Subscribe to our RSS Feed

လူတိုင်းအတွက် ပညာရေး


ပစ်တိုင်းထောင်
အတွဲ ၂၈ ၊ အမှတ် ၅၅၂ ( ၁၃ - ၁၉ ၊ ၁ ၊ ၂၀၁၂)

ဆောင်းပါးခေါင်းစဉ်သည် ရှင်းလင်းလှသည်။ လူတိုင်းအတွက်ဆိုမှတော့ ဆင်းရဲချမ်းသာမရွေး၊ ကျား/မ မရွေး၊ အသက်အရွယ်မရွေး၊ တောင်ပေါ် မြေပြန့်မရွေး၊ မြို့နှင့် တောရွာမရွေးဟု ဖတ်ရှုသူတိုင်း နားလည်သဘောပေါက် ကြပါသည်။

မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြကုန်သော လူတိုင်းကို စာတတ်မြောက်စေချင်သည်။ အသက် မွေးဝမ်းကျောင်းပညာ တတ်မြောက်စေ ချင်သည်။

တတ်မြောက်အောင် ဆောင် ရွက်ပေးရမည်ဟု အဓိပ္ပာယ်ပေါက်ကြပါသည်။

'မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေရမည်'ဟူသော ဆောင်ပုဒ်ကဲ့ သို့ပင် ဖတ်ကြားရသူတိုင်းအဖို့ ၀ါဂွမ်း ဆီထိဘိသကဲ့သို့ ပီတိဖြာ ရပါသည်။

အမှန်တကယ် ဖြစ်မြောက်လာရန် အတွက်သာ လိုအပ်ပါသည်။

အမှန်တကယ် လက်တွေ့ဖြစ်မြောက်ဖို့ ဆိုသည်မှာလည်း အကွက်စေ့အောင် အသေး စိတ် စီမံခန့်ခွဲမှု လိုအပ်လှပါသည်။

ဥပမာများပေး၍ တင်ပြပါမည်။ 'လူတိုင်းအတွက်'ဟု ဆိုထားသဖြင့် ထောင်တွင်း အကျဉ်းကျခံနေရသော လူငယ်များလည်း အကျုံးဝင်ပါသည်။

အသက် ၁၈ နှစ်ရှိသဖြင့် ကလေးဟု သတ် မှတ်ခြင်းမခံရတော့သည့် လူငယ်များ သည် ပြစ်မှုကျူးလွန်လျှင် လူကြီးများနှင့် အတူ အကျဉ်းထောင်များတွင် ပြစ်ဒဏ် ကျခံရပါသည်။

အချို့လူငယ်များသည် ငယ်စဉ်က ဘ၀ပေးအခြေအနေအရ ခြေသလုံးအိမ်တိုင်ဘ၀ ထူထောင်ကာ စားဝတ်နေရေးအတွက် ဒုစရိုက် လုပ်ငန်း ဖြင့် အသက်မွေးကြပါသည်။

တကယ့် အဖြစ်မှန်တစ်ခုကို ဖော်ပြပါမည်။ မြန်မာနိုင်ငံအထက်ပိုင်းမှ ခြေသလုံး အိမ်တိုင် လူငယ်တစ်ဦးသည် မီးရထား များပေါ်တွင် ခါးပိုက်နှိုက်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ ရန်ကုန် သို့ ရောက်ရှိလာပါသည်။ ထောင်အတွင်း ၌ ပြစ်ဒဏ်ကျခံနေသော ကျောင်းဆရာ တစ်ဦးနှင့် တွေ့ဆုံ၍ ကျောင်းဆရာက စာသင်ပေးကာ ထိုလူငယ်သည် စာရေး တတ်၊ ဖတ်တတ်လာပါသည်။

ထိုအချိန် တွင် ထိုလူငယ်သည် ပြစ်ဒဏ်ကာလ စေ့ ရောက်သဖြင် ထောင်မှလွတ်ပါသည်။ နေရပ်သို့ပြန်ရန် စိတ်ကူးမရှိသည့် အပြင် စာကိုလည်း ဆက်လက်သင်ကြားလိုသဖြင့် ရန်ကုန်မြို့တွင် ခါးပိုက်ပြန် နှိုက်၍ အဖမ်းခံကာ အင်းစိန်အကျဉ်းထောင်သို့ ပြန်လည် ရောက်ရှိလာပါသည်။

ထိုလူငယ်သည် အင်းစိန်ထောင် သို့ ၀မ်းပန်းတသာ ပြန်လာပြီး စာဆက်သင်ပါသည်။ ဖြစ်ရပ်မှန်ပါ။

ဤကဲ့သို့ ဘ၀အလင်းရောင် မှုန်ဝါးဝါး လေးကို တွေ့မြင်ရသဖြင့် ပိုမိုထွန်းလင်း တောက်ပလာစေရန် မိမိနည်း မိမိဟန် ဖြင့် ကြိုးစားအားထုတ်နေသည့် အကျဉ်း ထောင်ကျ လူငယ်များစွာကို စာရေးသူ ကိုယ်တိုင် အင်းစိန်အကျဉ်းထောင်ကြီး အတွင်းသို့ သွားရောက်လေ့လာစဉ်က တွေ့ရှိခဲ့ရဖူးပါသည်။

ထိုလူငယ်များကို အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများ၏ အစီအစဉ်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရသော ပညာ ရေးဝန်ထမ်းများက စာသင်ကြားပေးလျက် ရှိကြပါသည်။

'အသုံးလုံးကျေ' အဆင့်မှ မူလတန်းပညာအဆင့်အထိ စာသင်ခန်းများဖွဲ့၍ စာသင်ကြားပေး နေကြသည်ကို စာရေးသူကိုယ်တိုင် လေ့လာတွေ့ရှိခဲ့ရပါသည်။

စာရေးသူ၏ ကြိုးစားအားထုတ်မှုကြောင့် ပညာရေး ၀န်ကြီးဌာနမှ အင်းစိန်နှင့် မိတ္ထီလာ ထောင်များသို့ မူလတန်းဖတ်စာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများ လှူဒါန်းခဲ့ကြပါသည်။ 'လူတိုင်းအတွက် ပညာရေး' ကို ပီပီ ပြင်ပြင် ဆောင်ရွက်မည်ဆိုလျှင် အကျဉ်းထောင်တိုင်း၌ ပညာသင်ကြား လိုသူများကို ပညာသင်ပေးရန် အစီ အစဉ် သတ်သတ်မှတ်မှတ်ရှိရပါမည်။

ပညာရေးဌာန၏ အစီအစဉ်ဖြင့် နှစ်ဆုံး စာမေးပွဲမေးခွန်းထုတ်၍ စစ်ဆေးရပါ မည်။ မည်သည့်အတန်းအထိ တတ် မြောက်ပြီးဖြစ် ကြောင်းကို အသိအမှတ် ပြုလက်မှတ် ထုတ်ပေးရပါမည်။

ပြည်ထဲရေးဝန်ကြီးဌာနက အိမ်ရှင်ဖြစ်သဖြင့် ဦးစီးဦးဆောင်ပြုသင့်ပါသည်။

ပညာရေး ၀န်ကြီးဌာနကို ဖိတ်ခေါ်ညှိနှိုင်းသင့်ပါသည်။ ခိုးဆိုး နှိုက်များအဖြစ်သာ မြင်နေပြီး မပစ်ပယ်ထားသင့်ပါ။ အခြားသော အကျဉ်းထောင်အတွင်း ပစ်ဒဏ်ခံနေရ စဉ်မှာပင် အခြေခံဘွဲ့၊ ဘွဲ့လွန်ဒီဂရီများ ဆွတ်ခူးရရှိသွားသူများရှိကြပါသည်။

'လူတိုင်းအတွက် ပညာရေး' ဖြစ်စဉ် နောက်တစ်ခုရှိပါသေးသည်။ ဥပမာ ပေးပါမည်။ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်မှ 'မြရတနာ' အစိုးရ မူလတန်းကျောင်း ဖြစ်ပါသည်။

မြရတနာ ကျေးရွာသည် ကုသပျောက်ကင်းပြီးစီး ပြီဖြစ်သော အနာကြီးရောဂါသည် ဟောင်းများစွာဖြင့် စုစည်းတည်ထောင် ထားပါသည်။

ထိုရွာမှ မူလတန်းအရွယ် ကလေးငယ်များသည် ရွာနှင့်တစ်ဆက် တည်း မြေနေရာတွင် ဖွင့်လှစ်ထားသော အစိုးရမူလတန်း ကျောင်းတွင် ပညာသင် ကြားလျက်ရှိကြပါသည်။

ကလေးများမှာ မည်သည့်ရောဂါမျှမရှိသော လူငယ် လေးများ ဖြစ်ကြပါသည်။

ကလေးများထဲမှ ကလေးများသာ ဖြစ်ကြသည့်အတိုင်း ကလေးများသဘာဝအတိုင်း ရှိကြပါသည်။

သို့သော် ကလေးများ အားလုံးနီးပါး နွမ်းပါးကြပါသည်။

ထိုကျောင်း၏ မိဘဆရာအသင်း အစည်းအဝေးကို စာရေးသူကိုယ်တိုင် လေ့လာသူအနေဖြင့် တက်ရောက်ဖူးပါသည်။

မိဘများမှာ ရောဂါပျောက်ကင်း နေကြပြီဖြစ်သော်လည်း နေ့စဉ်သုံးစွဲ နေရသော သောက်ဆေး၊ လိမ်းဆေးများ ရှိပြီး ဆေးအနံ့သည် သာမန်လူတစ်ဦး အတွက်မှာမူ အနံ့ပြင်းထန်ပါသည်။

ထိုကျောင်းတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာ၊ ဆရာမများမှာ အမှန် တကယ်ပင် အနန္တော၊ အနန္တဂိုဏ်းဝင်များ ပီသလှ ပါသည်။

ဤရွာမှ ဆင်းရဲနွမ်းပါးသော ကလေး များ၏ အလယ်တန်း၊ အထက်တန်းပညာ ရေးအတွက်မှာ မှုန်ဝါးဝါးသာ ဖြစ်ပါသည်။ တက္ကသိုလ်ဆိုသည်မှာ အိပ်မက် တစ်ခုသာ ဖြစ်ပါသည်။

အစစ အရာရာ ကို နိုင်ငံတော်မှ ကျခံပေးခြင်းမပြုနိုင်သောကြောင့် ကာယကံရှင်များကိုယ်၌ ကလည်း စရိတ်မျှဝေခံရမည်ဆိုသော မူဝါဒပင်ရှိလင့်ကစား ဤ 'မြရတနာ' အစိုးရမူလတန်းကျောင်းကဲ့သို့သော ပညာသင်ဌာနမှ ကလေးများအတွက်ကိုမူ အထူးကိစ္စ တစ်ရပ်အဖြစ် သီးခြားစဉ်း စားသင့်ပါကြောင်း အကြံပြုပါသည်။

ဤကလေးများ၏ ကိစ္စမှာ ရှေးဘ၀ ကုသိုလ်ကံအကျိုးနည်းလို့ဟူ၍လည်းကောင်း၊ အကျဉ်းထောင်ထဲမှ လူငယ် များကိုလည်း 'ခိုးဆိုးနှိုက်တွေပါကွာ'ဟူ၍ လည်းကောင်း ယနေ့ ခေတ်အခါ တွင် မျက်နှာလွှဲမထားသင့်တော့ပါ။

သို့မှ သာလည်း 'လူတိုင်းအတွက် ပညာရေး'ဆိုသော ဆောင်ပုဒ်မှာ ပီပြင်ပါမည်။ 'လူတိုင်းအတွက်'ဟု ဆိုထားသဖြင့် မသန်မစွမ်း ကလေးများလည်း အကျုံးဝင်ပါသည်။

နိုင်ငံတော်ပေါ် အစိုးရက မျက်မမြင် နားမကြားကလေးများ အတွက် အစီအစဉ်များ၊ ဉာဏ်ရည်နိမ့် ကလေးများအတွက် အစီအစဉ် များကို 'လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာန'မှ တာဝန်ယူ၍ ဆောင်ရွက်ပေးနေကာ အတော်ပင် ပြည့်စုံအောင်လည်း ဆောင်ရွက်ပေးလျက်ရှိနေပါသည်။

မျက်မမြင် နှင့် ဆွံ့အနားမကြား ဉာဏ်ရည်နိမ့်သူ များအတွက် အစီအစဉ်များ ရှိနေသော်လည်း မွေးရာပါ ကိုယ်လက်အင်္ဂါ မစုံလင် သူ၊ ချို့ယွင်းနေသူ ကလေး၊ လူကြီးများ အတွက် ပံ့ပိုးမှုမှာ လစ်ဟနေပြီး 'ရွှေမင်း သားဖောင်ဒေးရှင်း'ကဲ့သို့သော ပုဂ္ဂလိက အဖွဲ့အစည်း များ၏ လှုပ်ရှားပံ့ပိုးမှုများ သာ အဓိက နေရာယူထားရပါသည်။

စာရေးသူ၏ ကိုယ်ပိုင်အတွေ့အကြုံ တစ်ခုကို ဥပမာအနေဖြင့် တင်ပြပါမည်။ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ကျေးရွာတစ်ရွာတွင် တဲသာသာ အိမ် လေးဖြင့် လူတန်းစေ့နေနိုင်သည်ဟူ သော အဆင့်မျှသာရှိသော ရေလုပ်သား မိသားစုတစ်စုတွင် သားသမီးများထဲ ဒီ ၁၀ တန်းကျောင်းသူတစ်ဦး ပါရှိပါသည်။

ထိုကျောင်းသူလေးမှာ မွေးဖွားစဉ်က တည်းက လက်နှစ်ဖက်စလုံးမှာ ပခုံးတွင် ငုတ်တိုကလေးများအဖြစ်သာ ပါရှိပြီး ခြေတစ်ဖက် မှာလည်း တိုနေပါသည်။

စာရေးသူ သိရှိရစဉ်ကာလက ကလေး မလေးမှာ အသက် ၁၆ နှစ်ကျော်ခန့်သာ ရှိပြီး အရပ်မှာ ငါးပေပင် မပြည့်တတ်ပါ။ ပညာကို လိုလားသဖြင့် ခြေထောက်ဖြင့် စာရေးလျက် တက္ကသိုလ်ဝင်တန်းသို့ ရောက်ရှိလာခဲ့ပြီး ညဘက်တွင် စာအုပ် ကို ကြမ်းပေါ်တွင်ချလျက် မီးခွက်ဖြင့် ခေါင်းငုံ့ဖတ်ရှုစာကျက်ရသောကြောင့် မျက်စိအတန်ပင်မှုန်နေပြီဖြစ်ပါသည်။

မိဘများမှာ ငွေကြေးအခက်အခဲကြောင့် တပ်ဆင်ထားသော မျက်မှန်၏ ပါဝါကို လည်း လဲလှယ်ပေးခြင်း မပြုနိုင်ကြပါ။

ဤအဖြစ်အပျက်များကို သိရှိသော သူတစ်ဦးမှ စာရေးသူထံ လှမ်း၍ အသိ ပေးသောကြောင့် စာရေးသူမှ ထိုကလေး ကို တွေ့ဆုံရန် စီစဉ်ခဲ့ပါသည်။ စာရေးသူ မှ မျက်မှန်အသစ်တစ်စုံ ပြုလုပ်ပေးပြီး တက္ကသိုလ်ဝင်စာမေးပွဲကိုလည်း နှစ်ချင်း ပေါက် အောင်မြင်အောင် သင်ကြားပေး ရန် ထိုကလေး၏ကျောင်းမှ ဆရာ၊ ဆရာ မများကို အကူအညီတောင်းခံခဲ့ပါသည်။

ထိုကလေးမလေး တက္ကသိုလ်ဝင် အစိုးရစစ်စာမေးပွဲကို ဖြေဆိုရာတွင် ခြေထောက်ဖြင့် ရေသားဖြေဆိုမှု အဆင် ပြေစေရန် သီးခြား စားပွဲတစ်လုံး ဒီဇိုင်းထုတ် စီစဉ်ပေးခဲ့ပါသည်။

ကလေးမလေးသည် တက္ကသိုလ်ဝင် စာမေးပွဲကို နှစ်ချင်းပေါက် ဖြေဆို အောင်မြင်ခဲ့ပြီး Applied Maths အဓိကဘာသာ ယူလိုသော ကြောင့် စာရေးသူမှပင် ပုသိမ်တက္ကသိုလ်နှင့် ညှိနှိုင်းပြီး တက်ရောက်ခွင့်ရရှိစေခဲ့ပါသည်။

ထို့ပြင် ကလေးမလေး၏ ဝေယျာဝစ္စ ဆောင် ရွက်ပေးမည့် အစ်မအရင်းဖြစ်သူနှင့် အတူတကွ နေထိုင်နိုင်ရန် ပုသိမ် တက္ကသိုလ်နှင့် ညှိနှိုင်းစီစဉ်ပေးနိုင်ခဲ့ပါသည်။

စာရေးသူ၏ မေတ္တာရပ်ခံချက်အရ ဘွဲ့ရရှိသည်အထိ ကုန်ကျမည့် ကျောင်းစရိတ်အ၀၀ကို 'စိန်ပေါကျောင်း သားဟောင်းများ အသင်း'က တာဝန်ယူ ကျခံပေးပါသည်။

ထိုထောက်ပံ့ငွေကို စနစ်တကျသုံးစွဲ၍ ထိုကလေးမလေး သည် ပိုလျှံငွေဖြင့် တစ်ဖက်မှလည်း ကွန်ပျူတာသင်တန်းကို တက်ရောက် ကာ ကွန်ပျူတာဒီပလိုမာရရှိခဲ့ပါသည်။

တက္ကသိုလ်မှ သက်မှတ်နှစ်မှာပင် ဘွဲ့ရရှိ သောအခါ စာရေးသူမှပင် 'ရွှေမင်းသား ဖောင်ဒေးရှင်း'နှင့် ချိတ်ဆက်၍ အလုပ် ခန့်ထား ပေးရေး စီစဉ်ပေးခဲ့ပါသည်။

ရန်ကုန်မြို့တွင် အစ်မနှင့်အတူ နေထိုင် နိုင်ရန်အတွက်ကိုလည်း သီးသန့်နေရာ စီစဉ်ပေးနိုင်ခဲ့ပါသည်။ အထက်ပါ ကလေးမလေး၏ အမည်မှာ 'မေဇင်အောင်' ဖြစ်ပြီး ယခုအခါ မိမိဘ၀ခရီးကို မိမိ၏အားမာန်ဖြင့် လျှောက်လှမ်းနေပြီဖြစ်ပါသည်။

မြန်မာ့ဓလေ့ထုံးစံတွင် လွဲမှားသည့် အစွဲတစ်ခု ရှိပါသည်။

ဤသည်မှာ ကိုယ်လက်အင်္ဂါ ချို့ယွင်းနေသောသူများနှင့် တွဲ၍ ဓာတ်ပုံတွင် မပါဝင်လိုခြင်း ဖြစ်ပါသည်။

မြန်မာ့ရုပ်မြင်သံကြား MRTV သည်ပင်လျှင် ၂၀၁၀ ပြည့်နှစ် နှစ်လယ် ကာလအထိ ကိုယ်လက်အင်္ဂါ ချို့ယွင်းနေသူများ၏ သတင်းကို ကြေညာလျှင် အရုပ်မပါဘဲ ကြေညာလေ့ရှိပါသည်။

ဤအဖွဲ့သည် ခေတ်နောက်ကျနေပြီ ဖြစ်ပါသည်။

ယခုအခါ နိုင်ငံတကာ အဖွဲ့အစည်းများမှ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးမေးမြန်းမှုများ ရှိလာ သောအခါ 'မေဇင်အောင်'သည် မင်းသမီးတစ်ဦး ဖြစ်၍လာနေပါပြီ။

မြန်မာ့ရုပ်မြင် သံကြား အစီအစဉ်မှ မေဇင်အောင်ကို သရုပ်ဆောင်စေလျက် ကလေးမလေး၏ ဘ၀ဖြစ်စဉ်ကို ဇာတ်လမ်းဖွဲ့၍ ရိုက်ကူး ပြသလျက် ရှိနေပါပြီ။

သို့သော် မြန်မာ တစ်နိုင်ငံလုံးတွင် မေဇင်အောင်ကဲ့သို့ ယောက်ျားလေး၊ မိန်းကလေးများ များစွာ ကျန်ရှိနေပါသေးသည်။

ဖတ်ရှုသူများအနေဖြင့် ဘူတာရုံများ၊ အဝေးပြေးကားဂိတ်များတွင် အကြော်စုံ၊ ဘဲဥပြုတ်၊ ရေနွေးရောင်းနေသော ကလေးများကို တွေ့မြင်ဖူးကြပါမည်။

ထိုကျောင်းနေအရွယ်ကလေးများသည် နိစ္စဓူဝ ဘူတာရုံနှင့် ကားဂိတ်များတွင် အချိန်ပြည့် တစ်နေ့လုံးနီးပါး ၀မ်းစာ ရှာဖွေနေကြ ရသဖြင့် ပုံမှန်ကျောင်းချိန် ဖြင့် သင်ကြားပေးသော အစိုးရကျောင်း များသို့ မတက်ရောက်နိုင်ကြပါ။

ထိုကလေးများအတွက် ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် UNICEF မှ စမ်းသပ်မြို့နယ်အချို့တွင် ကျောင်းပြင်ပ၊ ပညာရေး အနေဖြင့် ညကျောင်းများ ဖွင့်လှစ်၍ မူလတန်းပညာရေးနှင့် HIV / AIDS ကာကွယ်တားဆီးရေးများ သင်ကြားပေးလျက်ရှိပါသည်။

ဆက်လက်ဖော်ပြပါမည်။
Myanmar Times

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်