From : သမ္မတရုံး
www.MyanmarExpress.net
နေပြည်တော် ဒီဇင်ဘာ ၁၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ပြည်ထောင်စု ဝန်ကြီးများ၊
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊
တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျက် ဒီဇင်ဘာ ၁၆ ရက်
နံနက်ပိုင်းတွင် မော်လမြိုင်မြို့မှ အထူးလေယာဉ်ဖြင့် ထွက်ခွာရာ နံနက် ၁ဝ
နာရီ ၁၅ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့သို့ ရောက်ရှိသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အဖွဲ့ဝင်များအား
တနင်္သာရာတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးလွှတ်တော်
ဥက္ကဋ္ဌဦးထင်အောင်ကျော်၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး
ဗိုလ်ချုပ် ခင်မောင်ဌေး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး
အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ၊
မြို့မိမြို့ဖများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ၊
တိုင်းရင်းသား တိုင်းရင်းသူများက ထားဝယ်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည်
ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် ပြည်နယ်၊ ခရိုင်နှင့်
မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊
မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်၊
ရှေးဦးစွာ တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ်
ဦးမြတ်ကိုက တနင်္သာရီတိုင်း ဒေသကြီး၏ တည်နေရာနှင့် အကျယ်အဝန်း၊
ကျေးလက်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ဆောင်ရွက်မှု၊
ထားဝယ်မြို့ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး သင်တန်း ကျောင်း
ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှု မြို့ပြ ဖွံ့ဖြိုးတိုးတက်မှုအတွက်
ထားဝယ်မြို့ အတွင်း ဆောင်ရွက်မည့် Shopping Mall၊
ပုဂ္ဂလိကအဆင့်မြင့်ဆေးရုံ၊ လူ့စွမ်းအား တိုးတက်မြင့်မားရေး
သင်တန်းကျောင်းနှင့် အများပိုင် ကုမ္ပဏီ၏ ပုဂ္ဂလိကဘဏ်များ တည်ဆောက်အကောင်အထည်
ဖော်မည့် အခြေအနေ၊ မောင်းမကန် ကမ်းခြေတွင် အပန်းဖြေစခန်းနှင့်
ဟိုတယ်ဇုန် တည်ဆောက်မည့် အစီအစဉ်၊ ဘုတ်ကျွန်းဟိုတယ်နှင့် အနားယူ
အပန်းဖြေစခန်း တည်ဆောက်နေမှု၊ ကံပေါက်သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံမှ
ထားဝယ်မြို့နှင့်ထားဝယ်ခရိုင် အတွင်းရှိ မြို့များသို့ ဓာတ်အားဖြန့်ဖြူး
ပေးနိုင်ရေး စီစဉ်ဆာင်ရွက်နေမှု၊ မြိတ်မြို့ ကမ်းနားလမ်းတွင် Shopping Mall
တည်ဆောက်ဖွင့်လှစ် ထားရှိမှု၊ ပုဂ္ဂလိက ခုတင် (၁၅၀) ဆံ့ ဆေးရုံကြီး
တည်ဆောက်နေမှု၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက်မှု၊ ထားဝယ်၊
မြိတ်နှင့် ကောသော့င်း လျှပ်စစ်ဓာတ်အားရရှိမှုနှင့် တိုးတက်ရရှိရေးအတွက်
စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေမှု၊ စက်မှုဇုန်များ
ဖွင့်လှစ်ဆောင်ရွက်မှု၊ နယ်စပ် ကုန်သွယ်ရေး စခန်းများ ဖွင့်လှစ်နိုင်ရေး
စီစဉ်ဆောင်ရွက်နေမှုနှင့် ထားဝယ်မြစ်ကြောင်း
ရှင်းလင်းရေးဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးတင်နိုင်သိန်းက နိုင်ငံတော်အစိုးရရဲ့ စီးပွားရေးပြုပြင်
ပြောင်းလဲမှုအစီအစဉ်များ ဆောင်ရွက်နေမှု၊ တနင်္သာရီတိုင်းဒေသကြီးတွင်
အထူးစီးပွားရေးဇုန်များတည်ဆောက် အကောင်အထည် ဖော်ရန် သင့်လျော်သည့်
အခြေအနေများ တည်ရှိမှု၊စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက်နိုင်ငံတကာနှင့်
ပူးပေါင်းဆောင်ရွက်ရာတွင် ဂရုပြု ဆောင်ရွက်ရမည့် အချက်များကို
ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးစိုးသိန်းက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို
ခွင့်ပြုဆောင်ရွက်ပေးနေမှု၊ ဒေသဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာတွင်
စာရင်း ဇယားကိန်း ဂဏန်းများ မှန်ကန် တိကျမှုရှိရန် လိုအပ်မှု၊
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အရှိန်အဟုန်ဖြင့် ဆက်လက်
ဆောင်ရွက်သွားမည့် အခြေအနေများ ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က
အမှာစကားပြောကြားရာတွင် ထားဝယ်မြို့သည် ယခင်ကတည်းက သမိုင်းအစဉ်အလာ
ကြီးမားခဲ့ကြောင်း၊ ထားဝယ်မြို့ မှ ခေါင်းဆောင်များ၊ ပညာထူးချွန်သူများ၊
အထူးကု ဆရာဝန်ကြီးများ၊ စာရေးဆရာများ၊ တပ်မတော် ခေါင်းဆောင်များအထိ
ပေါ်ထွက်ခဲ့ကြောင်း၊ ယခင်က စီးပွားရေး အလွန် ကောင်းမွန်ခဲ့သော်လည်း ယခုအခါ
ထားဝယ်မြို့သည် စီးပွားရေး ကျဆင်းလာသည်ကို တွေ့ရကြောင်း၊ ကော့သောင်းမြို့
မြိတ်မြို့တို့နှင့် နှိုင်းယှဉ်လျှင် တစ်ဦးချင်း ဝင်ငွေ နည်းပါး
လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ထားဝယ်မြို့
စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် မည်သို့ လုပ်ဆောင်သင့်သည်ကို
စဉ်းစားခဲ့ကြောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် တင်ပြသွားသည့် အစီအစဉ်များအရ
ဖွံ့ဖြိုးတိုးတက်လာမည်ဟုယုံကြည်ပါကြောင်း။
မိမိတို့အစိုးရ ရည်မှန်းချက် ရည်ရွယ်ချက်နှင့်
ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို အကျဉ်းချုံး ပြောကြားလိုကြောင်း၊
မိမိတို့အစိုးရအဖွဲ့သည် နိုင်ငံတော်ကို ၂၀၁၁ ခုနှစ် ဧပြီ ၁ ရက်မှ စတင်၍
ဒီမိုကရေစီစနစ်ဖြင့်သွားရန် စတင်ပြောင်းလဲခဲ့ကြောင်း၊ ၂ဝဝ၈ ခုနှစ်
ဖွဲ့စည်းပုံ အခြေခံဥပဒေသည်လည်း ပထမအကြိမ် လွှတ်တော် အစည်းအဝေး
ကျင်းပခြင်းဖြင့် အတည်ဖြစ်လာခဲ့ကြောင်း၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာတွင်
ခက်မ သုံးဖြာ ဖြစ်သည့့်  ဥပဒေပြုရေး မဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့်
တရားစီရင်ရေးမဏ္ဍိုင်တို့ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နေပါကြောင်း။
အုပ်ချုပ်ရေးမဏ္ဍိုင်ကို အစိုးရက တာဝန်ယူဆောင်ရွက်ပြီး
လုပ်ငန်းများကို ကြိုးပမ်းအကောင်အထည် ဖော်လာသည်မှာ သက်တမ်း
နှစ်နှစ်ရှိလာပြီဖြစ် ကြောင်း ၊ သန်း (၆ဝ) သော ပြည်သူများရဲ့ ဆန္ဒအရ
ပြုပြင်ပြောင်းလဲမှုများကိုလုပ်ဆောင်ရခြင်းဖြစ်ကြောင်း၊ ပြည်သူများရဲ့
အဓိကဆန္ဒနှစ်ရပ်မှာ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး လုံခြုံမှုရှိသည့်
တရားဥပဒေ စိုးမိုးရေးနှင့် တိုင်းပြည်ရဲ့
စီးပွားရေးဖွံ့ဖြိုးတိုးတက်စေလိုခြင်းပင်ဖြစ်ကြောင်း၊ ဒါကြောင့် မိမိတို့
အစိုးရအနေဖြင့် ပြည်သူများရဲ့ အဓိကလိုအပ်ချက် ဖြစ်သော ဒီမိုကရေစီ
နိုင်ငံတော်သစ်သို့ ချီတက်မည်ဟူသော ရည်မှန်းချက်ကို အကောင်အထည်
ဖော်နေခြင်း ဖြစ်ကြောင်း။
အစိုးရအနေဖြင့် ပြည်သူများရဲ့ ဆန္ဒကို
လိုက်ပါဖြည့်ဆည်းအကောင် အထည်ဖော်ရခြင်းပင် ဖြစ်ကြောင်း၊
တိုင်းပြည်အေးချမ်းအောင် လုပ်ဆောင်ရာတွင် နိုင်ငံရေးအရ
တည်ငြိမ်မှုရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး ဟူ၍
နှစ်ပိုင်းရှိကြောင်း၊ နိုင်ငံရေးလုပ် ငန်းစဉ်တွင် မတူညီသည်များကို
ဘေးဖယ်ြပီး တူညီသည့် အချက်များတွင် အားလုံး ပါဝင် ဆောင်ရွက်နိုင်အောင်
လမ်းဖွင့်ပေးခဲ့ပြီးဖြစ်ကြောင်း၊ လက်နက်ကိုင်ပဋိ ပက္ခများချုပ်ငြိမ်းရေး
အတွက် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း၊
ပြည်ထောင်စုကြီး အတွင်း၌ ဥမကွဲသိုက်မပျက် နေထိုင်ရန် ပြည်ထောင်စု
စိတ်ဓာတ်သည် အလွန်အရေးကြီးကြောင်း၊ နိုင်ငံအတွင်း အတူတကွ နေထိုင်ကြသော်လည်း
မတူညီသည့် အချက်၊ ကွဲပြားသည့် ခံယူချက်များ လည်း ရှိနိုင်ကြောင်း၊ ယခုအခါ
တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး
လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပထမအဆင့် အပစ်အခတ် ရပ်စဲရေးလုပ်ဆောင်ခဲ့ရာ
နိုင်ငံရဲ့ အရှေ့ပိုင်းနှင့် အရှေ့တောင်ဘက်ခြမ်း တစ်ခုလုံးတွင်
ငြိမ်းချမ်းမှုများ ရရှိလာပြီဖြစ်ကြောင်း၊ ယခင်ထိုဒေသ များတွင် အေးချမ်းမှု
မရှိခဲ့ကြောင်း၊ ခေတ် အဆက်ဆက် ငြိမ်းချမ်းရေး လုပ်ခဲ့ရာတွင်
အောင်မြင်သည်များ ရှိသကဲ့သို့ မအောင်မြင်သည်များလည်း ရှိပါကြောင်း၊
မိမိတို့အစိုးရ အနေဖြင့် အမွေ အဖြစ် ဆက်ခံခဲ့ ရကြောင်း။
နိုင်ငံရေး တည်ငြိမ်မှုရှိပြီး လက်နက်ကိုင်
ပဋိပက္ခများ ချုပ်ငြိမ်းကာ သန်း ၆၀ သော နိုင်ငံသူ၊ နိုင်ငံသားများ
လူမှုစီးပွားဘဝ တိုးတက်စေပါလိုကြောင်း၊ အိမ်နီး ချင်းနိုင်ငံများနှင့်
နှိုင်းယှဉ်လျှင် နောက်ကျကျန်ခဲ့မည်ကို မလိုလားပါကြောင်း၊မိမိတို့
နိုင်ငံတွင် အခြေခံသဘာဝ သယံဇာတများမည်မျှပင် ပေါကြွယ်ဝသော်လည်း ပြည်သူများ
အကျိုးလုပ်ဆောင်ပေး နိုင်သည့် စွမ်းရည်ရှိသည့် လူ့စွမ်းအားအရင်းအမြစ်
လိုအပ် ပါကြောင်း၊ လူသားစွမ်းရည် တိုးတက်လာအောင် ပညာရေးကသာ
လုပ်နိုင်ကြောင်း၊ နိုင်ငံတော်ရဲ့ တာဝန်ကို ပခုံးပြောင်းတာဝန်ယူရန်
သယံဇာတများကို အကျိုးရှိရှိ အသုံးချရန်မှာ လူငယ်များရဲ့ တာဝန်ပင်
ဖြစ်ကြောင်း၊ အရင်းအနှီး နည်းပညာနှင့် လူသားစွမ်းရည်မွေး ထုတ်ရန်အတွက်
ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရပါကြောင်း၊ နိုင်ငံခြားသားများအတွက်
မိမိတို့ နိုင်ငံရှိ သဘာဝသယံဇာတများသည် မက်မောစရာ ဖြစ်နေပါကြောင်း၊
ပြည်ပရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရာတွင် စည်းကမ်း မရှိဘဲ
လုပ်ကိုင်လျှင် ကောင်းကျိုးထက် ဆိုးကျိုးကို
ကြုံတွေ့နိုင်ကြောင်း၊သို့ဖြစ်၍ မရှိမဖြစ် လိုအပ်သည့် နိုင်ငံခြားရင်း
နှီးမြှုပ်နှံမှုဥပဒေ ( FDI Law ) ကို ရေး ဆြွဲပီး လွှတ်တော်မှာ ပညာရှင်များ
ပါဝင်၍ ဝိုင်းဝန်းဆွေးနွေးပြီး အတည်ပြုနိုင် ခဲ့ခြင်းဖြစ်ကြောင်း။
မိမိတို့ နိုင်ငံသည် လွန်ခဲ့သည့် နှစ် ပေါင်း ၂ဝ
ခန့်က စီးပွားရေးပိတ်ဆို့မှုခံခဲ့ရကြောင်း၊ စီးပွားရေး ပိတ်ဆို့မှုများ
ပယ်ဖျက်နိုင်ရေးအတွက် နိုင်ငံတကာ ဆက်ဆံရေးမူဝါဒကို ပြောင်းလဲဆောင်ရွက်ခဲ့ရာ
အရှေ့/အနောက် မခွဲခြားဘဲ ဆက်ဆံရေးကောင်းမွန်အောင်
ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ အာဆီယံဒေသတွင်း သာမက နိုင်ငံတကာ နယ်ပယ်၌ပါ
ထောက်ခံမှုများ ရရှိနေကြောင်း၊ နိုင်ငံတကာနှင့် ဆက်ဆံရေးကောင်းမွန်မှုကို
သာဓကပြရလျှင် အမေရိကန်ပြည်ထောင်စုသမ္မတ အိုဘားမား မိမိတို့နိုင်ငံသို့
လာရောက် ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ အမေရိကန် ပြည်ထောင်စုအနေဖြင့်
တတ်နိုင်သလောက် ပိတ်ဆို့မှုများ လျှော့ချပေးခဲ့ကြောင်း၊ ဥရောပသမဂ( EU )နှင့်
အဆင်ပြေအောင် ဆက်ဆံနိုင်ခြင်းဖြင့် EU ကလည်း ဖြေလျှော့မှုများ
လုပ်ပေးပြီး ပို့ကုန်များကို လက်ခံ လာခဲ့ကြောင်း၊
ဖွံ့ဖြိုးဆဲနိုင်ငံများကို အနောက်နိုင်ငံများက ပေးသည့် ပို့ကုန်ဆိုင်ရာ
အထွေထွေ အကျိုးခံစားခွင့် ( GSP= General Special Prenfrence) ရရှိအောင်
ကြိုပမ်းလုပ် ဆောင်လျက်ရှိကြောင်း၊ ရပါက ပိုမိုကောင်းမွန်လာမှာဖြစ်ကြောင်း။
နိုင်ငံအကျိုးရှိမည်ဆိုလျှင် လုပ်ဆောင်သွားမည်သာ
ဖြစ်ပါကြောင်း၊ တာဝန်ရှိသူများ အနေဖြင့်လည်း မကြာမီ
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်လာတော့မည် ဖြစ်၍ Town Plan, City
Plan များ ကြိုတင်လုပ်ထားရန် လိုအပ်ပါကြောင်း။
မည်သည့် နေရာ၌ မည်သို့ လုပ်မည်ကို
ကြိုတင်စဉ်းစားထားရန်လိုကြောင်း၊ တိုင်းပြည်ရဲ့
အခြေအနေမှာအလားအလာကောင်းများ မြင်တွေ့နေရပြီဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများ
ကိုသာ လုံးလုံးလျားလျားမျှော်လင့်အားကိုး နေ၍မရဘဲ ကိုယ့်အားကိုယ်ကိုး
လုပ်ဆောင်ကြရန်လည်း လိုအပ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက်
ဌာနဆိုင်ရာ တာဝန်ရှိသူများ သာမက ဒေသခံပြည်သူများတွင်လည်း
တာဝန်ရှိပါကြောင်း၊ ကိုယ့်တာဝန် ကိုယ်ယူကြစတမ်း ဟူသော စိတ်ထားဖြင့်
ကြိုးပမ်းလုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီး (၇)ခုနှင့်
ပြည်နယ်(၇)ခုသာမက နေပြည်တော် ကောင်စီတို့ပါ အပြိုင်အဆိုင်
ကြိုးစားကြစေလိုကြောင်း၊ပြည်ထောင်စုအစိုးရချည်း လုပ်၍မရဘဲ တိုင်းဒေသကြီး၊
ပြည်နယ်များကလည်း ပြည်သူများနှင့်အတူ လက်တွဲ ပူးပေါင်း
လုပ်ကြရမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံရဲ့ လူဦးရေ ၇ဝ ရာခိုင်နှုန်းမှာ
ကျေးလက်ဒေသ၌ နေထိုင်ကြကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့်
နှိုင်းယှဉ်လျှင် ဆင်းရဲနွမ်းပါးမှုနှုန်း မြင့်မားလျက်ရှိကြောင်း၊ ကုလသမဂ္ဂရဲ့
ထောင်စုနှစ်ရည်မှန်းချက် အရ ၂ဝ၁၅ ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှု ၂၆
ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းသို့ လျော့ကျအောင်လုပ်ရန်လိုကြောင်း၊
ဆင်းရဲနွမ်းပါးမှုနှုန်း ကျဆင်းရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်
ဆင်းရဲနွမ်းပါးမှု လျော့နည်း ကျဆင်းရေး လုပ်ငန်းစဉ်(၈)ရပ်
ချမှတ်ဖော်ဆောင်လျက် ရှိကြောင်း၊ တနင်္သာရီတိုင်း ဒေသကြီး အတွင်း
ကျေးရွာပေါင်း ၁၂ဝဝကျော် ရှိပြီး တစ်နိုင်ငံလုံးတွင် ကျေးရွာပေါင်း ၆ဝဝဝဝ
ကျော်ရှိရာ ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်မှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှာ
ဖြစ်ကြောင်း၊ အစိုးရနှင့် ပြည်သူ တူညီသော ဆန္ဒဖြင့် လက်တွဲညီညီပူးပေါင်း၍
အရှိန် အဟုန်ဖြင့် ကြိုးပမ်းသွားကြပါဟု တိုက်တွန်း
မှာကြားလိုပါကြောင်းဖြင့် ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်