Subscribe to our RSS Feed

Suzuki ကုမ္ပဏီမှ မြန်မာကုမ္ပဏီတစ်ခုနှင့် ပူးပေါင်း၍ ကားစက်ရုံ တည်ထောင်ရန် စီစဉ်

From : eleven

ဂျပန်ကားကုမ္ပဏီ Suzuki အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။
သီလ၀ါ အထူးစီးပွားရေးဇုန်တွင် မြှုပ်နှံရန် ကြိုတင်လျာထားတွက်ချက် ပြင်ဆင်နေသော်လည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC သို့ လျှောက်ထားသည့် စာရင်းများအရ တရားဝင်လာရောက် လျှောက်ထားမှု မရှိသေးကြောင်း သိရသည်။
“သီလ၀ါ အထူးစီးပွားရေးဇုန်မှာ Suzuki ကုမ္ပဏီအနေနဲ့ invest လုပ်ဖို့ ပြင်ဆင်နေတာတော့ရှိတယ်။ MIC ကိုတော့ တရားဝင် လျှောက်ထားတာ မရှိသေးဘူး။ မြှုပ်နှံဖို့အတွက် ကြိုတင်လျာထား တွက်ချက် ပြင်ဆင်နေတာတော့ ရှိတယ်။ အားလုံးက MIC ကိုရောက်မှပဲ တရားဝင်ဖြစ်မှာပါ” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောပြခဲ့သည်။
လက်ရှိတွင် Suzuki ကုမ္ပဏီ အနေဖြင့် မြန်မာကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းကာ ကားစက်ရုံ တည်ထောင်ရန် ကြိုတင်ပြင်ဆင်နေသည်ဟုလည်း မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ကုန်သွယ်လုပ်ငန်းရှင်များ အသင်းဝင် ကားလုပ်ငန်းရှင်များ ထံမှလည်း သတင်းရရှိပါသည်။
“ကျွန်တော်တို့ ကြားထားတာကတော့ ပြည်တွင်းက ကားထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုနဲ့ တွဲလုပ်ဖို့ ပြင်နေတယ်လို့ ကြားတယ်။ ကုမ္ပဏီအမည်ကို အတိအကျ မပြောနိုင်ပေမယ့် ကြားသိထားတဲ့အရ ဆိုရင်တော့ အားမာန်သစ် ကုမ္ပဏီလို့တော့ အကြမ်းဖျင်း ကြားထားတယ်။ အတိအကျတော့ မသိရသေးပါဘူး။ တရားဝင် လျှောက်ထားတယ်လို့တော့ မကြားသေးဘူး” ဟု မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ကုန်သွယ်လုပ်ငန်းရှင်များ အသင်းဝင် ကားလုပ်ငန်းရှင် တစ်ဦးက ပြောပြခဲ့ပါသည်။
သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းကိုလည်း ဂျပန်နိုင်ငံမှ ကုမ္ပဏီများ စုဖွဲ့ထားသည့်အဖွဲ့နှင့် မြန်မာနိုင်ငံမှ ကုမ္ပဏီများ စုဖွဲ့ထားသည့် အဖွဲ့တို့ ပူးပေါင်းကာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ ပထမလေးလပတ်အတွင်း စတင်အကောင်အထည်ဖော်မည် ဖြစ်ကြောင်းကိုလည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ အတည်ပြု ပြောကြားခဲ့ပါသည်။

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်