Subscribe to our RSS Feed

ပြည်ပရောက် လုပ်သားများ သန်းခေါင်စာရင်း ကောက်ယူရာတွင် ပါဝင်ရေး သမ္မတထံသို့ တင်ပြမည်


From : ခေတ်လူငယ်

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများ ပါဝင်ရေး တင်ပြဆွေးနွေးမည်ဟု အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည်။ “အခုရှမ်းပြည်နယ်မှာ ရှိတဲ့လူတွေက နိုင်ငံခြားမှာ သွားအလုပ်လုပ်နေတယ်။ တရုတ်ပြည်က တရားမဝင် စိမ့်ပြီးဝင်လာတာ အများကြီး ရှိတယ်။ အခု စာရင်းကောက်မယ်ဆိုရင် ကျွန်တော်တို့ မြန်မာတိုင်းရင်းသား မဟုတ်တဲ့သူတွေ သန်းခေါင်စာရင်းထဲ ပါသွားမယ်” ဟု ၄င်းက ပြောသည်။ ရှည်လျားသော ပြည်တွင်းစစ်ကြောင့် ဌာနေစွန့်ခွာရသည့် ရွာပုန်းရွာရှောင်များမှ စစ်ဘေးဒုက္ခသည် အများစုမှာ နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးကြောင်း ၄င်းကပြောသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ UNFPA ၏ ကူညီမှုဖြင့် ၂၀၁၄ ခုနှစ်အတွင်း ပြည်လုံးကျွတ် သန်းခေါင်စာရင်း အပြီးကောက်ယူမည်ဟုလည်း သိရသည်။ သမ္မတဦးသိန်းစိန်အား SNLD အနေဖြင့် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ဝင်ရောက်ကူညီ ညှိနှိုင်းပေးလိုကြောင်း ဆွေးနွေးမည်ဟု ဦးစိုင်းညွန့်လွင်က ပြောသည်။ တိုင်းရင်းသား လက်နက်ကိုင်များ အပစ်ရပ်လက်မှတ်ထိုးခြင်းကြောင့် ဌာနေပြည်သူများ စစ်ပွဲကြောင့်ဖြစ်သည့် ဝန်ထုတ်လျော့သွားကြောင်း ၄င်းက ပြောသည်။ တတိယအချက်အနေဖြင့် SNLD က တိုင်းရင်းသားစာပေ သင်ကြားရန် သက်ဆိုင်ရာ အစိုးရဌာနက မြန်မာသင်ပုန်းကြီး ဖတ်စာကို တိုက်ရိုက်ဘာသာပြန်ထားသဖြင့် တွေ့ကြုံရသည့် အခက်အခဲများကိုလည်း သမ္မတကြီးအား တင်ပြဆွေးနွေးမည် ဖြစ်သည်။ တိုင်းရင်းသားစာပေကို ကျောင်းချိန်အတွင်း သင်ကြားခွင့်ရရန် ပြည်နယ်များတွင် သင်ကြားရေးကို မြို့နယ်အလိုက် ပြန်လည်ညှိနှိုင်းရန်၊ တက္ကသိုလ်အဆင့်တွင်လည်း စိတ်ကြိုက်တိုင်းရင်းသား ဘာသာများ သင်ကြားနိုင်ရန် ဆွေးနွေးသွားမည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ၂ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်