Subscribe to our RSS Feed

အမှန်တကယ် ပြုပြင်ပြောင်းလဲ နေပြီဟုယုံကြည်ကြောင်း 'ကန်' အမတ်ပြော


ရွှေယင်းမာဦးနှင့် အေအက်ဖ်ပီ
အတွဲ ၂၈ ၊ အမှတ် ၅၅၃ ( ၂၀ - ၂၆ ၊ ၁ ၊ ၂၀၁၂)

မြန်မာနိုင်ငံ၌ အပြောင်းအလဲအမှန် တကယ်ဖြစ်ပေါ်နေပြီဖြစ်ကာ ဆက်လက်ဖြစ်ပေါ်တိုးတက်သွားမည်ဟု ယုံကြည်ကြောင်း အမေရိကန်အထက် လွှတ်တော်အမတ် Mitch McConnell က ဇန်န၀ါရီလ ၁၇ ရက်နေ့က ပြောကြားလိုက်သည်။

နိုင်ငံတော် သမ္မတဦးသိန်းစိန်၊ အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီးနောက် နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ယင်းသို့ပြောကြားခြင်းဖြစ်ကြောင်း အေအက်ဖ်ပီသတင်းဌာနက ဖော်ပြထားသည်။

၎င်းသည် ဇန်န၀ါရီလ ၁၆ ရက်နေ့ကလည်း ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်းစု ကြည်နှင့်တွေ့ဆုံခဲ့ရာ လက်ရှိဖြစ်ပေါ်နေသော အပြောင်း အလဲများနှင့် ပတ်သက်ပြီး ကျေနပ်အားရကြောင်း ပြောသည်။

မြန်မာနိုင်ငံအပေါ်ထားရှိသည့် ပိတ်ဆို့မှုများရုပ်သိမ်းရေးနှင့် ပတ်သက်ပြီး ဆက်လက် သုံးသပ်ဆောင်ရွက်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံအပြီးတွင် ပြောကြားခဲ့သည်။

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ် မျှတသော ရွေးကောက်ပွဲအဖြစ် တွေ့မြင် လိုသကဲ့သို့ တိုင်းရင်းသားလူမျိုးစုများ နှင့် ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများ ဖြေရှင်းရေးနှင့် ငြိမ်းချမ်းရေးကိစ္စများတွင် ပိုမိုတိုးတက်မှုကိုလည်း တွေ့မြင် လိုကြောင်း ပြောကြားခဲ့သည်။

Mitch McConnell သည် မြန်မာနိုင်ငံ လူ့အခွင့်အရေးကိစ္စများနှင့် ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပြောဆိုလေ့ရှိပြီး အမေရိကန်နိုင်ငံက မြန်မာနိုင်ငံ အပေါ်ထားရှိသည့် စီးပွားရေးပိတ်ဆို့မှုအတွက် ဆယ်စုနှစ်တစ်ခုနီးပါး ဦးဆောင်ဦးရွက်ပြုခဲ့သူ တစ်ဦးဖြစ်သည်။

၎င်းသည် ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလအတွင်း မြန်မာနိုင်ငံသို့လာရောက်သည့် စတုတ္ထမြောက် အမေရိကန်အဆင့်မြင့် ကိုယ်စားလှယ် ဖြစ်သည်။

Myanmar Times

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်