From : the voice
ကျွန်တော်တို့ တိုင်းပြည်မှာ ကြိုးစား တည်ဆောက်နေတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်ကြီးကို ဒီမိုကရေစီ တည်ဆောက်ရေး ဖြစ်စဉ် (Democratizational Process ) လို့ ဝိုင်းဝန်း သတ်မှတ် ပြောဆိုနေကြ ပေမယ့် ဒီမိုကရေစီ အတွက် စမ်းသပ်ကာလ (Testing Time for Democracy) ဖြစ်တယ် ဆိုတာကို ပြောဆိုကြဖို့ ဒါမှမဟုတ် သတိပြု နှလုံးသွင်း ကြဖို့တော့ မေ့လျော့ နေတတ် ကြသလားလို့ တွေးကြည့်မိ ပါတယ်။
ဒီအချက်က တော်တော်လေး အရေးကြီးတယ်လို့ ယူဆ မိပါ တယ်။ စမ်းသပ် ကာလဆိုတာ မသေချာသေးဘူး ဆိုတဲ့ သဘော လည်း သက်ရောက် တာကြောင့် သေချာအောင် လုပ်ကြဖို့ အားလုံးမှာ တာဝန် ကိုယ်စီ ရှိနေတာ သတိမပြတ် ကြဖို့ပါ။ ရခိုင်ပြည်နယ် ပြဿနာ ဆိုရင် တော်တော်ကြီး သိသာ ထင်ရှားတဲ့ စမ်းသပ်မှုဖြစ်ပါ တယ်။ ဒီမိုကရေစီ လမ်းကြောင်းကနေ သွေဖည် မသွားဖို့အတွက် စမ်းသပ် ကာလမှာ ကြံ့ကြံ့ခံ နိုင်ဖို့ အရေးကြီး ပါတယ်။ နောက်ထပ် စမ်းသပ်မှုတွေ များစွာ ကြုံတွေ့ ကြရဦးမှာ ဖြစ်တဲ့အတွက် ဒီမိုကရေစီ ပန်းတိုင်ကို အရောက်လှမ်း လိုတဲ့ စိတ်ရင်းအမှန် ရှိသူတိုင်း အထူး သတိဝီရိယထား ကြိုးပမ်း ဆောင်ရွက် ကြရပါလိမ့်မယ်။
၂နှစ်လောက် ကြာလာတဲ့ အခါ အတွေ့အကြုံတွေလည်း အတော်အတန် ရလာ ကြပါပြီ။ အဲဒီ အတွေ့အကြုံတွေကို အကောင်းဆုံး အသုံးချဖို့တော့ လိုအပ်ပါတယ်။ USDP ပါတီကတော့ ရွေးကောက် ပွဲ နှစ်ခုကို ဖြတ်သန်းပြီး ရလာတဲ့ အတွေ့အကြုံကို ကောင်းစွာ အသုံး ချဖို့ ကြိုးစားနေပုံ ရှိပါတယ်။ လူထု ထောက်ခံမှု ရရှိအောင် ၂၀၁၅ မှာ အကောင်းဆုံးဖြစ်အောင် ဘယ်လို ပြင်ဆင်မယ် ဆိုတာ နည်းလမ်းရှာ နေတဲ့ပုံ ရှိပါတယ်။
NLD အပါအဝင် ကျန်တဲ့ နိုင်ငံရေး ပါတီများ အနေနဲ့လည်း အခြေအနေ အရပ်ရပ်ကို လေ့လာ သုံးသပ်ပြီး အကောင်းဆုံး ပြင်ဆင်သင့် ပါပြီ။ ကျွန်တော့် သဘောကတော့ အခု အချိန်အခါဟာ လူထု ထောက်ခံမှု များများ ရဖို့ထက် နိုင်ငံရေး အင်အားစုများ အားလုံး စည်းလုံး ညီညွတ်မှုကို တတ်နိုင်သလောက် ကြိုးပမ်း တည်ဆောက် သင့်တယ် လို့ ယူဆပါတယ်။ အကွဲအပြဲများလှတဲ့ မြန်မာ့နိုင်ငံရေး သမိုင်း ကြောင်းကိုရော အဲဒီ အကွဲအပြဲတွေကြောင့်ပဲ ဒီမိုကရေစီနဲ့ ဝေးခဲ့ရတဲ့ အတိတ် သင်ခန်းစာ ကိုရော အစဉ်သဖြင့် နှလုံးသွင်းဖို့ လိုအပ်ပါတယ်။ USDP က မှန်မှန်ကန်ကန် ကြိုးစား အားထုတ်ပြီး လူထု ထောက်ခံမှု ရလိုတယ် ဆိုရင် ဒါကို ကျန်တဲ့ အင်အားစုတွေက စိုးရိမ်နေစရာ မဟုတ်ပါဘူး။
ဘယ်နိုင်ငံရေး ပါတီက ဖြစ်စေ လူထု ထောက်ခံမှုကို မှန်မှန် ကန်ကန် ရယူဖို့ ကြိုးစားတယ် ဆိုရင် ဒါဟာ ဒီမိုကရေစီ ထွန်းကားဖို့ အုတ်မြစ် တစ်ခုပဲ ဖြစ်လို့ လက်ခံရမှာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးမှာ၊ ဥပဒေပြုရေးမှာ၊ တရားစီရင်ရေးမှာ ပြဿ နာလေးတွေ ရှိနေပေမယ့် ဒီပြဿနာတွေကို အပြစ် ဝိုင်းဖို့နေမယ့် အစား အဖြေ ဝိုင်းရှာကြရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီ ထွန်းကားဖို့ စမ်းသပ် ကာလမှာပဲ ရှိနေသေးတာကြောင့် ဖြစ်ပါတယ်။
လူထုက NLD ကိုပဲ ရာခိုင်နှုန်း တော်တော်များများ ထောက်ခံ နေသေးတယ်လို့ ယူဆရပါတယ်။ ဒီအချက်ကိုNLD လည်း ကောင်းကောင်း သဘောပေါက် ပြီးသားပါ။ ဒီထောက်ခံမှု နောက်ကနေ စွမ်းဆောင်နိုင်မှုကို ထက်ကြပ်မကွာ တည်ဆောက် ထားနိုင်မှသာ နိုင်ငံရေးအရ ရည်ရွယ်ချက် ထမြောက်နိုင်မှာ ဖြစ်ပြီး ဒီမိုကရေစီ အတွက်လည်း အာမခံချက် ရှိနိုင်မှာ ဖြစ်ပါတယ်။
နိုင်ငံရေး ပါတီ တစ်ခုဟာ လူထု ထောက်ခံမှု မရတာ ပြဿနာ ဖြစ်သလို တာဝန်ယူခွင့် ရတဲ့ အခါမှာ လူထု ထောက်ခံ သလောက် မစွမ်းဆောင် နိုင်ခဲ့ရင်လည်း ပြဿနာနဲ့ ရင်ဆိုင်ရနိုင်တာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်သာ နိုင်ငံတော် အကြီးအကဲဖြစ်မယ်ဆိုရင်ကျွန်တော် တစ်ဦးတည်း ဆန္ဒအရဆို ဝမ်းသာ ကျေနပ်မိမှာဖြစ်ပေ မယ့် လောလောလတ်လတ် ကာလမှာ ဒါဟာ လက်တွေ့မကျဘူးလို့ ယူဆပါတယ်။ အနည်းဆုံး ၂၀၁၅ မှာတော့ ဘယ်လိုမှ မဖြစ်နိုင်သေး တာအမှန်ပါ။ ဒီလိုပဲ ၂၀၁၅ မှာ ဒီမိုကရေစီ စနစ်လည်း အပြည့်အဝ ထွန်းကားတော့မယ်လို့ လုံးဝ မျှော်လင့်လို့ မရနိုင်သေးတာ သေချာ ပါတယ်။ သမ္မတ ဖြစ်ဖြစ် မဖြစ်ဖြစ် ဒေါ်စုက သမိုင်းမှာ ကြီးမြတ်တဲ့ နိုင်ငံရေး ခေါင်းဆောင် တစ်ယောက် အဖြစ် အထင်အရှား ကျန်ရစ်မှာ သေချာပါတယ်။
အနာဂတ်မှာ အမှန်တကယ် ဒီမိုကရေစီ ထွန်းကားပြီး အမှန် တကယ်လည်း တည်တံ့ ခိုင်မာဖို့ ဆိုရင် နိုင်ငံရေး ပါတီတွေ အားလုံး တောင့်တင်း ခိုင်မာဖို့နဲ့ နိုင်ငံရေး ပါတီဝင်တွေ စွမ်းဆောင်ရည် မြင့်မား ဖို့က အဓိက ကျပါတယ်။ ဒေါ်စုအနေနဲ့ ဝန်နဲ့အား မမျှလောက်အောင် ဒီမိုကရေစီရေး တာဝန်တွေ ပိနေတာ မှန်ပေမယ့်NLD ပါတီ အခုထက် ပိုမို တောင့်တင်း ခိုင်မာအောင် တည်ဆောက် ပေးဖို့က အရေးကြီးဆုံး တာဝန်လို့ ယူဆပါတယ်။
အသက်အရွယ်အရ အနားယူဖို့တောင် မစဉ်းစားနိုင်ဘဲ နိုင်ငံနဲ့ လူထုကို တိုးတက်စေလိုတဲ့ ဇောနဲ့သာ ဆောင်ရွက် နေတာဖြစ်ပေမယ့် တကယ်တမ်း ဒေါ်စုကသာ ပါတီကို ကောင်းကောင်း တည်ဆောက်ပေးဖို့ လစ်ဟင်းခဲ့မယ် ဆိုရင် ပါတီရဲ့ အနာဂတ် သာမက ဒီမိုကရေစီရေး အနာဂတ်ကိုပါ အနည်းနဲ့ အများ ထိခိုက် နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ NLD ဟာ လူထုထောက်ခံမှု အများဆုံးရထားတဲ့ ပါတီဖြစ်ပြီး နိုင်ငံတော် တာဝန်တွေကို တဖြည်း ဖြည်း တိုးပြီး ထမ်းဆောင် ရနိုင်တဲ့ အနေအထား ရှိနေတာကြောင့် ဖြစ်ပါတယ်။
တခြားနိုင်ငံရေး ပါတီတွေလည်း အတူတူပါပဲ။ တတ်စွမ်း သလောက် တည်ဆောက် ထားနိုင်မှ တော်ကာကျမှာ ဖြစ်ပါတယ်။ လူထုရဲ့အသိပညာ ရေချိန် မြင့်မားလာတာနဲ့ အမျှ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲတွေလည်း လျော့နည်းလာမှာ ဖြစ်ပြီး စနစ်တကျနဲ့ ဆန္ဒမဲ ပေးတတ် လာကြတဲ့အခါမှာ စွမ်းဆောင်ရည် နိမ့်တဲ့ ဘယ်ပါတီမဆို တဖြည်းဖြည်း ဘေးရောက် သွားနိုင်ပါတယ်။
ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ဗဟို ပြုတတ်တဲ့ နိုင်ငံရေးဟာ အရှေ့တိုင်း နိုင်ငံရေးရဲ့သရုပ်သကန်တစ်ခု ဆိုတာလည်း နားလည် လက်ခံထားဖို့ လိုပါတယ်။ ရင့်ကျက်တဲ့ ဒီမိုကရေစီ ဖြစ်ထွန်းဖို့ ဆိုရင် ပကတိ အရှိတရားတွေကို အရှိအတိုင်း လက်ခံပြီး ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာတွေ ဖြစ်ဖို့ ဖြစ်နိုင်တာတွေကနေ လက်တွေ့ကျကျ စတင် လုပ်ကိုင်ကြဖို့ လိုအပ်ပါတယ်။
ကျွန်တော်ကတော့ အကောင်းမြင်သမား ပီပီ အပြုသဘော ရှုမြင် တတ်ပါတယ်။ လက်ရှိ ရောက်လာတဲ့ ခရီးက ပြဿနာတွေ အတော် အတန် ရှိနေပေမယ့် ကျေနပ် အားရပါတယ်။ အစိုးရနဲ့ အတိုက်အခံ အရင်ကနဲ့ စာရင် အများကြီး နီးကပ်လာပါတယ်။ ငြိမ်းချမ်းရေးနဲ့ လည်း အရင်ကနဲ့စာရင် အများကြီး နီးကပ်လာပါတယ်။
တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးဖို့လည်း မျှော်လင့်လို့ ရလာပါပြီ။ ကျွန်တော့် အမြင်မှာတော့ လက်ရှိ အချိန်အခါမှာ ညီညွတ်ရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေးဟာ လူထု ထောက်ခံမှု ပိုမို ရရှိရေးထက် အရေး ကြီးပါတယ်။ အကြောင်းကတော့ ဘယ်ပါတီက အာဏာရမလဲ ဆိုတာထက် ဒီမိုကရေစီကို သွားနေတဲ့ လမ်းကြောင်း ပေါ်ကနေ ချော်ထွက် မသွားဖို့၊ မျှော်လင့်ချက် ကင်းမဲ့ မသွားဖို့ တည်တည်ငြိမ်ငြိမ် လေးနဲ့ နိုင်ငံရေးရော စီးပွားရေးပါ မှန်မှန် တိုးတက်နေဖို့က ပိုအရေးကြီး တယ်လို့ ယူဆပါတယ်။
တိုင်းရင်းသားတွေကို ပိုမို နေရာပေးဖို့နဲ့ အမှန်တကယ် တန်းတူ ညီမျှ ရှိလာဖို့ အခုထက် ပိုဦးစားပေး ဆောင်ရွက်နိုင်မှသာ ဒီမို ကရေစီက သေချာပေါက် ဖြစ်ထွန်းလာမှာ ဖြစ်ပါတယ်။ အခုဆိုရင် မဆလ ခေတ်ကတည်းက ကျွန်တော်တို့ တစ်တွေ လေသံတောင် မဟရဲတဲ့ Fderal ကိစ္စကို အစိုးရ ကိုယ်တိုင်က လိုလိုလားလား ပြောဆို လာပါပြီ။ ဆွေးနွေး ပြောဆို နိုင်ပါပြီ။ Fderal ဆိုတာနဲ့ ခွဲထွက်ဖို့ပဲ လို့ ဦးနေဝင်း ခေတ်ကတည်းက စကားလုံးကိုတောင် တားဆီး ခံခဲ့ရတာပါ။
တကယ်တော့ Fderal စစ်စစ် ဖြစ်လေ ပြည်ထောင်စုက ခိုင်မာလေဖြစ်ပါတယ်။ Fderal ပြည်ထောင်စု စစ်စစ် ဖြစ်ဖို့တောင်မှ ကျွန်တော်တို့အတွက် မျှော်လင့်ချက် ရောင်ခြည် သန်းလာပါပြီ။ စမ်းသပ် ကာလကို ကျော်လွှားနိုင်ပြီး ဒီမိုကရေစီကို အခိုင်အမာ တည်ဆောက်နိုင်ဖို့ အတွက် စိတ်ရှည် သည်းခံမှု၊ လက်တွေ့ကျကျ ချဉ်းကပ် ဆောင်ရွက်မှုနဲ့ စည်းလုံး ညီညွတ်စွာ ပူးပေါင်း အဖြေရှာမှုတို့က လူထု ထောက်ခံမှုထက် ပိုမို အရေးပါတဲ့ အချိန်အခါ ဖြစ်ပါတယ်။ သူ့ဘက် ကိုယ့်ဘက် ဆိုတဲ့ လက်ကျန် အတွေးအခေါ်တွေ စွန့်လွှတ် လိုက်ကြပြီး ဝှက်ထားချင်သေးတဲ့ လက်တချို့ ရှိနေသေးရင်တောင် ရှေ့ကို ထုတ်ပြီးရဲရဲ လက်တွဲလိုက်ကြပါ။
အခက်အခဲတွေက ရှေ့မှာ အမြောက်အမြား ရှိနေနိုင်သေးတာ ဖြစ်တဲ့အတွက် စည်းလုံး ညီညွတ်မှုအားကို မဖြစ်မနေ တည်ဆောက် လိုက်ကြပါလို့ တိုက်တွန်း ရေးသား လိုက်ပါတယ်။
Myanmar Express
အမေရိကန် ပြည်ထောင်စုရဲ့ တောင့်တင်း ခိုင်မာလှတဲ့၊ ကြွယ်ဝ
ဖွံ့ဖြိုးလှတဲ့ ဒီမိုကရေစီကို ရာစုနှစ် နှစ်ခုစာလောက် တည်ဆောက်
ရယူထားတာဖြစ်ပြီး ဥရောပရဲ့ ဒီမိုကရေစီ ကိုတော့ အဲဒီ ကာလ တစ်ဝက်လောက်
(နှစ်တစ်ရာလောက်) တည်ဆောက် ရယူထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အရှေ့တိုင်း
(အာရှ) ရဲ့ ဒီမိုကရေစီ ကတော့ ဘာမှ သိပ်မကြာ လှသေးပါဘူး။ သန်စွမ်း
ဖွံ့ဖြိုးတဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်း ဖြစ်ဖို့၊ ကျွန်တော်တို့
နှစ်တစ်ရာလောက် အချိန်ယူဖို့ မလိုလောက်ပေမယ့် အခု လောလောဆယ်တော့ ချက်ချင်း
မဖြစ်နိုင်သေးတာ သိပ်ကို သေချာလှပါတယ်။

1 comments:
ခ လုပ် က အ ပျက် မို့ ဖွင့် လို့ ပိတ် လို့ မ ရ တာ လား?
nld တာ ၀န် ယူ မှာ က ဘယ် အ ချိန် လည်း
ကျွန် တော် ရှင် မ ပြု ရ သေး ဘူး
အ မေ့ ကို တော့ လေး စား ပါ တယ်
ကျန် တဲ့ ကော င် တွေ ၊ the voice ရော :-) :-) :-) ဘဲ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်