အတွဲ ၂၈ ၊ အမှတ် ၅၅၁ ( ၆ - ၁၂ ၊ ၁ ၊ ၂၀၁၂)
ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများကို တွေ့ရစဉ်။
ဓာတ်ပုံ-ရွှေယင်းမာဦး
ထိုင်းနိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင်သော အလုပ်သမားများအား ကုန်ကျစရိတ် သက်သာရေးအတွက် ရန်ကုန်မှ ထိုင်းနိုင်ငံသို့ တိုက်ရိုက် လေကြောင်းလမ်းဖြင့် သွားလာနိုင်ရန် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ် ရေးကော်မတီက ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အလုပ် သမားဝန်ကြီးဌာန က ဒီဇင်ဘာလ ၁၉ ရက်တွင် သတင်း ထုတ်ပြန် လိုက်သည်။
ထိုင်းနိုင်ငံတွင် သွားရောက် အလုပ် လုပ်လိုသော ပြည်တွင်းမှ အလုပ်သမားများ ကုန်ကျစရိတ်သက်သာစေရန် အတွက် ရန်ကုန် မြို့တွင် မှတ်ပုံတင်ခြင်း၊ ရွေးချယ်ခြင်း၊ ခေါ်စာစောင့်ခြင်းများ ပြုလုပ် စေပြီး ခေါ်စာကျသူများအား လေကြောင်းဖြင့် ရန်ကုန်-တာချီလိတ်၊ ရန်ကုန်-ကော့သောင်းမှ တစ်ဆင့် ထိုင်း နိုင်ငံသို့ လည်းကောင်း၊ ရန်ကုန်- မြ၀တီ မှ ထိုင်းနိုင်ငံသို့ လည်းကောင်း၊ ရန်ကုန်မှ ထိုင်းနိုင်ငံသို့ တိုက်ရိုက်လေကြောင်း လိုင်းဖြင့် လည်းကောင်း သွားရောက် အလုပ် လုပ်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟု ဆိုသည်။
အလုပ်သမားများ တင်ပြလာသော အလုပ်ကမ်းလှမ်းချက်များကို တာချီ လိတ်၊ ကော့သောင်း၊ မြ၀တီ အလုပ် အကိုင်ရှာဖွေရေးရုံးများတွင် ကြော်ငြာ ပေးလျက်ရှိရာ အလုပ်ရှာဖွေသူများသည် နိုင်ငံသား ကတ် ပြလျက် အဆိုပါရုံး များတွင် မှတ်ပုံတင်ခြင်း၊ ယာယီ နိုင်ငံကူးလတ်မှတ် ထုတ်ပေးရေးရုံးတွင် ကိုယ်ရေး ဖြည့်ခြင်း၊ ထိုင်းအလုပ်ရှင်၏ လာရောက် ရွေးချယ်မှုကို စောင့်ဆိုင်းခြင်း၊ လာရောက်ရွေးချယ်စဉ် အလုပ်သမား သည် အလုပ်ရှင်နှင့် အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခြင်း၊ ဆေးစစ်ခြင်း၊ ခေါ်စာနှင့် အလုပ်ခွင့်ပြု ချက် စောင့်ခြင်း၊ ထိုင်းအလုပ်ရှင်မှ လာရောက်ခေါ်ယူခြင်း စသော လုပ်ငန်း စဉ်များအတိုင်း ဆောင်ရွက်နေသည်။
ခေါ်စာများကျချိန်တွင် ထိုင်းအလုပ် ရှင်မှ လာရောက်ခေါ်သောအခါ မြန်မာနိုင်ငံမှ ထုတ်ပေးသော ယာယီနိုင်ငံကူး လတ်မှတ်၊ ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ဆိုင်ရာ စမတ်ကတ်ထုတ်ယူပြီး အလုပ်ရှင်၊ သို့မဟုတ် အလုပ်ရှင်ကိုယ်စားလှယ်ဖြင့် ထိုင်းနိုင်ငံ လုပ်ငန်းခွင်သို့ သွား ရောက်အလုပ်လုပ်ကြခြင်းဖြစ်သည်။
အထက်ပါလုပ်ငန်းစဉ်တွင် တာချီ လိတ်၊ မြ၀တီ၊ ကော့သောင်းမြို့တို့တွင် ရက် ၂၀ မှ ၄၅ ရက်ထိ စောင့်ဆိုင်းရသောကြောင့် နေစရိတ်၊ စားစရိတ်များ ကုန်ကျ မှုရှိသော်လည်း တရားဝင်ခိုင်မာသော အထောက်အထားများဖြင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နိုင်ကြ သော်လည်း အချို့ အလုပ်သမားများသည် အတွေ့အကြုံ ဗဟုသုတနည်းခြင်း၊ လူမှောင်ခိုများ၏ ယုံကြည်လောက်ဖွယ် မြူဆွယ်ခြင်း များကြောင့် တရားဝင်အထောက်အထားရ ယူပြီး တရားဝင် သွားရောက်အလုပ် လုပ် ကိုင်ခြင်း မပြုကြသဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိပြီးနောက် လူရောင်းစားခံရခြင်း၊ လုပ်ခလစာမရခြင်း၊ အဓမ္မ အလုပ် ခိုင်းခြင်း၊ အသက်အန္တရာယ် စိုးရိမ်ရသော အခြေအနေ တွင် အလုပ်လုပ်နေရ ခြင်း စသည်တို့ ကြုံတွေ့နေရသည်ဟု ဆိုသည်။
"ခေါ်စာကျဖို့ကို ရက် ၂၀ မှ ၄၅ ရက် လောက်ကြာတယ်။ ခုနစ်သိန်းလောက် မကုန်ရင် ထွက်လို့မရဖြစ်တော့ တချို့ ကိစ္စတွေမှာ မစောင့်ဆိုင်းပဲသွားတော့ over stay ဖြစ်ကုန်တယ်"ဟု အလုပ် သမားညွှန်ကြားရေးဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်က ပြောသည်။
၎င်းအပြင် နယ်များတွင် တစ်ဆင့်ခံ စုဆောင်းသော နယ်ပွဲစားများ၏ ခေါင်းပုံဖြတ်ခြင်း ကင်းဝေးစေရန်အတွက်လည်း အလုပ်သမား ၀န်ကြီးဌာန၊ အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံး များတွင် ပြည်ပအလုပ်အကိုင်အတွက် တိုက်ရိုက် မှတ်ပုံတင် ဆောင် ရွက်ပေး သွားမည်ဖြစ်ပြီး အထူးသဖြင့် ထိုင်းနိုင်ငံအတွက် အလုပ်ကမ်းလှမ်းလွှာများကို ပြည်နယ်၊ တိုင်းဒေသကြီး အသီးသီးတွင် မြို့နယ်အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးများတွင် ကြော်ငြာခြင်း၊ မှတ်ပုံတင်လက်ခံခြင်းများ ပြုလုပ်ပေးပြီး ထိုင်း အလုပ်ရှင်၊ သို့မဟုတ် အလုပ်ရှင် ကိုယ်စားလှယ်မှ ရွေးချယ်နိုင်ရေး၊ အလုပ် ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူ စာချုပ် ချုပ်ဆိုနိုင်ရေး၊ ဆေးစစ်ဆေးနိုင်ရေး၊ ထွက်ခွာနိုင်ရေး လုပ်ငန်းစဉ်အတိုင်း ဆက်လက် ဆောင်ရွက်ပေးသွားရန် စီစဉ်ထား ကြောင်း သိရသည်။
Myanmar Times
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်