Subscribe to our RSS Feed

ခေါင်းမာလို့ မရတော့တဲ့ ကေအိုင်အေ (ပေးစာ - ၈၅)


ဗိုလ်ချုပ် ဂွမ်မော်နှင့်အဖွဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးစဉ်

မြန်မာအစိုးရတပ်တွေနဲ့ ကေအိုင်အေအဖွဲ့တို့ ၂၀၁၁ခုနှစ် ဇွန်လ ၉ ရက်နေ့မှ စတင်ကာ တိုက်ပွဲတွေ ဖြစ်ပွား ခဲ့ကြပါတယ်။ ကချင်ပြည်နယ်အတွင်း အေးချမ်းစေရန်အတွက် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲများကို ၂၀၁၁ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှ စတင်ကာ လိုင်ဇာမြို့မှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပြီး ပြည်နယ်တည်ငြိမ်အေးချမ်းမှုညှိနှိုင်းရေးအဖွဲ့နှင့် ကေအိုင်အိုညှိနှိုင်းရေးအဖွဲ့တို့ဟာ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးခြင်းများ ၊ စာဖြင့်အပြန်အလှန်ဆက်သွယ်ပေးပို့ခြင်းများဖြင့် အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ကြတယ်လို့ ဆိုပါ တယ်။
ဒီလိုနှစ်ဘက်တွေ့ဆုံဆွေးနွေးရာမှာ ကေအိုင်အို အဖွဲ့အစည်းအတွင်းမှာရှိတဲ့ ခေါင်းဆောင်များရဲ့ မမှန်ကန်သော သဘောထားများဖြစ်သည့် လက်နက်ကိုင်ကာ ပြည်နယ်အတွင်း စီးပွားရှာလိုမှုများ၊ လူမျိုးစု အကြီးအကဲတို့၏ အခွင့်အာဏာများကို လက်လွှတ်ဆုံးရှုံးမှာ စိုးရိမ်မှုစသည့် အကြောင်းအမျိုးမျိုးပြကာ ဖြည့်စွက်တောင်းဆိုမှုများ ပြုလုပ်ခြင်းဖြင့် ငြိမ်းချမ်းရေးကို ခေါင်းရှောင်နေတယ်လို့ စွပ်စွဲပြောဆိုခံနေရပါတယ်။ အဲ့ဒီနောက်မှာတော့ ကချင်ပြည်နယ်အတွင်း နေ့စဉ်နှင့်အမျှ တိုက်ပွဲကြီးငယ်များဖြစ်ပွားခဲ့ပြီး ကချင်လူမျိုးများ စစ်ဘေးစစ်ဒဏ် သင့်ခဲ့ ကြတယ်လို့ ထင်ပါတယ်။
နိုင်ငံတော်သမ္မတကြီးက အစိုးရတပ်များကို ထိုးစစ်ဆင်ခြင်းမပြုရန် အမိန့်ထွက်လာပြီးနောက်မှာ ကေအိုင်အေ ဘက်မှ အစိုးရစစ်ကြောင်းများကို ချုံခိုမိုင်းဆွဲခြင်း၊ အစိုးရတပ်ချီတက်လာမှာစိုးလို့ဟု အကြောင်းပြကာ ကားလမ်း၊ တံတားများ၊ ရထားသံလမ်းများ ဖျက်ဆီးခြင်းတို့ကို မရပ်မနား ဆက်လက်လုပ်ခဲ့ကြပါတယ်။ဒါကြောင့်မို့ ပြည်နယ် အတွင်း ယမ်းခိုးယမ်းငွေ့များ မပျောက်ပြယ်ဘဲ နေ့စဉ်တိုက်ပွဲများ ဖြစ်နေတာကိုလည်းမြင်တွေ့သိရှိနေရပါတယ်။

ဒီထက်ပိုဆိုးတာက ကေအိုင်အို အဖွဲ့ဟာ ကေအိုင်အေတပ်တွေမစိုးမိုးနိုင်တဲ့နေရာတွေမှာ ဖောက်ခွဲဖျက်ဆီးရေး တွေလုပ်ပြီုး ပြည်သူလူထုကို အကြောက်တရားနှင့် ဖိနှိပ်ခြင်း၊ စာသင်ကျောင်းများပိတ်ရန် ခြိမ်းခြောက်ခြင်းနှင့် အများပြည်သူသွားတဲ့လမ်းတွေမှာ မိုင်းထောင်၊ လူသစ်စုတာတွေ လုပ်နေတာကိုလည်းမြင်တွေ့နေရပါတယ်။


ဒီလိုအခြေအနေ တွေဖြစ်လာလို့ ကချင်ပြည်နယ်အတွင်းရှိ ဘာသာရေးခေါင်းဆောင်များနှင့် အဖွဲ့အစည်း အသီးသီးက ကချင်ပြည်နယ်အတွင်းစစ်ပွဲများရပ်ရန် နှစ်ဘက်စလုံးကို တောင်းဆိုလာခဲ့ကြပါတယ်။ ဒါပေမဲ့ ကေအိုင်အေ အဖွဲ့ဟာ ခေါင်းမာမာနဲ့ အစိုးရကိုခုခံတိုက်ခိုက်နိုင်ကြောင်း ပြသတဲ့အနေဖြင့် တိုက်ပွဲများကို ဆက်လက်ဆင်နွှဲလျက်ရှိပါတယ်။ ဒီလို တိုက်ပွဲဝင်နေရတာကိုလဲ ကချင်လူမျိုးများ ကောင်းစားရေးနှင့် တိုင်းရင်းသားတွေ တန်းတူညီတူအခွင့်အရေး ရရှိရေးအတွက် တိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဂမ်ရှောင်က ကျွန်တော်တို့ ကချင်မျိုးနွယ်စုတွေကို ရှင်းပြထားပါတယ်။


၂၀၁၂ ခုနှစ် နှစ်ဆန်းချိန်မှာတော့ အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရ အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေချိန်မှာ ကေအိုင်အေ အဖွဲ့သာ တိုက်ပွဲကြားမှာ ထီးထီးကြီး ကျန်ရှိ နေပါတော့တယ်။ ကေအိုင်အေထက် စစ်ရေးအင်အား အစစအရာရာ သာလွန်ပြီး နှစ်ပေါင်း ၆၀ ကျော် တော်လှန်ရေးလုပ်နေတဲ့ KNU တောင် ငြိမ်းချမ်းရေးလုပ်ဆောင်နေပြီ ဖြစ်ကြောင်းသတင်းများ ဖတ်နေရ ပါတယ်။


ပြည်နယ်အတွင်းမှာလည်း ကေအိုင်အေ အဖွဲ့ရဲ့ တော်လှန်ရေးလုပ်ငန်းများကြောင့် စီးပွားရေးလုပ်ကိုင် စားသောက်ရန်ခက်ခဲလာခြင်း၊ ဒေသခံပြည်သူများ ဒုက္ခသည်အဖြစ်ဖြင့် လူနေမှုဘ၀ဆိုးများကို ရင်ဆိုင်နေရခြင်း တို့ကြောင့် ကချင်ပြည်နယ်သူ/ ပြည်နယ်သားတွေက ကေအိုင်အေ အဖွဲ့အပေါ် အမြင်မကောင်းတော့ဘဲ ဆိုးရွား မိုက်ရိုင်းတဲ့ အဖွဲ့အဖြစ် မြင်လာကြပါတယ်။




လက်ရှိ ကေအိုင်အို/ကေအိုင်အေ ခေါင်းဆောင်ကြီးများကိုလည်း ပြည်နယ်အေးချမ်းသာယာတိုးတက်မှုနှင့် ကချင် လူမျိုးတို့၏ ကံကြမ္မာအား အလေးအနက်ထား မစဉ်းစားဘဲ အာဏာကို သာယာယစ်မူးကာ တစ်ယူသန်ဆုံးဖြတ်မိ မှာကို ကချင်ပြည်နယ်အတွင်းရှိ ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် စိုးရိမ်လျက်ရှိနေကြောင်း၊ တစ်အူတုံးဆင်း ညီအစ်ကိုများသာဖြစ်ကြသဖြင့် မိမိအမျိုးသားများ၊ မိမိ၏ပြည်သူလူထုများ ကျဆုံးနစ်နာသွားမည်ကို မလိုလား ကြောင်း၊ နိုင်ငံတော်အတွင်း ညီအစ်ကိုအချင်းချင်း သံသယစိတ်ဖြင့် မယုံမကြည်ဖြစ်ကြရခြင်းနှင့် အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ချင်းတို့သည် မဖြစ်သင့်သောအရာများဖြစ်လို့ သမိုင်းတွင်အကျည်းတန်ကျန်ရစ်မည့် ကိစ္စများ သာဖြစ်ကြောင်း အမျိုးတူအပေါင်းအသင်းများက ပြောဆိုဆုံးမခဲ့ပါတယ်။
ဒီလိုမျိုး ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများသာမက အမေရိကန်အပါအ၀င် နိုင်ငံတကာကပါ အပစ်ရပ်စဲရေးတောင်းဆိုမှုတွေ ရှိလာမှုကို ခေါင်းမာနေတဲ့ ကေအိုင်အေ အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို လုပ်ရတော့ မှာဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရနဲ့ဖြစ်တဲ့တိုက်ပွဲ တွေမှာလဲ အချိန်ကြာမြင့်လာတာနဲ့အမျှ တပ်ရင်း ဌာနချုပ်စခန်းများ တစ်ခုပြီးတစ်ခု လက်လွတ်ဆုံးရှုံးနေရသလို အထိအခိုက်အကျအဆုံးများလာခြင်း၊ အတင်းအဓမ္မ စုဆောင်းထားတဲ့ ကေအိုင်အေ တပ်သားများ တရုပ်ပြည် အတွင်းသို့ ထွက်ပြေးခြင်းများကြောင့် စစ်ရေးအကြပ် အတည်း ပြေလျော့ဖို့အတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုက ထွက်ပေါက်တစ်ခုဖြစ်တယ်လို့ယူဆသူများ ရှိနေပါတယ်။


ကချင်ပြည်နယ်လွတ်မြောက်ရေးအတွက် အသက်စွန့်သွားသော မျိုးချစ်စစ်သည်တစ်ဦး

သို့ပေမဲ့လည်း စစ်ရေးအကဲခတ်များကတော့ လက်နက်ကိုင်အာဏာရှိမှုကို လက်မလွှတ်ချင်တဲ့ ကေအိုင်အေ စစ်ဘက်ခေါင်းဆောင်ကြီးများကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများမှာ ယခင်အခေါက်များကလိုဘဲ ရှေ့မတိုး၊ နောက်မဆုတ် ဝှေ့လည်ကြောင်ပတ်ဖြစ်မှာပဲလို့ သုံးသပ်ထားပါတယ်။



ဒီလိုဆွေးနွေးမှုများပြုလုပ်ရန် အဓိက စေ့ဆော်တဲ့ အခြားအချက်များကတော့ UNFC အဖွဲ့ ၀ါးအစည်းပြေ သလို တစ်ဖွဲ့ချင်းအလိုက် ငြိမ်းချမ်းရေး ဆွေးနွေး နေခြင်း၊ ကေအိုင်အေအဖွဲ့ထက် စစ်ရေး၊ နိုင်ငံရေး အဘက်ဘက်က သာလွန်ပြီး တော်လှန်ရေး တိုက်ပွဲဝင် လုပ်သက်ရင့် KNU အဖွဲ့အပစ်ရပ်စဲထားခြင်း ၊ အစိုးရသစ် အဖွဲ့၏ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမေရိကန်နှင့် အနောက်အုပ်စုများက အသိအမှတ် ပြုလာခြင်းကြောင့် ကေအိုင်အေအနေနဲ့ ခေါင်းမာနေလို့မရတော့ဘဲ ပြည်သူတွေလိုလားတဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းအပေါ် လျှောက်ရတော့မည်ထင်ပါတယ်။ ဒါကြောင့် ထာဝရ ငြိမ်းချမ်းရေးလမ်းမပေါ်မှာ ကေအိုင်အိုအဖွဲ့ ယောင်ပြ လျှောက်မလား၊ တကယ်လျှောက်မလား ဆိုတာကိုတော့ ဘာတွေတောင်းဆိုမလဲ ဆိုတဲ့အချက်နဲ့ ကြည့်ရ တော့မှာဖြစ်ပါတယ်။

• ကချင်မျိုးနွယ်စုတွေက ကချင်အမျိုးသားရေးအဖြစ် လက်မခံ …… ။
• ကချင်ပြည်နယ်အတွင်းရှိ အခြားတိုင်းရင်းသားညီအစ်ကိုများက ရွံ့ကြောက်ကြီးဖြစ်လာ …… ။
• ပြည်တွင်း/ပြည်ပ စီးပွားရေးလုပ်ငန်းရှင်ကြီးများက သူတို့ရဲ့အကျိုးစီးပွားနစ်နာဆုံးရှုံးမှု များအတွက် နာကြည်းမုန်းတီး ……. ။
• ကေအိုင်အေအဖွဲ့ ဖန်တီးတဲ့စစ်ပွဲများကြောင့် ဘ၀ပျက်နေရတဲ့ လက်လုပ် လက်စားများအပါအ၀င် ပြည်နယ် အတွင်း မှီတင်းနေထိုင်ကြသော ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံတို့ရဲ့ ပို့သတဲ့မေတ္တာများကြောင့် ……
ကေအိုင်အို ခေါင်းဆောင်များအနေဖြင့် ကိုယ်စားလှယ်အဖွဲ့များစေလွှတ်ကာ တွေ့ဆုံဆွေးနွေးမှုများ စတင် ဆောင်ရွက်တော့မည်ဖြစ်ကြောင်း အသိပေးပန်ကြားချက်အား ၂၀၁၂ ဇန်န၀ါရီလ ၁၇ ရက်နေ့တွင် ထုတ်ပြန် လာခဲ့ပြီ ဖြစ်ပါတယ်။

လူမျိုးရေးဝါဒစွဲတွေ ခေါင်းဆောင်လုပ်နေတဲ့ ခေါင်းမာတဲ့ ကေအိုင်အေအဖွဲ့ အနေနဲ့ ထာဝရ ငြိမ်းချမ်းရေး လမ်းကြောင်းကနေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် လက်နက်ကိုင်နိုင်ငံရေးလမ်းစဉ်နဲ့ ဘယ်လို တိုက်ပွဲဝင် မလဲဆိုတာ စိတ်ဝင်စားဖွယ်ကောင်းပါတယ်။

ဦးလဇိန်ဘောက်တူ(မြစ်ကြီးနား)

2 comments:

ဟဲ ဟဲ ဟဲ ဟဲ .....

ကေအိုင်အေ တွေကော ကေအိုင်အိုတွေကော အကုန်လုံးကိုသတ်ပစ် သင့်တယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်