အိန္ဒိယသမ္မတနိုင်ငံ မွမ်ဘိုင်းမြို့၌ ရောက်ရှိနေသော
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်
အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင်
ခေတ္တတည်းခိုသည့် မွမ်ဘိုင်းမြို့ရှိ Leela Palace ဟိုတယ်မှ မော်တော်
ယာဉ်များဖြင့် ထွက်ခွာခဲ့ပြီး မွမ်ဘိုင်း Chattrapati Shivali
အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည်
မွမ်ဘိုင်း Chattrapati Shivali အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အိန္ဒိယ တပ်မတော်
ရဟတ်ယာဉ်များဖြင့် ထွက်ခွာကြပြီး နံနက် ၉ နာရီခွဲတွင်
ရတနာဂီရိမြို့လေဆိပ်သို့ ရောက်ရှိကြသည်။
နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား
အိန္ဒိယသမ္မတနိုင်ငံ Minister of State သစ်တော၊ ဆိပ်ကမ်းနှင့်
မြို့ပြဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr.Bhaskan Jadhav ၊
ရတနာဂီရိခရိုင်အုပ်ချုပ်ရေးမှူး Mr.Rajeev Jadhav နှင့် ရတနာ
ဂီရိကမ်းခြေစောင့်တပ်မှူး Mr.Kumhare တို့က ရတနာဂရီ လေဆိပ်
ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် သီပေါမင်း၏ အုတ်နန်းပြာသာဒ်သို့ ရောက်ရှိကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် သီပေါမင်းနှင့်
မိဖုရားငယ် ရမည်းသင်း စုဖုရားကလေး တို့၏ အုတ်နန်းပြာဿဒ်နှင့် ပထမ သမီးတော်၏
အုတ်နန်းပြာသာဒ်တို့ကို ပန်းခွေချပြီး ဆုတောင်းမေတ္တာပို့သသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည်
သီပေါမင်းနှင့်မိဖုရားငယ် ရမည်းသင်းစုဖုရားကလေးတို့၏အုတ်နန်း ပြာသာဒ်
နှင့်ပထမသမီးတော်၏ အုတ်နန်းပြသာဒ်တို့ကို လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည်
သီပေါမင်း၏ စံအိမ်တော်သို့ ရောက် ရှိပြီး စံအိမ်တော်အပေါ်ထပ်ရှိ
သီပေါမင်း၏ ပုံတော်ပန်းချီကားနှင့် အသုံးအဆောင်များ
ထိန်းသိမ်းပြသထားရှိမှုကို ကြည့်ရှုလေ့လာကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် စံအိမ်တော်အတွင်းရှိ
ရိုးရာအသုံး အဆောင်ပြခန်းကို ကြည့်ရှုလေ့လာပြီး စံအိမ်တော်
ဧည့်သည်တော်မှတ်တမ်း စာအုပ်၌ လက်မှတ်ရေးထိုးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များ၊
ရတနာဂီရိမြို့မှ တာဝန်ရှိသူများ နှင့် အတူ စံအိမ်တော်ရှေ့၌ စုပေါင်း၍
မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ရတနာဂီရိခရိုင်
အုပ်ချုပ်ရေးမှူးရုံး၌ ရတနာဂီရိမြို့ရှိ သီပေါမင်း၏ ဆွေတော်မျိုးတော်ငါးဦး
အား တွေ့ဆုံ၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး အားပေး စကားပြောကြားကာ
ထောက်ပံ့ငွေများကို ပေးအပ်သည်။
ထို့အတူ ရတနာဂီရိခရိုင်မှ တာဝန်ရှိသူများအား
တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ နောက်ဆုံး ဘုရင်ဖြစ်သော သီပေါမင်းအား
အိန္ဒိယသမ္မတနိုင်ငံ ရတနာဂီရိသို့ ပို့ဆောင်ခံရသကဲ့သို့ အိန္ဒိယနိုင်ငံ၏ံ
နောက်ဆုံးဘုရင်ဖြစ်သော ဇဖားရှား ဘုရင်ကိုလည်း မြန်မာနိုင်ငံ ရန်ကုန်မြို့
သို့ ပို့ဆောင်ခံခဲ့ရခြင်းဖြစ်ရာ အပြန်အလှန်အားဖြင့် ရတနာဂီရိမြို့ရှိ
သီပေါမင်းနှင့် မိသားစု ၏ အုတ်နန်းပြာသာဒ်တို့ကို
ထိန်းသိမ်းစောင့်ရှောက်ပေးစေလိုပါကြောင်းဖြင့် ပြောကြား သည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည်
အော်ထရန်ဟောလ် အိမ်တော်ဝင်း အတွင်းရှိ ယခင် ဘေးကားစ်ဘန်ဂလို စံအိမ်တော် (
ယခု ခရိုင်ရဲဝန်နေအိမ်) ကို မော်တော် ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု
လေ့လာကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည်
မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ပြီး ရတနာဂီရိ ရဟတ်ယာဉ်ကွင်းမှတဆင့်
အိန္ဒိယတပ်မတော် ရဟက်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ မွမ်ဘိုင်း
Chattrapati Shivali အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မွန်းလွဲ ၁၂နာရီ မိနစ်
၂ဝတွင် ပြန်လည် ရောက်ရှိကြသည်။
မြန်မာနိုင်ငံ၏ နောက်ဆုံးဘုရင်ဖြစ်သော သီပေါမင်းသည်
မြန်မာ့သမိုင်းတွင် ပထမ ကျော် စာမေးပွဲကိုပါဠိဘာသာဖြင့်ဖြေဆိုရာ၌
အမြင့်ဆုံးဖြင့် အောင်မြင်ခဲ့သည့် တစ်ပါးတည်းသော ဘုရင်ဖြစ်သည်။
သီပေါမင်းသည် ရတနာသုံးပါးကိုကြည်ညိုပြီး ဘာသာရေးကို အရေးထား သော်လည်း
ဘာသာရေးကို မျက်စိမှိတ်ယုံကြည်သူမဟုတ်ဘဲ နန်းတွင်း ပညာရှိများနှင့် အရပ်သား
ပညာရှိ တို့ကိုဖိတ်ခေါ်၍ ဘာသာရေး ပြုပြင်ပြောင်းလဲမှုနှင့် ဥပဒေစာအုပ်
များထုတ်ဝေခြင်းတို့ကို လုပ်ဆောင်ခဲ့သည။် လူမှုရေးကိုလည်း အလေးထားပြီး
တိုင်းသူပြည်သားများအပေါ် မေတ္တာထားသော ဘုရင်တစ်ပါးဖြစ်သည်။ ရွှေတိုက်တော်
မှငွေများ ဖြင့် ကျေးကျွန်များကို ရွေးပေးပြီး လွတ်မြောက်စေခဲ့သည်။
ဗြိတိသျှအစိုးရသည် သီပေါမင်းကို ပရိယာယ်ဖြင့်
ဖမ်းဆီးနိုင်ခဲ့ပြီး မိဖုရားခေါင်ကြီး စုဖုရားလတ်နှင့် သမီးတော်နှစ်ပါး၊
မိဖုရားငယ် စုဖုရားကလေး တို့နှင့်အတူ ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင်
မြနန်းစံကျော်ရွှေနန်းတော်မှ စတင်ခေါ်ဆောင်ထွက်ခွာ၍ အိန္ဒိယ နိုင်ငံ
မဒရပ်မြို့မှတစ်ဆင့် မဟာရှပ်စ်ထရာပြည်နယ်ရှိ
ရတနာဂီရိမြို့သို့ပို့ဆောင်ခဲ့ရာ ၁၈၈၆ ခုနှစ် ဧပြီ ၁ဝ ရက် တွင် ရောက်ရှိ
သည်။
ရတနာဂီရိမြို့၌ အော်ထရန်ဟောလ် အိမ်တော်ဝင်းအတွင်းရှိ
ဘေးကားစ်ဘန်ဂလို နှစ်ခုကို ငှားရမ်းပြီး ၂၄ နှစ်ကြာ ပြောင်းရွှေ့
စံတော်မူစေခဲ့သည်။ (၎င်းအဆောက်အအုံများမှာ ယခု အခါ ခရိုင်ရဲဝန်၏
ဘန်ဂလိုဖြစ်နေသည်။) ၁၉ဝ၆ ခုနှစ်မှ ၁၉၁၁ ခုနှစ်အထိ ဆောက်လုပ် ခဲ့သော
စံအိမ်တော်သစ် သို့ ၁၉၁၁ ခုနှစ် စက်တင်ဘာလတွင် ပြောင်းရွှေ့ခဲ့သည်။ ၁၉၁၂
ခုနှစ် ဇွန်၂၈ရက်တွင် မိဖုရားငယ် ရမည်းသင်း စုဖုရားကလေးသည် ဆေးမှားသောက်
မိပြီး ရုတ်တရက်ကံကုန်တော်မူခဲ့သည်။
သီပေါမင်းသည် မိဖုရားငယ် ရမည်းသင်း စုဖုရားကလေး၏
ရုပ်ကလာပ်ကို မြန်မာပြည်သို့ ပို့ဆောင် သဂြိုဟ်ရန် ဗြိတိသျှအစိုးရထံ
တောင်းဆိုခဲ့သော်လည်း ခွင့်ပြုချက်မရသဖြင့် အလောင်းတော်ကို
ခေါင်းတော်သွင်း၍ စံအိမ်တော်အောက်ထပ် တွင် ထားခဲ့သည်။
ထိုနောက်ပိုင်းတွင် သီပေါမင်းမှာလည်း
ဆီးချိုနှင့်ကျောက်ကပ်ရောဂါတို့ဖြင့် ကျန်းမာရေး ထိခိုက်လာခဲ့ပြီး ၁၉၁၆
ခုနှစ် ဒီဇင်ဘာ ၁၅ ရက်ညတွင် ဝေဒနာပြင်းထန်စွာခံစားရပြီး နတ်ရွာစံခဲ့သည်။
မိဖုရားခေါင်ကြီး စုဖုရားလတ်သည် သီပေါမင်း၏
အလောင်းတော်ကို မိဖုရားငယ် စုဖုရားကလေး၏ အလောင်းတော်နှင့်အတူ
စံအိမ်တော်အောက်ထပ်တွင် သွပ်အခေါင်းနှင့် သစ်အခေါင်းများဖြင့်
နှစ်ထပ်စီသွင်း၍ ပရုတ်နှင့် ကျောက်မီးသွေးတို့ကိုအသုံးပြုထား ရှိခဲ့သည်။
သို့သော်လည်း ဗြိတိသျှ အစိုးရ၏ တိုက်တွန်းမှုများကြောင့် ၁၉၁၆ခုနှစ် ဒီဇင်ဘာ
၂၉ရက်တွင် စံအိမ်တော်ဝင်းအတွင်း၌ အုတ်နန်း ထားရှိခဲ့သည်။
မိဖုရားခေါင်ကြီးနှင့်သမီးတော်များက သီပေါမင်းနှင့်
စုဖုရားငယ်တို့၏ အလောင်းတော်ကို မန္တလေးရွှေနန်းတော်သို့သယ်ဆောင်၍ အုတ်နန်း
ပြာသာဒ်ဖြင့် ထားရှိလိုသဖြင့် အကြိမ် ကြိမ်တောင်းဆိုခဲ့သည်။ သို့ရာတွင်
ဗြိတိသျှအစိုးရက မြန်မာပြည်၏ မည်သည့်အရပ်၌ ဖြစ်စေ ''အုတ်နန်းပြာသာဒ်ဖြင့်
ထားရှိရန်'' သဘောမတူခဲ့ဘဲ ၁၉၁၇ ခုနှစ် ဖေဖော်ဝါရီ ၅ ရက် တွင်
အလောင်းတော်များကို အတင်းအကျပ်ရယူပြီး ရတနာဂီရိမြို့ ပြင်တွင်
သင်္ဂြီုဟ်ခဲ့သည်။
အုတ်နန်းပြာသာဒ်ရှိ သင်္ဂြိုဟ်သည့်
ရက်စွဲကမ္ပည်းတင်ထားမှုမှာ ၁၉၁၉ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်ဖြစ်သော်လည်း ဒီဇင်ဘာ
၁၉ ရက်ဖြင့် ကျောက်စာ ရေးထိုးပြီးဖြစ်၍ ယင်းအတိုင်း တပ်ဆင်ခဲ့သည်။
ယင်းအခေါင်းတော်များကို သလွန်ပေါ်တွင်တင်ကာ အုတ်နန်း ပြာသာဒ် အတွင်း
သွင်းခဲ့ခြင်းဖြစ်ပြီး ထီးဖြူရှစ်လက်ဖြင့်မိုးပေးထားသည်။
ထို့နောက် မိဖုရားကြီးနှင့် သမီးတော်များသည်
မြန်မာပြည်သို့ပြန်သွားခဲ့ကြသော်လည်း ပထမသမီးတော်ကြီးမှာမူ
အိန္ဒိယနိုင်ငံသို့ ပြန်သွားခဲ့ပြီး ၎င်း၏ ခင်ပွန်းဖြစ်သူ “ဂိုပါဆဝမ်”
နှင့်အတူ ရတနာဂီရိတွင် အခြေချနေထိုင်ခဲ့သည်။ ၎င်းမှာလည်း ၁၉၄၇ ခုနှစ် ဇွန် ၃
ရက် တွင် ကံကုန်ခဲ့သဖြင့် ဇွန် ၅ ရက်တွင် မြန်မာဘုန်းကြီးများပင့်ကာ
သရဏဂုံတင်၍ မီးသင်္ဂြိုဟ်ခဲ့သည်။
၎င်း၏ အုတ်နန်းပြာသာဒ်တွင် မြန်မာဘာသာဖြင့်
ကမ္ပည်းတင်ထားသော ကျောက်စာမှာ ပြောင်းပြန်ဖြစ်နေခဲ့ရာ အိန္ဒိယ
သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၏ ကြိုးပမ်း ဆောင်ရွက် မှုကြောင့်
မှန်ကန်စွာ ပြန်လည်တပ်ဆင်နိုင်ခဲ့သည်။
ယခုအခါ အိန္ဒိယသမ္မတနိုင်ငံ ရတနာဂီရိမြို့တွင်
သီပေါမင်းနှင့် မိဖုရားငယ်တို့၏ အုတ်နန်းပြာသာဒ်နှင့် ပထမသမီးတော်တို့၏
အုတ်နန်း ပြာသာဒ်တို့မှာ အတူယှဉ်တွဲ၍ ရှိနေပြီး
မဟာရှပ်စ်ထရာပြည်နယ်အစိုးရ၏ စောင့်ရှောက်မှုဖြင့် ထားရှိသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် မြန်မာနိုင်ငံ၏ ခေါင်းဆောင်များအနက်
အိန္ဒိယသမ္မတ နိုင်ငံ ရတနာဂီရိမြို့ရှိ သီပေါမင်း၏ စံအိမ်တော်နှင့်
အုတ်နန်းပြာသာဒ်တို့ကို ပထမဆုံးရောက်ရှိ ကြည့်ရှုလေ့လာပြီး ဆုတောင်းမေတ္တာ
ပို့သသူဖြစ်သည်။
6 comments:
မြန်မာ့ သမိုင်း မရိုင်းရ အောင် ဆောင် ရွက် ပေးသော သမ္မ တ ကြီး အား လေးစား ပါသည်။ ကျန်းမာ ပါစေ ။
ဟေ့ ဟေ့ ဟေး...ဟား ဟား ဟား,အဟွတ် အဟွတ်
တိုင်းပြည်နဲ့လူမျိုးအပေါ်ဘယ်သူက ပိုချစ်သလဲ
ဆိုတာ ဒီနေရာမှာ ကွင်းကွင်းကွက်ကွက်ပဲ......။
အဘွားကြီးက သူ့ဘာသာ သူ ပုဂ္ဂိုလ်ရေးသွားတာ။ သူ့အတွက် သူသွားတာ။ အဘွားကြီးက သူ့ကိုပေးတဲ့ဆု သွားယူတာ။ သမ္မတကြီးက တိုင်းပြည် အတွက်သွားတာ။ မတူပါဘူး။ အခုတော့ အဘွားကြီး လေသံပြောင်သွားပီ။ အမြင်မှန်ရ နေပါပီ။ ကိုယ့်ပါတီတောင် နိုင်အောင် မထိန်းနိုင်တဲ့ သူကများ သမ္မတ လုပ်ဦးမတဲ့။ ရီစရာတွေ ပြောတတ်ပါလား ဒေါ်စုရယ်
Myanmar President should not go to King ThiBaw tomb anyway. King ThiBaw was a weak king and pretty much useless. even Myanmar historians wrote if the queen Su PhaYar Latt was the king, Myanmar would never conquered by British. Su Phayar latt want to fight back the british but kinwon and ThiBaw were weak and surrendered. why should our president go pay respect to useless king who caused the country to become British colony?
သမ္မတကြီးကို ဒီတစ်ခါတော့ လေးစားသွားပြီ။ ကျေးဇူးတင်ပါတယ်။ နောက်ပြီးတော့လဲ ဒီထက်ကောင်းတဲ့ ဆောင်ရွက်ချက်တွေ လုပ်ဆောင်နိုင်ပါစေ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်