Subscribe to our RSS Feed

မြန်မာ-ဘရူနိုင်း နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေး

From :သမ္မတရုံး

နေပြည်တော် ဒီဇင်ဘာ ၅

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်များ နှင့်အတူ ဒီဇင်ဘာ ၄ ရက် ဒေသစံတော်ချိန် မွန်းလွဲ (၁) နာရီတွင် ဘန်ဒါဆရီဘီဂါဝန်မြို့ရှိ Istana Nurul Iman နန်းတော်၊ Cheradi Ratna Kenchana ခန်းမ၌ ကျင်းပသည့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်သည်။

ရှေးဦးစွာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင်မင်းမြတ်က သမ္မတကြီးသည် ၂၀၀၈ ခုနှစ်က ပထမအကြိမ် ခရီးစဉ်အဖြစ် ဘရူနိုင်းနိုင်ငံသို့ရောက်ရှိခဲ့ပြီး ယခု ၂၀၁၂ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ထပ်မံ၍ ရောက်ရှိလာမှုကို ဝမ်းမြောက်စွာကြိုဆိုပါကြောင်း။

နိုင်ငံတော်သမ္မတ ကြီးအနေဖြင့် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများကို မျက်ဝါးထင်ထင် မြင်တွေ့ရမည်ဖြစ်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် ချစ်ကြည်ရင်းနှီး သည့်နိုင်ငံများ ဖြစ်ပါကြောင်း၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများသည် တိုးတက်မှုများရှိသည့်အတွက် ကျေနပ်အားရမိပါကြောင်း၊ အခြား နယ်ပယ်များတွင်လည်း ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ထားပါကြောင်း၊ မြန်မာနိုင်ငံ အစိုးရနေဖြင့် စီးပွားရေး တိုးတက်တောင့်တင်း ခိုင်မာစေရန် စီးပွားရေးပြုပြင်ပြောင်းလဲ မှုများ အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို လေ့လာတွေ့ရှိရပြီး ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊

မိမိတို့နှစ်နိုင်ငံ ကုန်သွယ်မှုသည် အလွန်နည်းပါးလျက်ရှိသည့်အတွက် ယခုလိုအချိန်တွင် မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန် အခွင့်အလမ်း အကောင်းဆုံး အချိန်ဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ နှစ်နိုင်ငံသက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ပိုမိုထိတွေ့ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ထား ပါကြောင်း။

နှစ်နိုင်ငံအကြား အခွန်နှစ်ထပ်ကောက်ခံမှုမှ ရှောင်ရှားရေးဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးရန် ဆွေးနွေးသွားလိုပါကြောင်း၊ စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရန် အလားအလာကောင်းများ ရှိမည်ဟု မိမိယုံကြည်ပါကြောင်း၊ နောင်တွင် စွမ်းအင်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ဆွေးနွေးသွားလိုပါကြောင်း။

ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ မြန်မာပြည်သူများအတွက် ပညာသင်ဆုများပေးအပ်နေမှုကို ဆက်လက်တိုးမြှင့်ပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ ယနေ့နေ့လယ်တွင်လည်း ဘရူနိုင်းတက္ကသိုလ်သို့သွားရောက် လေ့လာနိုင်မည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးကဏ္ဍတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ နိုင်ငံတကာလူမှုအဖွဲ့ အစည်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဆေးရုံကြီး သို့လည်းသွားရောက်လေ့လာလျှင် တွေ့ရှိရမည်ဖြစ်ပါကြောင်းဖြင့် ပဏာမ ပြောကြား သည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိမိအားယခုလို ချစ်ကြည်ရေးခရီး ဖိတ်ခေါ် သည့်အတွက်  ကျေးဇူးတင်ရှိကြောင်း၊ ဘုရင်မင်းမြတ်ကြီး၏ ဦးဆောင်မှုအောက်တွင် ဘရူနိုင်းနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို တွေ့ရှိရ၍ ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ ဘုရင်မင်းမြတ် နှင့်တော်ဝင်မိသားစုတို့အား သင့်တော်သည့်အချိန်တွင် မြန်မာနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ပါကြောင်း၊ ဒေသတွင်းနှင့် နိုင်ငံ တကာမိတ်ဆွေနိုင်ငံများ၏ အကူအညီပေးမှုများကြောင့် စိန်ခေါ်မှုများကို အောင်မြင်စွာ ကျော်လွှားသွားနိုင်မည်ဖြစ်ပါကြောင်း။

ရခိုင်ပြည်နယ်ကိစ္စနှင့် စပ်လျဉ်း၍ အခါအခွင့်သင့်ခိုက်ရှင်းပြလိုပါကြောင်း၊ အဆိုပါ ကိစ္စ သည် မမျှော်လင့်သည့် စိန်ခေါ်မှုပင်ဖြစ်ပါကြောင်း၊ လူမျိုးရေး၊ ဘာသာရေးနှင့် မသက်ဆိုင်ပဲ ရာဇဝတ်မှုကြောင့်ပေါ်ပေါက်ခဲ့သည့် ကိစ္စသာဖြစ်ပါကြောင်း၊ အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရသည့် လူဦးရေ တစ်သိန်းကျော်အား နေ့စဉ်စားဝတ်နေရေး အဆင်ပြေအောင် ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံထိပ်သီး အစည်း အဝေးတွင် ရခိုင်ပြည်နယ်ကိစ္စနှင့် စပ်လျဉ်း၍ အာဆီိယံခေါင်းဆောင်များကို မိမိ ရှင်းပြခဲ့ပြီး ဖြစ်ပါကြောင်း။

ရခိုင်ပြည်နယ်ကိစ္စအား အိုအိုင်စီမှ ကုလသမဂ္ဂ အပါအ၀င်  နိုင်ငံတကာ အစည်း အဝေးများတွင် ထည့်သွင်းဆွေးနွေးရန် ကြိုးစားနေသည့် ကိစ္စနှင့် ပတ်သက်၍ ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှား နိုင်ငံတို့က မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေး၍ ကျေးဇူးတင်ရှိပါကြောင်း၊ လူသားချင်း စာနာထောက်ထားမှုအရ အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရသည့် လူဦးရေ တစ်သိန်းကျော်အား သက်ရှင်ကျန်းမာစွာ နေထိုင်နိုင်ရေး အတွက် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ထောက်ပံ့ကူညီမှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ် ကိစ္စသည် ပြည်တွင်းရေး ကိစ္စဖြစ်ပြီး စိန်ခေါ်မှုများကို ဖြေရှင်းသွားနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း။

မိမိနိုင်ငံတွင် သဘာဝ အရင်းအမြစ်များရှိသော်လည်း အရင်းအနှီး၊ နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှု နည်းပါးသေး၍ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်နေ ခဲ့ပါကြောင်း၊ ထို့ကြောင့် အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်အောင် ပညာရှင်များနှင့် တိုင်ပင် ဆွေးနွေးကာ နည်းလမ်းများ ရှာဖွေဆောင်ရွက်နေပါကြောင်း။

ယခုအခါ မိမိတို့နိုင်ငံသည် ကမ္ဘာ့နိုင်ငံများတွင် ၀င်ဆံ့နိုင်ပြီး ဆက်ဆံရေး ကောင်းမွန် လာပြီဖြစ်ပါကြောင်း၊ ပထ၀ီ အနေအထားအရ ကြီးမားသော ဈေးကွက်ကြီးများလည်း ရှိပါကြောင်း၊ ထို့အပြင် အာဆီယံမှသည် အရှေ့အလယ်ပိုင်းအထိ ဆက်သွယ် ကူးလူးနိုင်သည့် အတွက် တောင်အာရှနှင့် အရှေ့အာရှတို့ကို ဆက်သွယ်ပေးသည့် အချက်အချာကျသည့်နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံတွင် သဘာဝအရင်းအမြစ်များဖြစ်သည့် ရေနံနှင့် သဘာဝဓါတ်ငွေ့၊ သားငါး၊ ရော်ဘာ စသည့် သယံဇာတများ ပေါကြွယ်ဝပါကြောင်း၊ အဆွေတော် ဘုရင်မင်းမြတ် ပြောကြားသည့်အတိုင်း အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ တည်ဆောက် နိုင်လျှင် နှစ်နိုင်ငံ အကျိုးရှိမည်ဖြစ်ပါကြောင်း၊ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ တူးဖော်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်  အခွင့်အလမ်းများစွာ ရရှိနိုင်ကြောင်း၊ ဘရူနိုင်းနိုင်ငံသည် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ တူးဖော်ရေး လုပ်ငန်းများတွင် ခေတ်မီနည်းပညာနှင့် အတွေ့အကြုံများ စွာရှိ၍ ပူးပေါင်းဆောင်ရွက် လိုပါကြောင်း၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အထောက်အကူဖြစ်စေရန်အတွက် နှစ်နိုင်ငံအကြား အကောက်ခွန်နှစ်ထပ် ကောက်ခံခြင်းမှ ရှောင်ရှားခြင်းဆိုင်ရာ သဘောတူ စာချုပ်လက်မှတ်ရေးထိုးခြင်းလုပ်ငန်းကို သက်ဆိုင်ရာ ၀န်ကြီး ဌာနအချင်းချင်းညှိနှိုင်း ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြား တိုက်ရိုက် လေကြောင်း ပျံသန်းမှု ဆောင်ရွက်လိုပါကြောင်း၊ တိုက်ရိုက် လေကြောင်းပျံသန်းမှုသည် ၊စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုကိုများစွာ အထောက်အကူ ပြုမည်ဖြစ်ပါကြောင်း၊ မူအားဖြင့် သဘောတူ ထားသည့် နိုင်ငံခြားရေးရာ ပူးတွဲကော်မရှင် တည်ထောင်ရန် ကိစ္စကို လည်း အမြန်ဆုံး ဆောင်ရွက်လိုပါကြောင်း။

ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးချဲ့ဆောင်ရွက်သွားလိုပါကြောင်း၊ ဘရူနိုင်းတက္ကသိုလ်တွင် ပညာသင်ကြားနိုင်ရန် မြန်မာနိုင်ငံမှ သင်တန်းသားများအား လက်ခံသင်ကြားပေး၍ များစွာ ကျေးဇူးတင်ရှိ ပါကြောင်း၊ မြန်မာနိုင်ငံ အာဆီယံဥက္ကဌ တာဝန်ယူသည့်ကာလတွင် အထောက်အကူ ပြုစေရန်အတွက် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၀န်ထမ်းများအား တွဲဖက်တာဝန် ထမ်းဆောင်စေသည့် အစီအစဉ် ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း။

ဘုရင်မင်းမြတ်၊ မိဖုရား၊ တော်ဝင်မိသားစုနှင့် ဘရူနိုင်းပြည်သူပြည်သားများ ကျန်းမာ စေရန်နှင့် ဆထက်ထမ်းပိုး ချမ်းသာကြွယ်ဝစေရန် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း၊ အဆွေတော်အား မြန်မာနိုင်ငံသို့ တရားဝင်လာရောက်မည့်ခရီးကို စောင့်မျှော်လျက် ရှိပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ ဘုရင်မင်းမြတ်က ယခုလို မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ဖိတ်ခေါ်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နှစ်ဖက်အဆင်ပြေသည့် အချိန်တွင် လာရောက်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှ အသိပညာရှင်၊ အတတ်ပညာရှင် (၅၀၀) ခန့် က မိမိနိုင်ငံသို့ လာရောက်၍ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြု ပံ့ပိုးကူညီနေသည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ အဆွေတော် သမ္မတကြီးမှ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲ ဖြစ်ပေါ်တိုးတက်မှုများနှင့် ရခိုင်ပြည်နယ် အခြေအနေတို့ကို ရှင်းလင်းပြောကြားသည့် အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ လူမျိုးရေး၊ ဘာသာရေး ကိစ္စရပ်များနှင့် ဆက်နွယ်နေသောကြောင့် ရှုပ်ထွေးပြီး သိမ်မွေ့နက်နဲသည့် ကိစ္စဖြစ်သည်ကို မိမိတို့ နားလည်ပါကြောင်း၊ မြန်မာနိုင်ငံ အစိုးရအနေဖြင့် တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး ပြန်လည်ရရှိအောင် ကြိုးပမ်အားထုတ်မှုများကို အသိအမှတ်ပြုပါကြောင်း။

မိမိနိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန်ယူချိန်နှင့် မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန်ယူသည့် ကာလများတွင် လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက်နှစ်နိုင်ငံ သက်ဆိုင်ရာ ၀န်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်အချင်းချင်း ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် အနာဂတ်အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ခွင့်ရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် မြန်မာနိုင်ငံချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင် များသည် Istana Nurul Iman နန်းတော်မှ မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုသည့် Empire Hotel & Country Club သို့ ရောက်ရှိကြသည်။

  Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်