From :သမ္မတရုံး
www.MyanmarExpress.net
နေပြည်တော် မတ် ၎
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် မတ်(၃)ရက် နံနက်ပိုင်းတွင် ဖင်လန်သမ္မတနိုင်ငံ
ဟယ်လ်စင်ကီမြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် နံနက်
(၁ဝ) နာရီ (၅) မိနစ်တွင် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ အပြည်ပြည်ဆိုင်ရာ
လေဆိပ်သို့ရောက်ရှိသည်။
နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များအား
သြစကြီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ဌာန အကြီးအကဲ သံအမတ်ကြီး
Dr. Bettina Kimbauer နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုကြပြီး
ခေတ္တတည်းခိုမည့် Hotel Imperial ၌ သြစတြီးယားနိုင်ငံတွင် နေထိုင်ကြသည့်
မြန်မာတိုင်းရင်းသားမိသားစုများနှင့် ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ
သံရုံးဝန်ထမ်းများက ကြိုဆိုကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် မြန်မာတိုင်းရင်းသား
မိသားစုများအား တွေ့ဆုံ နှုတ်ဆက်ပြီး အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံတွင်
နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေကြောင်း၊
နိုင်ငံတကာနှင့်လည်း ဆက်ဆံရေး ကောင်းမွန်အောင်၊
ယခင်စီးပွားရေးပိတ်ဆို့ခဲ့မှုများအား ဖြေလျှော့ပေး လာသည်မှ လုံးဝ
ပယ်ဖျက်သည်အထိ ဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊
နိုင်ငံအနေဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အခြေအနေကောင်းများ
ရှိပြီးဖြစ်ရာ မကြာမီ ရလဒ်ကောင်းများ ရရှိလာတော့မည်ဖြစ်ကြောင်း၊
ထိုအချိန်တွင် မြန်မာနိုင်ငံသို့ ပြန်လာပြီး နိုင်ငံနှင့် ပြည်သူတို့၏
လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း
ဆောင်ရွက်ကြစေလိုကြောင်း၊ ဤနိုင်ငံတွင် နေထိုင်စဉ်ကာလအတွင်း မိမိတို့ဘဝ
တိုးတက်အောင် ဆောင်ရွက်ကြရန်နှင့် အချင်းချင်း စည်းစည်းလုံးလုံး
ညီညီညွတ်ညွတ် နေထိုင်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် မြန်မာတိုင်းရင်းသား မိသားစုများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
နိုင်ငံတော်သမ္မတသည် မွန်းလွဲပိုင်းတွင်
ဗီယင်နာမြို့လယ်ရှိ ၁၁၄၇ ခုနှစ်က တည်ဆောက်ခဲ့သည့် St. Stephens
ဘုရားရှိခိုးကျောင်းနှင့် သြစတြီးယား အနုပညာ လက်ရာများကို ပြသထားသည့်
Belvedere ရဲတိုက်တို့ကို သွားရောက်ကြည့်ရှု လေ့လာသည်။
ထိုမှတစ်ဆင့် Verbundကုမ္ပဏီ၏
ဒင်ညုမြစ်ပေါ်တွင်တည်ဆောက်ထားသည့် ရေအား လျှပ်စစ်ထုတ်လုပ်ရေး
စက်ရုံသို့ရောက်ရှိရာ ဒင်ညုမြစ်အောက်ပိုင်း ရေအားလျှပ်စစ်
ထုတ်လုပ်ရေးအုပ်စု၏ အကြီးအကဲ Mr. Heinz Peter Allmer က အဆိုပါ
ရေအားလျှပ်စစ်စီမံကိန်းကို ၁၉၉၂ ခုနှစ်မှ ၁၉၉၈ခုနှစ်အထိ
အချိန်ယူတည်ဆောက်ခဲ့ရပြီး လျှပ်စစ်ဓာတ်အား (၁၇၂)မဂ္ဂါဝပ်
ထုတ်လုပ်နိုင်ကြောင်း၊ ဗီယင်နာမြို့ကို ဖြတ်သန်း စီးဆင်းနေသည့်
ဒင်ညုမြစ်ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း၊ ဒင်ညုမြစ်သည်
နိုင်ငံပေါင်း (၁၀) နိုင်ငံကို ဖြတ်သန်းစီးဆင်းနေသည့် မြစ်ဖြစ်၍ နိုင်ငံတကာ
ရေကြောင်း သွားလာသည့်လမ်းအဖြစ် သတ်မှတ်ထားကြောင်း၊ ထို့ကြောင့် စီမံကိန်း
တည်ဆောက်ရာတွင် မြစ်အတွင်းရေကြောင်း သွားလာမှုကို မထိခိုက်စေရန် တွက်ချက်
ဆောင်ရွက်ခဲ့ရကြောင်း၊ အလားတူ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေးနှင့်
မြစ်အတွင်းရှိ ငါးများ လွတ်လပ်စွာ သွားလာနိုင်ရေးတို့အတွက်လည်း
ထည့်သွင်းဆောင်ရွက်ရကြောင်း၊ ထို့ကြောင့် မြစ်တွင်းသွား သင်္ဘောများအတွက်
(၂၄)မီတာအကျယ်၊ မီတာ(၃ဝဝ)အရှည် ရှိသည့် ရေလမ်းကြောင်းကို ထည့်သွင်း
တည်ဆောက် ပေးထားရပါကြောင်း၊ အလားတူငါးများ မြစ်ညာဘက်သို့ဆန်တက်
နိုင်ရန်အတွက် ရေလမ်းလွှဲ တစ်ခုကိုလည်း ဖောက်လုပ်ပေးခဲ့ရကြောင်း၊
သြစတြီးယားနိုင်ငံ ပိုင်နက်အတွင်းရှိ ဒင်ညုမြစ်အပိုင်းတွင် ယခုပုံစံအတိုင်း
ရေအားလျှပ်စစ်စီမံကိန်း(၉)ခု တည်ဆောက်ထားပြီး နိုင်ငံ၏ လျှပ်စစ်ဓာတ်အား
လိုအပ်ချက်(၁၈)ရာခိုင်နှုန်းကို ထုတ်လုပ်ပေးလျက်ရှိကြောင်း၊
သြစတြီးယားနိုင်ငံ၏ လျှပ်စစ်စွမ်းအင်လိုအပ်ချက် ၆၈ ရာခိုင်နှုန်းကျော်ကို
ရေအားလျှပ်စစ်မှ ရယူလျက်ရှိကြောင်း၊ ယခုကဲ့သို့မြစ်တွင်း
ရေကြောင်းသွားလာမှုနှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်အောင်
ဆောင်ရွက်ခဲ့သည့်အတွက် ဗီယင်နာမြို့နေ ပြည်သူလူထု(၆ဝ) ရာခိုင်နှုန်းကျော်က
စီမံကိန်း ဆောက်လုပ်ရန် ထောက်ခံခဲ့ကြောင်းဖြင့် ရှင်းလင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတက မိမိတို့နိုင်ငံတွင်လည်း
နိုင်ငံ၏လျှပ်စစ်စွမ်းအင် လိုအပ်ချက်များကို ရေအားလျှပ်စစ်မှ
ဖြည့်ဆည်းပေးနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော် ယခင်
လုပ်ဆောင်ခဲ့သည့် ရေအားလျှပ်စစ်စီမံကိန်းများသည် တာတမံ အမြင့်များဖြင့်
ရေသိုလှောင်သည့် စနစ်ကိုကျင့်သုံးခဲ့ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်
ထိခိုက်မှုများ များပြားခဲ့ကြောင်း၊ ထို့ပြင် ရေဝပ် ဧရိယာအတွင်းရှိ
ကျေးရွာများကို ရွှေ့ပြောင်းပေးရသဖြင့် လူမှုစီးပွားရေးအရ ထိခိုက်နစ်နာမှုများ
ရှိခဲ့ရကြောင်း၊ အလားတူ စီမံကိန်းများကို တောတောင်ထူထပ်သည့် နေရာများတွင်
တည်ဆောက်ရခြင်းကြောင့် မဟာဓာတ်အားလိုင်းကြီးများကိုလည်း မိုင်ပေါင်းများစွာ
ငွေကြေးကုန်ကျခံ၍ သွယ်တန်းခဲ့ ရကြောင်း၊ အကယ်၍ ဧရာဝတီ၊ ချင်းတွင်း၊
စစ်တောင်းနှင့် သံလွင်မြစ်ကြီးများတွင် ယခုနည်းစနစ်ကို အသုံးပြုပြီး
ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ပါက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့်
ပြည်သူတို့၏ လူမှုစီးပွားဘဝ ထိခိုက်မှုအနည်းဆုံးဖြင့် ပြည်သူများ လိုအပ်သည့်
လျှပ်စစ်ဓာတ်အားများကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့်
မြန်မာနိုင်ငံတွင် သြစတြီးယားနိုင်ငံ၌ အသုံးပြုနေသည့် နည်းပညာဖြင့်
ရေအားလျှပ်စစ်ထုတ်လုပ်နိုင်စွမ်း ရှိမရှိကို လေ့လာမှုများ
ပြုလုပ်လိုကြောင်းဖြင့် ပြန်လည် ပြောကြားခဲ့သည်။
ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတသည် ဒင်ညုမြစ်နှင့်
ဆက်သွယ်ထားသော တူးမြောင်းပေါ် တွင် တည်ဆောက်ထားသည့် အသေးစားရေအားလျှပ်စစ်
ထုတ်လုပ်ရေး လုပ်ငန်းကို သွားရောက် ကြည့်ရှုလေ့လာခဲ့သည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်