Subscribe to our RSS Feed

မြန်မာအစိုးရ၏ ဒီမိုကရေစီပြောင်းလဲမှုများကို အားရကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထုတ်ဖော်ပြောကြား



ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မြန်မာအစိုးရ၏ ဒီမိုကရေစီ ပြောင်းလဲမှုများနှင့် ပတ်သက်၍ ချီးကျူးပြောကြားလိုက်ပြီး မိမိအနေဖြင့် မြန်မာနိုင်ငံသို့ မကြာမီကာလအတွင်း အလည်အပတ်ခရီးသွားရောက်ရန် အစီအစဉ်ရှိကြောင်း ဇန်နဝါရီ ၂၅ ရက်က ထုတ်ဖော်ပြောကြားလိုက်သည်။ သမ္မတဦးသိန်းစိန် ဦးဆောင်သော လက်ရှိမြန်မာအစိုးရသည် မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွှတ်ပေးမှုများအပါအဝင် သိသာထင်ရှားသော ပြောင်းလဲမှုများအတွက် မိမိဝမ်းမြောက်ဝမ်းသာဖြစ်ရပြီး ကျေနပ်အားရမှုလည်းဖြစ်ရကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက နယူးယောက်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားလိုက်သည်။ မြန်မာအစိုးရ ခေါင်းဆောင်များနှင့် တိုက်ရိုက်ထိတွေ့ပြောဆိုရာတွင် မိမိအနေဖြင့် ကိစ္စရပ်အချို့ကို ဆွေးနွေးမည်ဖြစ်ကြောင်း၎င်းက ဆက်လက်ပြောကြားသည်။ မြန်မာအစိုးရခေါင်းဆောင်များနှင့် အနာဂတ်ရေးရာ ကိစ္စရပ်များ တွေ့ဆုံဆွေးနွေးရန် မကြာမြင့်သော အချိန်အတွင်း မြန်မာနိုင်ငံသို့ အလည်အပတ်ခရီးသွားရောက်ရန်လည်း စီစဉ်နေကြောင်း မစ္စတာဘန်ကီမွန်းက ပြောကြားသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် ယခုအကြိမ်သည် တတိယအကြိမ်မြောက် ခရီးစဉ်လည်းဖြစ်သည်။ မစ္စတာဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က နောက်ဆုံး အကြိမ်လာရောက်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်