ဂျပန်နိုင်ငံဘက်မှ ၂၅ နှစ်ကြာ ရပ်ဆိုင်းထားခဲ့သော ရန်ကုန်လေဆိပ် တိုးချဲ့ရေးစီမံကိန်း အပါအဝင် မြန်မာနိုင်ငံအတွက် ရပ်တန့်ထားခဲ့သော နိုင်ငံရပ်ခြား ဖွံ့ဖြိုးတိုးတက်မှု အထောက်အပံ့များနှင့် ချေးငွေများမှာ မကြာမီ ပြန်လည်အသက်ဝင်လာဖွယ် ရှိကြောင်း ဂျပန်နိုင်ငံ အထက်လွှတ်တော်အမတ် Mr.Koizumi Toshiaki က ပြောသည်။ ၁၉၈၇ ခုနှစ်မှစ၍ ဂျပန်နိုင်ငံ ချေးငွေအကူအညီဖြင့် ဆောင်ရွက်ခဲ့သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တိုးချဲ့ရေးစီမံကိန်းမှာ လုပ်ငန်းမပြီးပြတ်သေးမီ ရပ်ဆိုင်းခဲ့ရသည်။ အဆိုပါစီမံကိန်းကို ၁၉၈၁ တွင် နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ချေးငွေပမာဏ လက်ကျန်မှာ အမေရိကန်ဒေါ်လာသန်း ၂၀၀ ရှိခဲ့သည့်အနက် ဆက်လက်အကူအညီပေးရေးကို ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က ဇန်နဝါရီလ ၁၁ ရက်တွင် ၄င်းနှင့်တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ “သူတို့ ဆွေးနွေးခဲ့တာ သုံးခုပေါ့။ လေဆိပ်စီမံကိန်း၊ သဘာဝဘေးအန္တရာယ်အတွက် တိတိကျကျ ကြိုတင်သတိပေး ထုတ်ပြန်နိုင်ဖို့ မုန်တိုင်းပြ ရေဒါခြောက်လုံးကို ကွန်ရက်စနစ် လှူဒါန်းတပ်ဆင်ဖို့နဲ့ ဧရာဝတီ၊ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ရေလမ်းကြောင်း ထိန်းသိမ်းရေးအတွက် ကျွမ်းကျင်ပညာရှင်များ လွှတ်ပေးဖို့တွေပါ။ အခုက ဂျပန်ဘက်မှာ ဒါကိုအဆင့်ဆင့် တင်ပြပြီး ဆွေးနွေးနေပါပြီ။ လာမယ့် ရက်ပိုင်းမှာ အကောင်အထည်ပေါ်လာဖို့ ရှိပါတယ်” ဟု အထက်ပါ ဂျပန်အထက်လွှတ်တော်အမတ်နှင့် ဆက်သွယ် ဆောင်ရွက်ပေးနေသည့် စွမ်းအင်ကုမ္ပဏီတစ်ခု၏ အကြီးအကဲဖြစ်သူက ဇန်နဝါရီ ၁၇ ရက်တွင် ပြောသည်။ ထို့အပြင် ဂျပန်နိုင်ငံအနေဖြင့် နိုင်ငံရေးအခြေအနေအရ နှစ်စဉ် ထောက်ပံ့ပေးနေသော နိုင်ငံရပ်ခြား ဖွံ့ဖြိုးတိုးတက်မှု အထောက်အပံ့ ODA အား ပိုမိုးတိုးမြှင့် ထောက်ပံ့ပေးရန်နှင့် အခြားချေးငွေများဖြင့် အကူအညီပေးရန် ရှိကြောင်းလည်း Mr.Koizumi က ဇန်နဝါရီလ ၁၁ ရက်တွင် ပြည်တွင်းမီဒီယာအချို့နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ ၄င်းအပြင် ODA သာမက ဂျပန်နိုင်ငံ JABIC ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များမှာ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံ၍ အကူအညီပေးရန် အစီအစဉ်များရှိပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်မည့် အခြေအနေနှင့် ယုံကြည်မှုတည်ဆောက် လုပ်ကိုင်ရမည်ဖြစ်ကြောင်း ၄င်းကပြောကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
ခေတ်လူငယ်
ခေတ်လူငယ်
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်