From :7Days News
ပဲခူးတိုင်းဒေသကြီးတွင် ပထမဆုံးအကြိမ်အဖြစ် တောင်ငူမြို့၌ ကျင်းပမည့် အိုင်တီနှင့် မိုဘိုင်းပြပွဲ (IT & Mobile Fair) ၌ လက်ပ်တော့ အမှတ်တံဆိပ် သုံးမျိုးမှ လက်ပ်တော့များကို ကြမ်းခင်းဈေး ကျပ်တစ်သိန်း သတ်မှတ်ကာ လေလံစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သတင်းရရှိသည်။ “ဒီပြပွဲမှာ Dota Game ပြိုင်ပွဲပါမယ်။ Lenovo, HP, Acer Brand Laptop တွေကို ကြမ်းခင်းဈေး တစ်သိန်း သတ်မှတ်ပြီး လေလံစနစ်ဖြင့် ရောင်းချပေးမှာပါ။ နယ်ဒေသဆိုတော့ အိုင်တီဖွံ့ဖြိုးမှုက ရန်ကုန်လောက်မရှိဘူး။ နယ်မြို့က လူတွေ အိုင်တီမှာ ပိုမိုစိတ်ဝင်စားလာအောင် စာပေဟောပြောပွဲ၊ အိုင်တီဟောပြောပွဲ၊ အိုင်တီစကားဝိုင်း၊ နက်ဝါ့ခ် စကားဝိုင်းတွေ ပါမှာပါ” ဟု ပဲခူးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌဖြစ်သူ ဦးထိုက်လင်းက ပြောသည်။ ပြပွဲတွင် ရောင်းချမည့် လက်ပ်တော့များမှာ အလုံးရေ ကန့်သတ်ချက်ရှိကြောင်း ဦးစားပေး စနစ်ဖြင့်သာ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။ ကေတုမတီ(တောင်ငူ)မြို့ နန်းတည်နှစ် ၅၀၂ နှစ်ပြည့် အထိမ်းအမှတ် ပွဲတော်နှင့်အတူ ပြပွဲကို ဘုရင့်နောင်ခန်းမ၌ နိုဝင်ဘာ ၂၃၊ ၂၄ ရက်တို့တွင် နံနက် ၉ နာရီမှ ၆ နာရီအထိ ကျင်းပမည်ဖြစ်ပြီး ရန်ကုန်မှ ကွန်ပျူတာကုမ္ပဏီ ၂၄ ခု ပါဝင်ပြသမည် ဖြစ်သည်။ “ဒီပြပွဲက တိုင်းဒေသကြီးအနေနဲ့ ပထမဦးဆုံးပါ။ ပဲခူးတိုင်းဒေသကြီးက ကွန်ပျူတာပညာရှင်အသင်းနဲ့ လုပ်ငန်းရှင်အသင်း ပူးပေါင်းပြီး တောင်ငူမြို့မှာ ကျင်းပတာပါ” ဟု ပဲခူးတိုင်းဒေသကြီး ကွန်ပျူတာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာဘဆွေက ပြောကြားခဲ့ကြောင်းသိရှိရသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်