Subscribe to our RSS Feed

နောက်တစ်ဖန် အာဏာသိမ်းမှု ဖြစ်လာနိုင်စရာ အကြောင်းမရှိဟု သူရဦးရွှေမန်း ပြောကြား


စိုးသန်းလင်း
အတွဲ ၂၈ ၊ အမှတ် ၅၅၃ ( ၂၀ - ၂၆ ၊ ၁ ၊ ၂၀၁၂)

အမိနိုင်ငံသို့ ပြန်ဝင်လိုသော မြန်မာ ပြည်သူပြည်သားများသာမက၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အနောက်အုပ်စုနိုင်ငံများကပါ သီအိုရီ သဘောတရားအရ စိုးရိမ်မကင်းပြောဆိုလျက်ရှိသော 'မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းမှုဖြစ်ကောင်းဖြစ်လာနိုင်မ လား'ဟူသည့် အချက်နှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက "၎င်းကိစ္စဖြစ်လာနိုင်စရာ မရှိ"ဟု ပြောကြား ခဲ့သည်။

"ဒီကိစ္စနဲ့ပတ်သက်ပြီး မိမိအမြင်နဲ့ အတွေ့အကြုံအရ ပြောရမယ်ဆိုရင် ဒါဟာ ဖြစ်လာနိုင်စရာအကြောင်းမရှိပါဘူး။ တာဝန်ရှိတဲ့သူ တစ်ယောက်အနေနဲ့ ပြောရရင် ဒါဟာ ဖြစ်လာမှာမဟုတ်ပါဘူး။ လွှတ်တော်ခိုင်မြဲနေတယ်၊ လွှတ်တော်ရှိနေတယ်ဆိုရင် အာဏာ သိမ်းတယ်ဆိုတာ မဖြစ်နိုင်ပါဘူး"ဟု ၎င်းက ဇန်န၀ါရီလ ၁၆ ရက် ညနေပိုင်း၊ ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံအပြီးတွင် ပြောကြားခဲ့သည်။

၎င်းနေ့ ပြည်သူ့လွှတ်တော်၊ ဇမ္ဗူသီရိ ဆောင်၌ ပြင်သစ်ဝန်ကြီးနှင့်တွေ့အပြီး အေအက်ဖ်ပီသတင်းဌာနမှ Asian-Pacific ငါးနိုင်ငံ၏ Director Bureau Chief Mr. Didier Lauras ၏ အမေးကို ဖြေကြားခဲ့သည်။

"မိမိတို့နိုင်ငံဟာ တခြားကမ္ဘာ့နိုင်ငံတွေနည်းတူ တိုးတက်ဖွံ့ဖြိုးချင်တယ်၊ ထို့နည်းတူစွာပဲ တခြားကမ္ဘာ့နိုင်ငံတွေနဲ့ ဆက်သွယ် ဆက်ဆံမှုကောင်းမွန်ချင်တယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ ဒီမိုကရေစီစနစ်မှတစ်ပါး တခြား အကြောင်းမရှိဘူးလို့ မိမိ ဒီလိုပဲ မြင်မိပါတယ်။ ဒါကြောင့် အချိန်ဘယ်လောက်ကြာကြာအတွင်းမှာ ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်နိုင်မလဲဆိုတာနဲ့ပတ်သက်လို့တော့ အချိန်ကို ရက်ကာလ အပိုင်းအခြားနဲ့ ပြောလို့မရပေမယ့် မိမိတို့တွေ လျင်လျင်မြန်မြန်နဲ့ ပြုပြင်ပြောင်းလဲပြီး ဒီမိုကရေစီ လမ်းကြောင်း ပေါ်ရောက်အောင် ဆောင်ရွက်နေတယ်လို့ ပြောလိုပါတယ်"ဟု သူရဦးရွှေမန်းက ဆိုသည်။

"တပ်မတော်ထဲက မိမိတို့အငြိမ်းစားယူခဲ့တာ မကြာသေးပါဘူး။ ဒါကြောင့် မိတ်ဆွေပြောသလို နောက်တစ်ကြိမ် ပြန်လည်အာဏာ သိမ်းမှုဖြစ်လာမှုကို စိုးရိမ်မယ်ဆိုရင်လည်း စိုးရိမ်ကြသူများကို အပြစ်ပြောစရာမဟုတ်ပါဘူး။ မိတ်ဆွေတို့ရဲ့ စဉ်းစားတွေးခေါ်မှုအပေါ် မှာပဲ မူတည်ပါတယ်။ မိမိတို့ဘက်က ခိုင်ခိုင်မာမာပြောရဲတာက ဒီနေ့ မြန်မာနိုင်ငံရဲ့ တပ်မတော်ခေါင်းဆောင်တွေသည်လည်း မိမိ တို့ရဲ့ နိုင်ငံနဲ့ မိမိတို့ရဲ့ လူမျိုး တိုးတက်ဖွံ့ဖြိုးရေးကို များစွာလိုလားတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ဒီလိုနိုင်ငံနဲ့လူမျိုး တိုးတက်စေချင်တဲ့ အတွက်ပဲ တစ်ချိန်တုန်းက ဖြစ်ခဲ့တဲ့ တပ်မတော်က အာဏာရယူပြီး ဆောင်ရွက်ကြခြင်းပဲ ဖြစ်ပါတယ်။ "ဒီအချိန်မှာတော့ မိမိတို့နိုင်ငံ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတဲ့ နိုင်ငံဖြစ်ဖို့ ဒီမိုကရေစီစနစ်နဲ့ ဒီမိုကရေစီ လမ်းကြောင်းကလွဲလို့ တခြားမဖြစ်နိုင်ဘူးဆိုတာကို အရင်တပ်မတော်မှာရှိခဲ့တဲ့ အကြီးအကဲများက လေ့လာသုံးသပ်ပြီး ရည်မှန်းချက်ချခဲ့တာပါ။ မိမိတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်(goal)ကို ကြည့်မယ်ဆိုရင် အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့၊ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်မယ်ဆိုပြီး ရည်မှန်းချက်ထားခဲ့တယ်။ "လာမယ့် ဧပြီလ ၁ ရက်နေ့မှာပဲ လွတ်လပ်ပြီး မျှတတဲ့ ကြားဖြတ်ရွေး ကောက်တင်မြှောက်ပွဲကို လုပ်ပေးဦး မှာပါ။ ကျွန်တော်ဖြေတဲ့ အကြောင်းတွေကို တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြောပေးဖို့ လိုရင်လည်း ပြန်ပြောပေးပါ။ အဲဒီ နည်းတူ ဒေါ်အောင်ဆန်းစုကြည်ကို ဒါ့ပြင် တခြားမေးခွန်းတွေ မေးစရာရှိတယ်ဆိုရင်လည်း လာခဲ့ပါ၊ ကျွန်တော် ဖြေပါ့မယ်။ ဒါ့ပြင် တကယ်လို့ ရွေးချယ်တင်မြှောက်ပွဲမှာ သူနိုင်လာတယ်ဆိုရင်လည်း လွှတ်တော်အတွင်းမှာ သူနဲ့တွေ့မှာပါ"ဟု ၎င်းက ဆိုသည်။

Myanmar Times


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်