Subscribe to our RSS Feed

မြန်မာနိုင်ငံ၌ အာမခံထားရှိမှု ပိုမိုများပြားလာ


From : ခေတ်လူငယ်

ယနေ့ကာလ မြန်မာနိုင်ငံ၌ အာမခံထားရှိမှုမှာ တဖြည်းဖြည်း တိုးတက်များပြားလာပြီဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ နာဂစ်မုန်တိုင်း တိုက်ခတ်ခံရပြီး နောက်ပိုင်းမှ စတင်ပြီး အာမခံထားရှိမှု အကျိုးကို သိရှိလာရာမှ ယခင်ထက် ပိုမိုတွင်ကျယ်စွာ အာမခံထားရှိလာခြင်း ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများနှင့် ယှဉ်လျှင်မူ နည်းပါးနေသေးကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။ “တိုးတက်တဲ့ နိုင်ငံတွေမှာတော့ အာမခံနဲ့ ဘယ်သူမှမကင်းကြဘူး။ ထားကြတယ်။ ပိုင်ဆိုင်မှုရှိတဲ့ သူက ကိုယ်ပိုင်ဆိုင်တာတွေ အကုန်ထားကြတယ်။ ကားပိုင်ရင်ကား၊ မော်တော်ဆိုင်ကယ်ပိုင်ရင် မော်တော်ဆိုင်ကယ်။ အနည်းဆုံး အသက်တော့ ပိုင်တယ်လေ။ အဲတော့ အသက်အာမခံ ထားထားကြတယ်။ မြန်မာပြည်မှာကတော့ အဲလောက်ထိ မတွင်ကျယ်ပါဘူး။ သို့သော်လည်းပဲ လွန်ခဲ့တဲ့ ၁၀နှစ်၊ ၁၅ နှစ်ထက် စာရင်တော့ အခုအများကြီး တိုးတက်လာပြီ။ အာမခံအကြောင်း လူတွေ တော်တော်များများ သိလာကြပြီ။ အာမခံ ထားရှိမှုတွေကလည်း တစ်နှစ်ထက်တစ်နှစ် တက်လာတယ်။ ဒါပေမဲ့ နိုင်ငံတကာတော့ မမီသေးဘူး” ဟု ၎င်းကထပ်လောင်း ပြောကြားသည်။ နောက်ပိုင်းကာလများတွင် အာမခံလုပ်ငန်းကို ပုဂ္ဂလိကများကပါ ဝင်ရောက် လုပ်ကိုင်တော့မည်ဖြစ်ရာ ပြည်သူအကြား အာမခံထားရှိမှု တွင်ကျယ်များပြားလာမည် ဖြစ်သည့်အပြင် အကာအကွယ်လည်း ပိုမိုရရှိလာမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာ့အာမခံ လုပ်ငန်းက အာမခံအမျိုးအစား ၄၀ ကျော် လုပ်ပေးလျက်ရှိပြီး ကမ္ဘာတွင် အာမခံအမျိုးအစား ၁၀၀ ကျော် ရှိကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၃ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်