From : Ye Htut
ကမ္ဘာ့မဟာအင်အားကြီးနိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံ၏ သမ္မတရွေးကောက်ပွဲကို နိုင်ငံတကာက အလေးထား စောင့်ကြည့်ရစမြဲဖြစ်ပါသည်။ မြန်မာနိုင်ငံသားတို့ကလည်း စိတ်ဝင်စားကြပါသည်။ အထူးသဖြင့် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာချိန်မျိုးတွင် နောက်လာမည့် သမ္မတ ဘယ်သူဖြစ်မလဲဆိုတာကို စိတ်ဝင်စားကြခြင်းဖြစ်သည်။ နောက်တစ်ခါ ဆက်စပ်ပြီးတော့ ဒီမိုကရေစီနိုင်ငံကြီးမှာ သမ္မတကို ဘယ်လိုရွေးချယ်သလဲဆိုတာကို သိလိုကြပြန်သည်။ တကယ်တော့ အမေရိကန်သမ္မတရွေးကောက်ပွဲစနစ်မှာ ထူးခြားချက်တွေအများကြီးရှိသည်။
ရွေးချယ်ပုံစနစ်
ပြည်တွင်းဂျာနယ်အတော်များများတွင် အမေရိကန်သမ္မတရွေးကောက်ပွဲစနစ်ကို ပြည်သူတွေက တိုက်ရိုက်ရွေးချယ်သည့် သဘောရေးသားကြသည်ကို သတိပြုမိသည်။ မကြာသေးခင်ကပင် ဂျာနယ်ကြီးတစ်စောင်တွင် မြန်မာ့နိုင်ငံရေးကို အခန်း ဆက်ဆောင်းပါးတွေရေးနေသုံးသပ်နေသူကလောင်ရှင်တစ်ဦးက အမေရိကန်သမ္မတရွေးသလို တိုက်ရိုက်ရွေးသည့်စနစ် ဟု သုံးသပ်ရေးသားသွားသည်ကိုလည်းသတိပြုမိသည်။
တကယ်တော့ အမေရိကန်သမ္မတရွေးချယ်ရေးစနစ်သည် သွယ်ဝိုက်ရွေးချယ်သည့်စနစ်ဖြစ်သည်။ ထိုကဲ့သို့ကျင့်သုံးရခြင်း မှာ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲမှုတွင် ဦးဆောင်ပါဝင်ခဲ့သည့် ခေါင်းဆောင်များ ( Founding Fathers ) များ ၏ အယူအဆကြောင့်ဖြစ်သည်။ ထိုခေါင်းဆောင်များအနေဖြင့် အမေရိကန်နိုင်ငံကို ပြည်သူ့ဆန္ဒကို အလေးထားသည့် ရွေးကောက်ပွဲဒီမိုကရေစီစနစ်ကို ကျင့်သုံးသလို တစ်ဘက်တွင်လည်း လူဦးရေများပြားသည့် ပြည်နယ်များက လူဦးရေ နည်းပါးသည့် ပြည်နယ်များအပေါ် အများစုဆန္ဒဖြင့် တစ်ဘက်သတ်ဆောင်ရွက်မှုများ ပြုလုပ်လာမည်ကို စိုးရိမ်ခဲ့ကြသည်။ ထင်ရှားသည့်အမေရိကန်နိုင်ငံရေးခေါင်းဆောင်များဖြစ်သည့် အလက်ဇန္ဒြားဟယ်လ်မီတန်၊ ဂျွန်ဂျေး၊ ဂျိမ်းမက်ဒီဆင်တို့က ဖက်ဒရယ်စာတမ်း Federalist Papers အမည်ဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအက်ဆေး ၈၅ စောင်ရေးသားရာတွင် ထိုသဘောထားကို ထုတ်ဖော်ပြောကြားသကဲ့သို့ ဂျွန်အဒမ်ကလည်း အခြေခံဥပဒေရေးဆွဲရေးညီလာခံတွင် ထိုသဘော ထားကို ”tyranny of the majority" or "tyranny of the masses" ဟု ခေါ်ဝေါ်ပြီး လူဦးရေနည်းပါးသည့် ပြည်နယ်များ ကို ကာကွယ်ရန်လိုအပ်ကြောင်းတောင်းဆိုခဲ့သည်။ ထိုသဘောထားများအရ အမေရိကန်အခြေခံဥပဒေတွင် ယခင်က ကျင့်သုံးခဲ့ခြင်းမရှိသည့် ရွေးကောက်ပွဲပုံစံနှစ်ခုကို ထည့်သွင်းကျင့်သုံးခဲ့သည်။ ပထမတစ်ခုမှာ သမ္မတရွေးချယ်ရေးအဖွဲ့ (Electoral College ) ဖြစ်ပြီး ဒုတိယတစ်ခုမှာ လူဦးရေကို အခြေခံရွေးချယ်သည့်အောက်လွှတ်တော်နှင့် ပြည်နယ် အားလုံးအမတ်ဦးရေ အရေအတွက်တူညီစွာပါဝင်သည့် အထက် လွှတ်တော်ဟူသည့် လွှတ်တော်နှစ်ရပ်စနစ်ဖြစ်သည်။
( မြန်မာနိုင်ငံအပါအ၀င် တိုင်းရင်းသားလူနည်းစုများနေထိုင်ရာပြည်နယ်များရှိသည့်နိုင်ငံများတွင် အထက်ပါလွှတ်တော် နှစ်ရပ်ပုံစံကို လိုက်နာကျင့်သုံးနေပြီဖြစ်သည်။ )
သမ္မတရွေးချယ်ရေးအဖွဲ့
အမေရိကန်အခြေခံဥပဒေအရ သမ္မတနှင့် ဒုသမ္မတကို သမ္မတရွေးချယ်ရေးအဖွဲ့က ရွေးချယ်ပေးရသည်။ ပြည်နယ်တိုင်းက အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တွင် ရရှိထားသည့်အမတ်အရေအတွက်နှင့်ကိုက်ညီသည့် သမ္မတရွေးချယ်ရေး အဖွဲ့ဝင်များကို ရွေးချယ်စေလွှတ်ရသည်။ အမေရိကန်ကွန်ဂရက်တွင် အောက်လွှတ်တော်အမတ် ၄၃၅ ဦးနှင့် အထက် လွှတ်တော်အမတ် ၁၀၀ ဦးရှိပြီး လွှတ်တော်နှင့်အစိုးရရုံးစိုက်ရာ District of Columbia အတွက် အဖွဲ့ဝင်သုံးဦး သတ်မှတ် ပေးသည့်အတွက် ရွေးချယ်ရေးအဖွဲ့ဝင် ၅၃၈ ဦး ရှိသည်။ ရွေးချယ်ရေးအဖွဲ့ဝင်အများဆုံးရရှိသည့် ပြည်နယ်မှာ ကယ်လီ ဖိုးနီးယားပြည်နယ်ဖြစ်ပြီး အဖွဲ့ဝင် ၅၅ ဦးရရှိသည်။ အနည်းဆုံးရွေးချယ်ရေးအဖွဲ့ဝင်ရရှိသည့် ပြည်နယ် ၇ ခုရှိပြီး ရွေးချယ်ရေးအဖွဲ့ဝင် သုံးဦးစီ ရရှိသည်။ သမ္မတလောင်းတစ်ဦးအနေဖြင့် အနည်းဆုံးရွေးချယ်ရေးအဖွဲ့ဝင် ၂၇၀ ဦး ၏ ထောက်ခံမှုကို ရရှိရန်လိုအပ်သည်။ ထိုကြောင့် သမ္မတလောင်းများအနေဖြင့် လူဦးရေများပြားသည့် အရှေ့ဘက်နှင့် အနောက်ဘက်ကမ်းခြေပြည်နယ်များကိုသာ ဦးစားပေးစည်းရုံး၍မရဘဲ လူဦးရေနည်းပါးသည် တောင်ဘက်နှင့် အနောက် ဘက်ခြမ်းပြည်နယ်များကိုပါ အလေးထားရန်လိုအပ်ပေသည်။ ဤသည်ပင် အမေရိကန်အခြေခံဥပဒေရေးဆွဲသူများမျှော် မှန်းခဲ့သည့်အခြေအနေဖြစ်သည်။
အမေရိကန်အခြေခံဥပဒေက သမ္မတရွေးချယ်ရေးအဖွဲ့ဝင်အရေအတွက်နှင့် တာဝန်များကိုသာသတ်မှတ်ပေးပြီး ရွေးချယ် ရေးအဖွဲ့ဝင်များကိုရွေးချယ်ပေးသည့်စနစ်ကိုမူပြည်နယ်အလိုက်သင့်တော်သလိုသတ်မှတ်ဆောင်ရွက်ခွင့်ရှိသည်။ အခြေခံ ဥပဒေ၏ မူလရည်ရွယ်ချက်တွင် ပြည်သူများက အမျှော်အမြင်ရှိသူများ ( Wise Guys ) ကို မိမိတို့ ကိုယ်စား သမ္မတကို ရွေးချယ်ပေးရန် တာဝန်ပေးခဲ့ပြီး သမ္မတရွေးချယ်ရေးအဖွဲ့ဝင်များအနေဖြင့် မိမိတို့ ကိုယ်ပိုင်ဆန္ဒဖြင့် သမ္မတ လောင်းကို ရွေးချယ်ဆုံးဖြတ်ခွင့်ပေးထားခဲ့သည်။ သို့သော် ၁၈၂၈ခုနှစ် သမ္မတအင်ဒရူးဂျက်ဆင် လက်ထက်တွင် ပြည်နယ်တွင်းရှိ ပြည်သူများက ထောက်ခံသည့် သမ္မတလောင်းကိုသာပြည်နယ်ကိုယ်စားပြု သမ္မတ ရွေးချယ်ရေးအဖွဲ့ဝင်များက မဲပေး ရန်၊ ပြောင်းလဲမဲပေးခြင်းမပြုရန်ဆိုသည့်စနစ်ကို ပြောင်းလဲကျင့်သုံးရန် ပြည်နယ်လွှတ်တော်များကို စည်းရုံးနိုင်ခဲ့သဖြင့် လက်ရှိ ကျင့်သုံးနေသော စနစ်ကို ပြောင်းလဲလာခဲ့သည်။ ထို့ပြင် အခြေခံဥပဒေ၌ မူလက ယခုကဲ့သို့ သမ္မတလောင်း၊ ဒုသမ္မတ လောင်းများကို တွဲပြီးရွေးချယ် ရန်လည်းသတ်မှတ်ထားခြင်းမရှိပေ။ ထို့ကြောင့် ပါတီတစ်ခုတည်းမှာ သမ္မတ၊ ဒုသမ္မတ မဖြစ်နိုင်ပဲ။ မဲအများဆုံးရရှိသူက သမ္မတ၊ ဒုတိယမဲအများဆုံးရရှိသူက ဒုသမ္မတဖြစ် လာခဲ့သည်။ ထို့အတူ ၁၈၀၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်ပါတီတစ်ခု တည်းမှ သမ္မတလောင်းနှစ်ဦးကို အမည်စာရင်းတင်သွင်းခဲ့ပြီး မဲခွဲသည့်အခါ မဲအရေအတွက် တူနေသဖြင့် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း အောက်လွှတ်တော်က မဲခွဲရွေးချယ်ပေးရန် လိုအပ်လာခဲ့သည်။ အောက်လွှတ်တော်တွင်လည်းမဲအရေ အတွက်တူညီနေဖြင့် ၃၆ ကြိမ်တိုင်တိုင်မဲခွဲပြီးမှ သမ္မတကိုရွေးချယ်နိုင်ခဲ့သည်။ ထို့အဖြစ်အပျက်ကိုအကြောင်းပြုပြီးနောက် ၁၈၀၃ ခုနှစ်တွင်အခြေခံဥပဒေပြင်ဆင်ချက် အမှတ် ၁၂ ဖြင့် သမ္မတ၊ ဒုသမ္မတ ခွဲခြားရွေးချယ်သည့်စနစ်ကိုပြင်ဆင်ကျင့်သုံး ခဲ့ရသည်။ ဤကဲ့သို့ အဆင့်ဆင့်ပြောင်းလဲလာခဲ့ပြီးနောက် ယနေ့ ကျွန်တော် တို့ တွေ့ရှိနေရသည့် သမ္မတရွေးကောက်ပွဲစနစ်ပုံစံဖြစ်သည့် ပြည်နယ်အလိုက် သမ္မတလောင်းနှင့် ဒုသမ္မတလောင်း များ ကို ရွေးချယ်မဲပေး၊ ပြည်နယ်တွင် ထောက်ခံမှုအများစုရသည့် သမ္မတလောင်းက ထိုပြည်နယ်အတွက် သတ်မှတ်ထားသည့် သမ္မတ ရွေးချယ်ရေးအဖွဲ့ဝင်မဲအားလုံးကို ရရှိဆိုသည့်ပုံစံ သို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
အနိုင်အရှုံးမပေါ်လျှင်
အမေရိကန်ရွေးကောက်ပွဲစနစ်အရ သမ္မတလောင်းတစ်ဦးသည် အနည်းဆုံး ရွေးချယ်ရေးအဖွဲ့ဝင်မဲ ၂၇၀ ရမှ အနိုင်ရ မည်ဖြစ်သည်။ အကယ်၍ ၂၆၉ မဲစီဖြင့် တူညီနေပါက အောက်လွှတ်တော်က သမ္မတကိုရွေးချယ်ပေးရမည်ဖြစ်ပြီး အထက် လွှတ်တော်က ဒုသမ္မတကိုရွေးချယ်ပေးရမည်ဖြစ်သည်။ ထို့ကြောင့် အကယ်၍ ယခုရွေးကောက်ပွဲတွင် အိုဘားမားနှင့် မစ်ရွန်မီ မဲအရေအတွက်တူနေပါက ရီပတ်ဘလီကင်က အမတ်အများစုရထားသော အောက်လွှတ်တော်က မစ်ရွန်မီကို သမ္မတအဖြစ်ရွေးချယ်ပြီး ဒီမိုကရက်ပါတီက အများစုရထားသည့် အထက်လွှတ်တော်က ဂျိုးဘိုင်ဒင်ကို ဒုသမ္မတအဖြစ် ရွေးချယ်လိုက်သည့် အဖြစ်မျိုးနှင့်ကြုံတွေ့နိုင်ပေသည်။
လူထုထောက်ခံမှု
အမေရိကန်သမ္မတကို သမ္မတရွေးချယ်ရေးအဖွဲ့မှ တဆင့်ရွေးချယ်ခြင်းဖြစ်သောကြောင့် ပြည်သူ့ဆန္ဒကိုမည်မျှ ထင်ဟပ် သနည်းဆိုသည့် မေးခွန်းပေါ်ပေါက်လာခဲ့သည်။ ယျေဘူယျအားဖြင့် ပြည်သူအများစု ထောက်ခံသောသမ္မတလောင်းက သမ္မတဖြစ်လေ့ရှိသော်လည်း အနိုင်ရသူရရှိသည့် ရွေးချယ်ရေးအဖွဲ့ဝင်မဲအရေအတွက်သည် ၎င်းရရှိသည့် ပြည်သူ့ ထောက်ခံမဲအရေအတွက်နှင့် အချိုးညီမှုမရှိသည်ကိုတွေ့ရပါသည်။ ဥပမာအားဖြင့် ၁၉၆၈ ရွေးကောက်ပွဲတွင် သမ္မတ နစ်ဆင်က ပြိုင်ဘက် ဟူးဘတ်ဟမ်ဖရေကို သမ္မတရွေးချယ်ရေးအဖွဲ့ဝင်မဲ ၃၀၁ မဲ ၊ ၁၉၁ မဲဖြင့် အပြတ်အသတ်နိုင်ခဲ့သော် လည်း လူထုထောက်ခံမှုတွင် မဲပေးခွင့်ရှိသူ၏ ၁ % သာသာဖြစ်သည့် ၅၁၁၉၄၄မဲ မျှသာ အသာရရှိခဲ့သည်။ ထို့ပြင် ထိုရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအဖြစ်ဝင်ပြိုင်သည့် ဂျော့ဝေါလေ့စ်မှာ ရွေးချယ်ရေးအဖွဲ့ဝင်မဲ ၄၆ မဲရရှိသော်လည်း လူထုထောက်ခံမှုမှာ ၁၃ % ကျော်သာရရှိခဲ့သည်ကိုတွေ့ရသည်။
ထိုအတူ အမေရိကန်သမိုင်းတွင်လူထုထောက်ခံမှုတွင်ပြိုင်ဘက်ကို ရှုံးသော်လည်း သမ္မတရွေးချယ်ရေးအဖွဲ့ဝင်မဲအများစု ရရှိပြီး သမ္မတအဖြစ်ရွေးချယ်ခံရသူလေးဦးရှိခဲ့သည်။ ၎င်းတို့မှာ ကွင်စီအဒမ် ( ၁၈၂၄)၊ ရူသာဖို့ဒ်ဟေး ( ၁၈၇၆)၊ ဘဂျမင် ဟာရစ်ဆင် ( ၁၈၈၈) နဲ့ ဂျော့်ဘုရှ် ( ၂၀၀၀) တို့ဖြစ်ပါသည်။
ပါတီတွင်းသမ္မတလောင်းရွေးချယ်မှု
အမေရိကန်နိုင်ငံရေးလောကတွင်ပါတီများက မိမိတို့ ပါတီကိုယ်စားပြုသမ္မတလောင်းကိုရွေးချယ်သည့် စနစ်မှာ အဆင့် ဆင့်ပြောင်းလဲလာခဲ့ခြင်းဖြစ်ပါသည်။ ၁၇၈၈ ခုနှစ်မှ ၁၈၂၈ ခုနှစ်အတွင်းတွင် သက်ဆိုင်ရာပါတီများ၏ အထက် လွှတ်တော် နှင့်အောက်လွှတ်တော် အမတ်များက အချင်းချင်ညှိနှိုင်းရွေးချယ်ခဲ့သည့် စနစ်ကို ကျင့်သုံးသည်။ ထိုစနစ်က လွှတ်တော် အမတ်များ၏ သြဇာကို အလွန်ကြီးမားစေပြီး အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးမဏ္ဍိုင်ကို ခွဲခြားကျင့်သုံးလိုသည့် အမေရိကန် အခြေခံဥပဒေ၏ အနှစ်သာရကို ထိခိုက်စေသည် ဟု ယူဆလာသဖြင့် ၁၈၃၂ ခုနှစ်မှ ၁၉၀၀ ပြည့်နှစ်အထိ ပြည်နယ် အလိုက် ရှိ ပါတီခေါင်းဆောင်များက ပါတီညီလာခံကျင်းပပြီးရွေးချယ်ခဲ့ကြသည်။ သို့သော် ထိုစနစ်တွင်လည်း သာမန် ပါတီဝင်များ၏ ဆန္ဒကို ထင်ဟပ်ခြင်းမရှိဘဲ ဒေသဆိုင်ရာပါတီခေါင်းဆောင်များကသာ ချယ်လှယ်နေသည်ဟု စွတ်စွဲချက် များပေါ်လာသဖြင့် ၁၉၀၄ ခုနှစ်မှ ၁၉၆၈ ခှုနှစ်အထိ ပါတီခေါင်းဆောင်များနှင့် ပြည်နယ်အလိုက် ပါတီတွင်းကိုယ်စားလှယ် ရွေးချယ်ပွဲများကရွေးချယ်ပေးသူများက ပါတီညီလာခံတွင် ပါတီကိုယ်စားပြုသမ္မတလောင်းကိုရွေးချယ်သည့်စနစ်ကိုပြောင်း လဲကျင့်သုံးခဲ့သည်။ သို့သော် ထိုစနစ်တွင် ညီလာခံကိုယ်စားလှယ်အများစုမှာ ပါတီခေါင်းဆောင်များဖြစ်နေသောကြောင့် ၁၉၇၂ ခုနှစ်တွင် ပြည်နယ်အလိုက် ပါတီတွင်းအကြိုရွေးချယ်ပွဲ ( Primary ) များကျင်းပပြီး ပြည်နယ်အလိုက် ရရှိသည့် လူထုထောက်ခံမှုအချိုးအစားတိုင်း သမ္မတလောင်းများကို ပါတီညီလာခံကိုယ်စားလှယ်အရေအတွက်ခွဲဝေပေးသည့် စနစ် ကို ရီပတ်ဘလီကင်ရော၊ ဒီမိုကရက်များကပါ ကျင့်သုံးခဲ့ကြသည်။
ရွေးကောက်ပွဲကုန်ကျစရိတ်
ထို့ ကဲ့သို့ ပြည်နယ်အလိုက်သက်ဆိုင်ရာပါတီဝင်များက မိမိတို့ ပါတီကိုယ်စားပြုသမ္မတလောင်းကို ရွေးချယ်သည့်စနစ် ကြောင့် ပါတီဝင်များ၏ အခန်းကဏ္ဍမြင့်မားလာသော်လည်းတစ်ဘက်တွင် ပါတီတွင်းသမ္မတလောင်းအဖြစ် ပြိုင်ဆိုင်သူ ကိုယ်စားလှယ်လောင်းများအနေဖြင့် ပါတီတွင်းအကြိုရွေးချယ်ပွဲများတွင်နိုင်အောင် တစ်နှစ်ခန့်ကြိုတင်မဲဆွယ်မှုများပြုလုပ် ပြီး ပါတီတွင်းရွေးချယ်ပွဲတွင်အနိုင်ရပြီးပါကလည်း သမ္မတရွေးကောက်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်မဲဆွယ် ရသဖြင့် ကုန်ကျ စရိတ်များ မြင့်မားလာခဲ့သည်ကိုလည်းတွေ့ရသည်။ ပြီးခဲ့သည့် ၂၀၀၈ ရွေးကောက်ပွဲတွင် အိုဘားမားနှင့် မက်ကိန်းနှစ်ဦး ပေါင်း ဒေါ်လာ တစ်ဘီလီယံကျော်သုံးခဲ့ရပြီး ယခု ရွေးကောက်ပွဲတွင် အိုဘားမားနှင့် မစ်ရွန်မီနှစ်ဦးပေါင်း ၁.၅ ဘီလီယံ ကျော်သုံးစွဲမည်ဟု ခန့်မှန်းထားသည်။
နောက်ဆုံးအခြေအနေ
လက်ရှိအခြေအနေတွင် အိုဘားမား အနေဖြင့် အနိုင်ရရန်သေချာနေသည့် ပြည်နယ်များမှ ရွေးချယ်ရေးအဖွဲ့ဝင်မဲ ၂၄၃ မဲ ရရှိနိုင်ပြီး သမ္မတဖြစ်ရန်အတွက်နောက်ထပ် ၂၇ မဲလိုအပ်နေသည်။ မစ်ရွန်မီအနေဖြင့် သေချာပေါက်မဲ ၂၀၆ မဲ ရရှိနိုင် ပြီး သမ္မတဖြစ်ရန်အတွက်နောက်ထပ် ၆၄ မဲလိုအပ်နေသည်။
ထို့ကြောင့် မည်သည့်ပါတီအနိုင်ရမည်ကိုမသေချာသေးသည့် ပြည်နယ် ၈ ခုဖြစ်သည့် ကော်လိုရာဒို၊ ဖလော်ရီဒါ၊ အိုင်အိုဝါ၊ နီဗားဒါး၊ နယူဟမ်ရှိုင်းယား၊ အိုဟိုင်းယို၊ ဗာဂျီးနီးယားနှင့် ၀စ်ကော့စကင်ပြည်နယ် ၈ ခုနှင့် ထိုပြည်နယ်များမှ ရရှိနိုင်မည့် ရွေးချယ်ရေးအဖွဲ့ဝင်မဲ ၉၅ မဲကို ရရှိနိုင်ရန်အတွက် အပြိုင်အဆိုင်ကြိုးစားလျှက်ရှိသည်ကိုတွေ့ရသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်