Subscribe to our RSS Feed

မြန်မာနိုင်ငံအပေါ် ပိတ်ပင်ထားမှုများ အီးယူရုပ်သိမ်းပေးသွားမည်


မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအပေါ် အီးယူအဖွဲ့ဝင်နိုင်ငံများက စောင့်ကြည့်လာခဲ့ရာ မကြာသေးမီက အီးယူအဖွဲ့မှ နိုင်ငံခြားရေးဝန်ကြီးအချို့ မြန်မာနိုင်ငံသို့ ရောက်ရှိလေ့လာခဲ့ကြပြီးနောက် အားရကျေနပ်မှုရှိသဖြင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားမှုများကို ရုပ်သိမ်းပေးသွားရန် အီးယူနိုင်ငံခြားရေးဝန်ကြီးများက သဘောတူဆုံးဖြတ်ခဲ့ကြကြောင်း ရိုက်တာသတင်းဌာနက ဇန်ဝါရီလ ၂၄ ရက်နေ့ ရက်စွဲဖြင့် သတင်းတစ်ရပ် ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံတွင် ရာနှင့်ချီသော နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်း အပါအဝင် ပြုပြင်ပြောင်းလဲမှုများ တွေ့ရှိရပြီးနောက် ဥရောပသမဂ္ဂ (အီးယူ)က မြန်မာနိုင်ငံမှ ထိပ်တန်းအရာရှိများအပေါ် ကန့်သတ်ထားသည့် ခရီးသွားလာခြင်းဆိုင်ရာ ပိတ်ပင်မှုများကို ရုပ်သိမ်းပေးမည်ဖြစ်ကြောင်း၊ ထို့ပြင် သိသာထင်ရှားသည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဆက်လက်တွေ့မြင်ရလျှင် ဧပြီလအတွင်း မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ပင်မှုများကို ထပ်မံလျှော့ပေါ့ပေးမည့်အပြင် စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးမှုအတွက် အကူအညီပေးမည်ဟု အီးယူနိုင်ငံခြားရေးဝန်ကြီးများက ပြောသည်။ “ကန့်သတ်ချုပ်ချယ်မှုများလျှော့ပြီး ဒီမိုကရေစီကျင့်သုံးရန် မြန်မာအစိုးရ၏ အမှန်တကယ် စိတ်အားထက်သန်မှုကို မိမိမြင်တွေ့ရကြောင်း၊ ဧပြီ ၁ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အခြေအနေကို စောင့်ကြည့်လျက်ရှိကြောင်း၊ ဒီမိုကရေစီလုပ်ငန်းစဉ် ရှေ့ဆက်ဖော်ဆောင်သွားမည်ဆိုလျှင် မိမိတို့ဘက်ကလည်း အရေးယူပိတ်ဆို့မှုများကို တိုး၍ တိုး၍ ရုပ်သိမ်းပေးသွားမည်ဖြစ်ကြောင်း” ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Alain Juppe က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်