပဲ ခွဲရတယ် ဆိုရင် နှစ်ဖက်ပွဲစားတွေ အမြတ်က ဘာမှ မကျန်ဘူး´´ ဟု ဖြိုးသီရိ အိမ်အကျိုးဆောင် မှ ပြောသည်။
 
အိမ်ငှားခအတွက် ငွေရှင်းရာတွင် နိုင်ငံခြားသားအများစုက ဒေါ်လာနှင့် ရှင်းပြီး အချို့ကသာ မြန်မာငွေနှင့် ရှင်းကြသည်။ အိမ်ငှားခသတ်မှတ်ရာတွင် ငှားရမ်းသည့်နေရာပေါ်မူတည်ပြီး တစ်လလျှင်  ဒေါ်လာမှ ၁၅၀ ဒေါ်လာ ၅၀၀ ၀န်းကျင် အထိရရှိကြောင်း အိမ်အကျိုးဆောင်များထံက သိရသည်။
 
`` ဒေါ်လာနဲ့ ရှင်းရင်တော့ ခွဲရတာ နည်းနည်းခက်တယ်၊ မြန်မာငွေနဲ့ရှင်းရင်တော့ အကုန် အဆင်ပြေတယ်၊ ဒေါ်လာဈေးတွေ ဘာတွေလည်း ချိန်နေစရာ မလိုဘူး´´ ဟု ထက်သီရိအောင် အိမ်အကျိုးဆောင်မှ ပြောသည်။
 
မြန်မာနိုင်ငံတွင် အိမ်ငှားရမ်းရန် အကျိုးဆောင်ခအဖြစ် တစ်နှစ်ငှားရမ်းပါက တစ်လကို  အကျိုးဆောင် ခအဖြစ် ပေးရသည်။ သို့သော် နိုင်ငံခြားသားများဆိုပါက အချို့အိမ် အကျိုးဆောင်များမှာ အများ အားဖြင့်  ဈေးအဆမတန် တင်တောင်းလေ့ရှိသည်။
 
အခုနောက်ပိုင်း အိမ်အကျိုးဆောင်တွေ အားလုံးက လုပ်ငန်းလိုင်စင်တော့ ရှိကြပါတယ်၊ ဒါပေမဲ့ နိုင်ငံတော်က သတ်မှတ်ထားတဲ့ အခွန်ဆိုတာမျိုး ရှိသေးတယ်၊ အဲဒါပါ ဆောင်မယ်ဆိုရင်တော့ အခုလိုပြဿနာတွေ ဖြစ်လာရင် ပိုပြီးတော့ ပြောလို့ကောင်းတာပေါ့ ဟု ရန်ကုန်မြို့ စည်ပင်သာယာမှ တာဝန်ရှိသူတစ်ဦးမှ ပြော သည်။
 
အိမ်အကျိုးဆောင်ခ ပေးရာ၌  မြန်မာငွေနှင့် ပေးပါက အဆင်ပြေသော်လည်း အများစုက ဒေါ်လာနှင့် ရှင်းသည့် အတွက် ဒေါ်လာဈေးအပြောင်းအလဲရှိပါက အခက်အခဲရှိကြောင်း အိမ်အကျိုးဆောင်တို့ကဆိုသည်။
 
www.MyanmarExpress.net

1 comments:

ဖြစ်သင့်ပါတယ်။ ကျုပ်သိသလောက် ပြောရရင် ပွဲစားဆိုတာ လူလိမ် လူညစ် ပဲ။ နှစ်ဖက်အဆင်ပြေဖို့ထက် သူတို့ စားရဖို့ ကိုပဲ အဓိက ထားနေတာ လို့ပဲကျုပ် မြင်တယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်