From :သမ္မတရုံး
www.MyanmarExpress.net
နေပြည်တော် ဒီဇင်ဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ရောက်ရှိနေသော
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်
အဖွဲ့ဝင်များသည် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ
တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်ဌေး လိုက်ပါလျက်
ဒီဇင်ဘာ(၁၇)ရက် မွန်းလွဲပိုင်းတွင် ထားဝယ်မြို့မှ အထူးလေယဉ်ဖြင့် ထွက်ခွာရာ
တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်
တိုင်းဒေသကြီးခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊
လူမှုရေး အသင်းအဖွဲ့ဝင် များ၊ မြို့မိမြို့ဖများက ထားဝယ်လေဆိပ်၌
ပို့ဆောင်နှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတနှင့်အဖွဲ့များသည် မွန်းလွဲ (၂)
နာရီခွဲတွင် ကော့သောင်းမြို့သို့ ရောက်ရှိကြရာ ခရိုင်နှင့် မြို့နယ်အဆင့်
ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့ဝင် များနှင့်
မြို့မိမြို့ဖများက ကော့သောင်းလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည်
ကောင့်သောင်းမြို့ငါးသုံးလုံး ရှုခင်းသာတောင်ကုန်းရှိ View Point သို့
ရောက်ရှိ ပြီး ကော့သောင်းမြို့ ဖွံ့ဖြိုးတိုးတက်မှုကို ကြည့်ရှုသည်။
၎င်းနောက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည်များကို မှာကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည်
မော်တော်ယာဉ်များဖြင့် မြန်မာနိုင်ငံ၏တောင်ဘက်စွန်း ကော့သောင်းမြို့၏
အထိမ်းအမှတ်နေရာ တစ်ခုဖြစ်သော ဘုရင့်နောင် ကုန်းမြေရှိ
ဘုရင့်နောင်မင်းတရားကြီးရုပ်ထုနှင့် ဘုရင့်နောင်တံတားတို့ကိုလည်းကောင်း ၊
ကော့သောင်းမြို့ဖွံ့ဖြိုးစည်ပင်မှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတသည်
ကော့သောင်းမြို့ဧည့်ရိပ်သာ၌ ခရိုင်နှင့် မြို့နယ်အဆင့်
ဌာနဆိုင်ရာတာဝန်ရှိသူများအားတွေ့ဆုံ အမှာစကားပြောကြားသည်။
နိုင်ငံတော်သမ္မတက ကော့သောင်းမြို့သည် ယခင်က
မြို့နယ်အဆင့်သာဖြစ်ခဲ့သော်လည်း အုပ်ချုပ်ရေးအပိုင်းတွင် ပီပီပြင်ပြင်
လုပ်ကိုင်နိုင်ရန် အတွက် တစ်မြို့နယ်တည်း ဖြစ်သော်လည်း ခရိုင်အဆင့်သို့
တိုးမြှင့်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ကော့သောင်းမြို့သည် မိမိတို့နိုင်ငံ၏
တောင်ဘက် အစွန်အဖျားရှိ ဝင်ပေါက်၊ ထွက်ပေါက်၊ ဂိတ်ပေါက်ဖြစ်၍
အလွန်အရေးပါကြောင်း၊ ဂိတ်ပေါက်မလုံခြုံပါက လုံခြုံရေး အန္တရာယ်၊
စီးပွားရေးအန္တရာယ်နှင့် လူမှုရေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်ကြောင်း၊
စီးပွားရေးနှင့် ပတ်သက်၍ တစ်ဖက်နိုင်ငံမှ ကော့သောင်းမြို့သို့
ကုန်ပစ္စည်းများဝင်ရာတွင် အကျိုးရှိသည်များရှိ သကဲ့သို့
အကျိုးမဲ့သည်များလည်း ရှိနိုင်ကြောင်း၊ မိမိတို့တိုင်းပြည်အတွက်
အန္တရာယ်ရှိနိုင်သည်များ ဝင်မလာနိုင်အောင် အလေးထား တားဆီးရမည်ဖြစ်ကြောင်း၊
မိမိတို့ဘက်မှ ထွက်ကုန်အဖြစ် ရေထွက် ပစ္စည်းသားငါးရှိကြောင်း၊ သို့သော်
ကုန်ကြမ်းအနေဖြင့်သာ ပေးပို့နေခြင်း ဖြစ်ကြောင်း၊ ကော့သောင်းမြို့ တွင် (၈)
မဂ္ဂါဝပ်ထွက်ရှိသည့် ကျောက်မီးသွေး လျှပ်စစ်ဓာတ် အားပေးစက်
တည်ဆောက်ပြီးစီးနေပြီ ဖြစ်ကြောင်း၊ သို့သော် အသုံးပြုသည်မှာ (၂) မဂ္ဂါဝပ်
သာရှိသည်ဟု သိရှိရကြောင်း၊ ပိုလျှံသည့်လျှပ်စစ် ဓာတ်အားကို အသုံးချပြီး
ကုန်ကြမ်းများကို တန်ဖိုးမြင့်ကုန်ချောများအဖြစ် ထုတ်လုပ်၍ စီးပွားရေး
လုပ်ငန်းများ တိုးတက်လာအောင် တာဝန်ရှိသူများက
ကြံဆလုပ်ဆောင်နေရန်လိုကြောင်း။
ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး အဆင့်တို့ကချည်းပဲ
လုပ်ပေးနေ၍ မဖြစ်နိုင်ကြောင်း၊ ဒေသဖွံ့ဖြိုး ရန်အတွက်
ဌာနဆိုင်ရာဝန်ထမ်းများကို ထိုက်သင့်စွာခန့်ထားပေးပြီးဖြစ်ကြောင်း၊ ယခုအခါ
တိုင်းပြည် ကိုဖွံ့ဖြိုးရန် အပြိုင်အဆိုင်စနစ်ဖြင့် သွားနေခြင်းဖြစ်၍
အရည်အချင်းမရှိလျှင် ကျန်ခဲ့မည်ဖြစ်ကြောင်း၊ ခရိုင်/မြို့နယ်အဆင့်၌
အရည်အချင်းမရှိသူများ ရှိနေလျှင် ဒေသ၏ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊
စီးပွားရေး၊ လူမှုရေးအပါအဝင် အဘက်ဘက်က နောက်ကျကျန်ခဲ့မည်ဖြစ်ကြောင်း၊
ဌာနတစ်ခုတည်း၊ တာဝန်ရှိသူ တစ်ဦးတည်းဖြင့် လုပ်ဆောင်၍
မအောင်မြင်နိုင်ကြောင်း၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် စုပေါင်း၍
လုပ်ဆောင်ရန်လိုကြောင်း၊ ခရိုင်/မြို့နယ်အဆင့်တွင် ခရိုင်အထွေထွေ
အုပ်ချုပ်ရေး မှူးရုံး ကဦးစီးပြီး အပတ်စဉ်၊ လစဉ်
လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ပုံမှန်ပြုလုပ်၍ ညှိနှိုင်းဆောင်ရွက်
ရန်လိုကြောင်း၊ တစ်ဦးတည်း တစ်ယောက်တည်း လုပ်ဆောင်ခြင်းထက် အများပါဝင်ပြီး
စုပေါင်းလုပ်ဆောင်ခြင်းက ပိုမိုအောင်မြင်နို်င်ကြောင်း။
လုပ်ငန်း ဆောင်ရွက်ရာတွင် တည်ဆဲ
စည်းမျဉ်းဥပဒေများနှင့်အညီ ဆောင်ရွက်ရန် လိုကြောင်း၊ ဥပဒေကို
မလေးစားမလိုက်နာလျှင် တရားဥပဒေ စိုးမိုးမှုကို အနှောင့်အယှက်
ဖြစ်နိုင်ကြောင်း၊ နယ်စပ်ဒေသဖြစ်၍ လူကုန်ကူးမှု၊ တရားမဝင် ကုန်ပစ္စည်းများ
ရောင်းဝယ်ဖောက်ကားမှုများ ရှိနိုင်ကြောင်း၊ တရားဥပဒေ စိုးမိုးရေး အတွက်
ဖိဖိစီးစီးလုပ်ရန် လိုကြောင်း၊ မိမိတာဝန်ယူသော ဒေသ၏ လုံခြုံရေး၊
စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး တိုးတက်လာအောင် လူ့စွမ်းအား အရင်းအမြစ်
ဖွံ့ဖြိုးတိုးတက်အောင် မဖြစ်မနေ လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊
မြို့နယ်အတွင်း၌ ပြီးနိုင်သည့်ကိစ္စကို မြို့နယ်အဆင့်၌ ပြီးပြတ်အောင်၊
ခရိုင်အဆင့်၌ ပြီးနိုင်သည့်ကိစ္စကို ခရိုင်အဆင့်၌ ပြီးပြတ်အောင်
တာဝန်ယူလုပ်ဆောင်ရန် လိုကြောင်း၊ မိမိခရိုင်၊ မိမိမြို့နယ်
ဖွံ့ဖြိုးတိုးတက်လာရန်နှင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့မှာ
မိမိတို့၏တာဝန်သာဖြစ်သည်ဟု ခံယူလုပ်ဆောင်ရန် လိုကြောင်းဖြင့် အသေးစိတ်
မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည်
ကော့သောင်းမြို့မှ ပြန်လည်ထွက်ခွာရာ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ
တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများက
ကော့သောင်းလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည်
ကော့သောင်းမြို့မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး မြိတ်မြို့သို့
ညနေပိုင်းတွင် ရောက်ရှိကြရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့်
မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊
မြို့မိမြို့ဖများက မြိတ်လေဆိပ်မှ ကြိုဆိုနှုတ်ဆက်ကြသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်