From :ခေတ်လူငယ်
ဘဏ်များတွင် ဟောင်းနွမ်းနိုင်ငံခြားငွေ လဲလှယ်ပေးနေသော်လည်း ဆူးလေအနီးတစ်ဝိုက်တွင် တရားမဝင် နိုင်ငံခြားငွေ လဲလှယ်သည့် မှောင်ခိုဈေးကွက် ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ မှောင်ခိုဈေးကွက်၌ အုပ်စုဖွဲ့ လှုပ်ရှားနေကြပြီး နိုင်ငံခြားငွေ လဲလှယ်သူများအပေါ် လိမ်လည်လှည့်ဖြား အနိုင်ကျင့် ခေါင်းပုံဖြတ်မှုများ ရှိကြောင်း သိရသည်။ ယခင်က ငွေလဲလှယ်သည့်အခါ ငွေစက္ကူအရည်အသွေး အသစ်ဆုံး ပုံစံမျိုးကိုသာ လက်ခံခဲ့သဖြင့် ဟောင်းနွမ်း သို့မဟုတ် ခေါက်ရိုးကျိုး ပွန်းပဲ့ နိုင်ငံခြားငွေစက္ကူများ အပြင်မှောင်ခို ဈေးကွက်ကိုသာ အားပြုလဲလှယ်ခဲ့ရကြောင်း သိရသည်။ ထိုသို့ လဲလှယ်ရာတွင် မှောင်ခို ငွေလဲပေးသူ တစ်စုသည် လက်လှည့်နည်းများ အသုံးပြု၍ ဒေါ်လာငွေစက္ကူ ခိုးယူခြင်း၊ လဲလှယ်သူ၏ မျက်စိရှေ့တွင်ပင် ဒေါ်လာ ၁၀ ရွက်မှ ရှစ်ရွက်၊ ခုနစ်ရွက် ဖြစ်သွားခြင်း၊ မြန်မာငွေ ပြန်ပေးရာတွင် လက်လှည့်နည်းသုံး၍ ရွက်ရေခိုးယူခြင်းများ ဖြစ်ပေါ်နေကြောင်း၊ ငွေမပြည့်၍ ပြန်လည်ပြောဆိုလျှင်လည်း ၎င်းတို့မှ အုပ်စုလိုက် ရိုက်မယ်၊ နှက်မယ်ဟု ခြိမ်းခြောက်အနိုင်ကျင့် ပြောဆိုခြင်းရှိကြောင်း သိရသည်။ ယခုအခါ ငွေစက္ကူ ဟောင်းနွမ်းသော်လည်း အစစ်အမှန်ဟု အလွယ်တကူ ခွဲခြားနိုင်သော ငွေစက္ကူ၊ Money Changer ၏ Seal တံဆိပ်များ ရိုက်နှိပ်ထားသည့် ငွေစက္ကူပေါ်၌ မင်ရာများ၊ လက်မှတ်များပါရှိခြင်း၊ အနည်းငယ် စွန်းထင်းပြီး (Spot) အစက်ပါရှိသော ငွေစက္ကူ၊ ငွေစက္ကူ ခေါက်ရိုးကျိုး၍ ပွန်းနေသော ငွေစက္ကူ၊ မျက်နှာပြင် အစွန်းကွက် အနည်းငယ်ရှိသော ငွေစက္ကူ၊ ငွေစက္ကူ အနားထောင့်စွန်းများ အနည်းငယ် စုတ်ပြဲနေသော်လည်း ဆွေးမြည့်ခြင်း မရှိသော ငွေစက္ကူများကို နိုင်ငံခြား ငွေဈေးကွက် ပိုမိုဖွံ့ဖြိုးလာစေရန် အတွက် ယင်းအချက်များကို လျှော့ချလက်ခံပေးရန် သက်ဆိုင်ရာ ဘဏ်များအား အောက်တိုဘာ ၁၈ ရက် နေ့စွဲဖြင့် ညွှန်ကြားချက် ထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါသည်။ “အစ်မက ဒေါ်လာ ၃၀၀ လဲတာ၊ ခေါက်ရိုးနည်းနည်း ကျိုးနေတော့ မှောင်ခိုဈေးကွက်မှာ သွားလဲတာ ပထမတော့ ဈေးမေးရုံပဲ မေးတာ ဒေါ်လာဈေးက ၈၀၀ ဝန်းကျင်ရှိချိန်မှာ သူတို့က ၈၅၀ ဆိုတော့ မဆိုးဘူးဆိုပြီး လဲလိုက်တာ နှစ်သိန်းငါးသောင်း ငါးထောင်ကို သူတိုက မုန့်ဖိုးပေးပါဆိုလို့ တစ်သောင်း ပေးလိုက်တယ်။ ငွေအုပ်က ရေရင်းရေရင်း ပါးလာတော့ မသင်္ကာတာနဲ့ ပြန်ပြန်ရေခိုင်းတာပေါ့၊ သူတို့က ကိုယ်တိုင်ပေးမရေဘူး။ နောက်တော့ ဟိုမှာဓာတ်ပုံလာရိုက်နေတယ် ဆိုပြီး သူတို့အုပ်စုထဲက တစ်ယောက်က ကမူးရှူးထိုးဟန်နဲ့ လာပြောတော့ စိတ်ရှုပ်ထွေးသွားပြီး မြန်မြန်ယူလိုက်တာ၊ ငွေအုပ်ပါးနေတာ သိပေမယ့် အစ်မကလည်း နည်းနည်းလန့်သွားတာနဲ့ ငါ့ရှေ့တင်သုံး၊ လေးခေါက်တော့ ပြည့်ပါတယ်ဆိုပြီး ယူလာတာ၊ အိမ်ရောက်တော့မှ ခုနစ်သောင်းလောက် လျော့နေတယ်။ သူတို့ကို မုန့်ဖိုးပေးတာနဲ့ သူတို့က တစ်ရွက်က နည်းနည်းစုတ်နေတယ် ဆိုပြီး နှစ်သောင်း အလျော့ခံလဲရတာဆိုတော့ တစ်သိန်းလောက် အလျော့ခံလိုက်ရတယ်” ဟု အဆိုပါ မှောင်ခိုအဖွဲ့ထံမှ လဲလှယ်ဖူးသူ အမျိုးသမီးတစ်ဦးက ပြောပြခဲ့ကြောင်း သိရှိရသည်။
Myanmar Express

1 comments:
ဟုတ် ပါ တယ် ၊ အဲ ဒီ နား မှာ ဒီ လို လုပ် နေ တာ ကြာ ပါ ပြီ။
များ သော အား ဖြင်. ၊ ကု လား ဒိန် တွေ များ ပါ တယ် ၊ နောက် လူ တွေ မ ခံ ရ အောင် ၊ အဲ ဒီ နေ ရာ မှာ သွား မ ရောင်း ၊ မ ၀ယ် ဘို. လက် ဆင်.ကမ်း ပြော ပေး ကြ ပါ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်