Subscribe to our RSS Feed

အစိုးရနှင့် ရှမ်းပြည်တိုးတက်ရေးပါတီတို့ အပစ်အခတ် ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုး


From : 7 Day

အစိုးရနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့ အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူ လက်မှတ်ရေးထိုးနိုင်ပြီဖြစ်ကြောင်း အဆိုပါ လက်မှတ်ရေးထိုးပွဲသို့ သတင်းသွားရောက်ရယူနေသော 7Day News သတင်းထောက်က သတင်းပေးပို့သည်။ ရှမ်းပြည်နယ်အစိုးရရုံးတွင် ယနေ့ညနေ ၄ နာရီခန့်တွင် နှစ်ဘက်တာဝန်ရှိသူများက အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

အစိုးရနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေး

အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးဖော်ဆောင်ရေးအဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ ယနေ့ (ဇန်နဝါရီ ၂၈) တောင်ကြီးမြို့တွင် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးလျက်ရှိသည်။ အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ ဦးအောင်သောင်းခေါင်းဆောင်ပြီး ဦးသိန်းဇော်၊ ဦးမောင်မောင်သိမ်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သော ဒုတိယခေါင်းဆောင် ဦးဝင်းထွန်း၊ ဦးအုန်းမြင့်စသော ပုဂ္ဂိုလ်များပါဝင်သည်။ ထူးခြားမှုမှာ သမ္မတဦးသိန်းစိန်၏ ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုတွင် လွတ်မြောက်ခဲ့သော ရှမ်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဆေထင်မှာ ငြိမ်းချမ်းရေးအကျိုးဆောင်အဖြစ် ပါဝင်လာခြင်းဖြစ်သည်။

ရှမ်းပြည်တိုးတက်ရေးပါတီမှ ပါတီဗဟိုကော်မတီ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် ဦးစဝ်ထီးတိုင်း ခေါင်းဆောင်ပြီး အဆင့်မြင့်တာဝန်ရှိသူများ ပါဝင်သည်။ အစိုးရနှင့် SSPP တို့မှာ အပစ်အခတ်ရပ်စဲရေးအတွက် ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက အပြန်အလှန် ကမ်းလှမ်းထားပြီး ယနေ့တွင် တောင်ကြီးမြို့၌ တရားဝင်တွေ့ဆုံကြခြင်း ဖြစ်သည်။ ယနေ့ဆွေးနွေးပွဲတွင် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် နှစ်မျိုးစလုံးမှာပင် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူလက်မှတ်ရေးထိုးရန် အစီအစဉ်ရှိသည်ဟု သိရကြောင်း အစည်းအဝေးသို့ရောက်နေသော 7Day News သတင်းထောက်က သတင်းပေးပို့သည်။

ယနေ့နံနက် ၁၁း၀၀ နာရီတွင် တောင်ကြီးဟိုတယ်၌ နှစ်ဖက်တာဝန်ရှိသူများ တစ်နာရီကြာ တွေ့ဆုံဆွေးနွေးသည်။ ထို့နောက် ထမင်းစားနားပြီး ယနေ့မွန်းလွဲပိုင်းတွင် တောင်ကြီးပြည်နယ် အစိုးရရုံးတွင် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။ နှစ်ဖက်တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးရာတွင် အပစ်အခတ်ရပ်စဲရေး၊ ဆက်ဆံရေးရုံးခန်းထားရှိရေး၊ ဒေသဝင်ထွက်ခွင့်ပြုရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ဒေသသတ်မှတ်ပေးရန်တို့ကို အဓိကဆွေးနွေးကြခြင်း ဖြစ်သည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်