Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နော်ဝေနိုင်ငံဝန်ကြီးချုပ် H.E. Mr. Jens Stoltenberg တို့ သတင်းစာရှင်းလင်းပွဲ ကျင်းပ၍ မီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည် ရှင်းလင်း ဖြေကြား

From : သမ္မတရုံး


နေပြည်တော် ဖေဖော်ဝါရီ ၂၈
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နော်ဝေနိုင်ငံဝန်ကြီးချုပ် H.E. Mr. Jens Stoltenberg တို့သည် ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၃ နာရီတွင် နော်ဝေနိုင်ငံအော်စလိုမြို့ရှိ အစိုးရဧည့်ဂေဟာ၌ တွေ့ဆုံ၍ တွေ့ဆုံပွဲအပြီးတွင် နှစ်နိုင်ငံခေါင်းဆောင်များသည် သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပကာ တွေ့ဆုံ ဆွေးနွေးခဲ့မှုများကို ရှင်းလင်း ပြောကြားခဲ့သည်။

ရှေးဦးစွာ နော်ဝေနိုင်ငံဝန်ကြီးချုပ်က ပြောကြားရာတွင် ယခုခရီးစဉ်တွင် သမ္မတကြီးအား ကြိုဆိုခွင့်ရသည့်အတွက် များစွာ ဝမ်းမြောက်မိပါကြောင်း၊ ဂုဏ်ယူကြောင်းကိုလည်း ပြောကြားလိုပါကြောင်း၊ ယခုခရီးစဉ်သည် နှစ်နိုင်ငံ၏ ဆက်ဆံရေးကို ပိုမိုတိုးတက်ရန်အတွက် များစွာအရေးပါသည့် ခရီးစဉ်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ လွန်ခဲ့သော နှစ်နှစ်တာကာလက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံကဲ့သို့ လုပ်ဆောင်နိုင်သည့် နိုင်ငံအနည်းငယ်လောက်သာ ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့သည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများတွင် ရွေးကောက်ပွဲကြီး ကျင်းပ ပေးခဲ့ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ကန့်သတ်ချက်များ ဖယ်ရှားပေးခဲ့ခြင်း တို့လည်း ပါဝင်ပါကြောင်း၊ ထို့ပြင် ပြီးခဲ့သည့်နှစ်နှစ်ကာလကဆိုလျှင် သမ္မတအဖြစ် ရွေးကောက်ခံရပြီးနောက်ပိုင်းတွင်လည်း သမ္မတကြီးအနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ခြင်း များစွာရှိပါကြောင်း၊ ပြီးခဲ့သည့်နှစ်နှစ်တွင် ဒီမိုကရေစီနှင့်ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုများ မိမိတို့ နော်ဝေက အမြဲတမ်း အဆင်သင့် ထောက်ခံခဲ့ပါကြောင်း၊ ဤခရီးစဉ်သည် သမ္မတကြီး၏ ဥရောပခရီးစဉ်မှာ ပထမဆုံး နော်ဝေနိုင်ငံကို လာပြီးတော့မှ ပထမဦးဆုံးအကြိမ် လည်ပတ်ခြင်း ဖြစ်ပါကြောင်း၊ ဤခရီးစဉ်သည် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ရန် ဆန္ဒရှိသည်ကို ဖော်ပြခြင်း ဖြစ်ပါကြောင်း၊  နှစ်နိုင်ငံ သံတမန်ဆက်သွယ်ရေးကို မြှင့်တင်သည့် အနေဖြင့် ရန်ကုန်မြို့ရှိ နော်ဝေသံရုံးကို သံအမတ်ကြီး အဆင့် တိုးမြှင့်သွားရန် ဆုံးဖြတ်ထားပါကြောင်း၊ မိမိတို့ တွေ့ဆုံစဉ် နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ပါကြောင်း၊ တစ်ပြိုင်တည်းတွင် မြန်မာနိုင်ငံ၏ စိန်ခေါ်မှုကိစ္စများနှင့် ပတ်သက်၍ ပြောကြားခဲ့ပါကြောင်း၊ ရေရှည်တွင် ဒီမိုကရေစီ တိုးတက်ဖြစ်ပေါ်ရန်အတွက် လူ့အခွင့်အရေးကိုအလေးထားရန် အခြေခံ အခွင့်အရေးနှင့် ပတ်သက်၍ ဆောင်ရွက်မည့် ကိစ္စများကို ဆွေးနွေးခဲ့ကြပါကြောင်း၊ မြန်မာနိုင်ငံ၌ ဖြစ်နေသည့်ပဋိပက္ခကိစ္စများနှင့် ပတ်သက်ပြီး မိမိတို့ ဆွေးနွေးခဲ့ပါကြောင်း၊ မိမိတို့ နော်ဝေနိုင်ငံနှင့် မြန်မာနိုင်ငံ၏ တိုးတက်ဖြစ်ထွန်းရန်တို့နှင့် စပ်လျဉ်းပြီး အလေးထားဆွေးနွေးခဲ့ပါကြောင်း၊ မိမိတို့၏ နော်ဝေကုမ္ပဏီများ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန်ကိုလည်း ဆွေးနွေးခဲ့ပါကြောင်း၊ နော်ဝေကုမ္ပဏီများသည် တာဝန်သိသော လူ့အဖွဲ့အစည်းများ ဖြစ်ပါကြောင်း၊ တစ်ပြိုင်တည်းတွင် မြန်မာနိုင်ငံ၌ မျှတ၍ ပွင့်လင်းသည့်အနေအထားကို ဖော်ထုတ်ပေးရန်ဆိုလျှင် အခွန်ကောက်ခံမှုနှင့် ပတ်သက်ပြီး ပိုမို တိုးမြှင့် ဆောင်ရွက်သွားရန် မိမိပြောကြားခဲ့ပါကြောင်း၊ နိုင်ငံတော်သမ္မတကြီး၏ ခရီးစဉ်သည် အပြုသဘောဆောင်ပြီး ရလဒ်ကောင်းများထွက်ပေါ်မည်ဟု မျှော်လင့်ပါကြောင်း၊ ဆက်လက်ပြီး မြန်မာနိုင်ငံ တိုးတက်မည့်အချိန်ကို မျှော်လင့်ပါကြောင်း၊ ကြိုဆိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတက မိမိအနေဖြင့် ဥရောပခရီးစဉ်ကို နော်ဝေနိုင်ငံမှ အစပြုရသည့်အတွက် အလွန်ပင် ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း၊ နော်ဝေနိုင်ငံကို ပထမဦးဆုံး လာရောက်ရခြင်းမှာ မိမိတို့ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိနေသည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံနှင့် မြန်မာ ပြည်သူများအပေါ် နော်ဝေအစိုးရနှင့် ပြည်သူများက ထောက်ခံအားပေးမှုများ၊ ကူညီထောက်ပံ့မှုများ များစွာရှိခဲ့ပါကြောင်း၊ ထို့အတွက် ကျေးဇူးတင်၊ အသိအမှတ်ပြုသည့် အနေဖြင့် ယခုကဲ့သို့ နော်ဝေနိုင်ငံကို ပထမဦးဆုံးလာရောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ နော်ဝေနိုင်ငံသည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များတွင် နှစ်ပေါင်းများစွာ တိုက်တွန်း လှုံ့ဆော်ခဲ့သည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ကမ္ဘာ့နိုင်ငံများကို အတိအလင်း ပြောကြားလိုသည်မှာ လွန်ခဲ့သည့်နှစ်များအတွင်း မြန်မာနိုင်ငံနှင့် အနောက်နိုင်ငံများ ပြန်လည်ထိတွေ့ ဆက်ဆံရေးမှာ နော်ဝေနိုင်ငံက တက်ကြွစွာဦးဆောင်ပြီး ပူးပေါင်းေ ဆာင်ရွက်နိုင်ခဲ့မှုများက ယနေ့ မြန်မာနိုင်ငံ ဖြစ်ပေါ်ပြောင်းလဲနေမှုများအတွက် အဓိကကျခဲ့ပါကြောင်း။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီထွန်းကားရေး အတွက်နော်ဝေနိုင်ငံ ခေါင်းဆောင်များနှင့် သံတမန်များ၏ ကြိုးပမ်းမှုကို မိမိအနေဖြင့်ဂုဏ်ယူ ဝမ်းမြောက်ကြောင်းနှင့် နော်ဝေနိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့်လည်း ဂုဏ်ယူဝမ်းမြောက်သင့်သည်ဟု ပြောကြားလိုပါကြောင်း၊ နော်ဝေနိုင်ငံသည် မိမိတို့၏ အားနည်းချက်များကို မိုင်ထောင်ပေါင်းများစွာမှ အပြစ်များကို ဝေဖန်နေခြင်းထက် လက်တွေ့ကျကျ အဖြေရှာနိုင်ရန်အတွက် ရင်းနှီးပွင့်လင်းစွာ လက်တွဲ ခေါ်ဆောင်ခဲ့သော မိတ်ဆွေကောင်းနိုင်ငံ တစ်နိုင်ငံလည်း ဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး လက်နက်ကိုင်ပဋိပက္ခများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံအနေဖြင့် မကြာမီကာလတွင် ဤပဋိပက္ခများ ချုပ်ငြိမ်းတော့မည် ဖြစ်သည့် အတွက်ကြောင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်များအပေါ် နော်ဝေနိုင်ငံ၏ အားတက်သရော ကူညီမှုများသည် အရေးကြီးသည့် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ပါကြောင်း၊ ဆယ်စုနှစ်ပေါင်းများစွာ စီးပွားရေး ပိတ်ဆို့မှု များကြောင့် မရရှိခဲ့သည့် နိုင်ငံတကာ ချေးငွေများကို ပြန်လည်ရရှိအောင် ညှိနှိုင်းဆွေးနွေးမှုတွင်လည်း နော်ဝေနိုင်ငံ၏ အကူအညီများသည်အရေးပါသော နေရာမှ ပါဝင်ခဲ့ပါကြောင်း၊ ပဲရစ်ကလပ် အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် နော်ဝေနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံမှ ရရန်ရှိသော ကြွေးမြီများကို ရာနှုန်းပြည့် ပေးလျှော်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးအပေါ်တွင် နော်ဝေနိုင်ငံ၏ ယုံကြည်မှုကို ပြသခဲ့ပါကြောင်း၊ နော်ဝေနိုင်ငံ၏ ယုံကြည်မှုကြောင့် အခြားသော ပဲရစ်ကလပ်နိုင်ငံများနှင့် ပတ်သက်ပြီး ချေးငွေကိစ္စများ ညှိနှိုင်းသည့်အခါတွင် များစွာ အထောက်အကူ ဖြစ်စေခဲ့ပါကြောင်း၊ မြန်မာနိုင်ငံထံမှ ၎င်းတို့ ရရှိရန် ကျန်ရှိနေသော ကြွေးမြီများစွာ ကိုလည်း လျှော့ပေါ့ပေးခဲ့ပါကြောင်း၊ မိမိနိုင်ငံအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးနှင့် ပတ်သက်သည့် အကောင်းဆုံး နည်းလမ်းများကို ရှာဖွေနိုင်ရန် နော်ဝေနိုင်ငံ၏ အကူအညီများသည်လည်း အလွန်အရေးကြီးလှပါကြောင်း။

နော်ဝေနိုင်ငံနှင့် မြန်မာနိုင်ငံသည် ရာသီဥတုနှင့်ယဉ်ကျေးမှုများတွင် ကွဲပြားမှုများစွာ ရှိသော်လည်း မိမိတို့ နှစ်နိုင်ငံ၏ တူညီသည့်အချက်မှာ သဘာဝသယံဇာတ အထူးသဖြင့်စွမ်းအင်ဆိုင်ရာသယံဇာတများ ပေါကြွယ်ဝသည့် နိုင်ငံများ ဖြစ်ကြပါကြောင်း၊ မိမိတို့ အနေဖြင့် သဘာဝသယံဇာတများကို ပြည်သူများ အားလုံးအတွက် အကျိုးရှိအောင်မည်ကဲ့သို့ စီမံခန့်ခွဲသင့်သည်ဆိုသည်ကို နော်ဝေနိုင်ငံထံမှ လေ့လာသင်ယူနိုင်မည် ဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့နှစ်နိုင်ငံလုံးသည် နိုင်ငံငယ်များဖြစ်ကြပြီး မိမိတို့၏လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ရသည့် အချိန်များကို ဖြတ်သန်းခဲ့ရပါကြောင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် အင်အားကြီးသည့် နိုင်ငံများနှင့် ဆက်ဆံရေးကို သတိကြီးစွာထားပြီး နိုင်ငံခြားရေးမူဝါဒများ ချမှတ်ပြီး ဆောင်ရွက်ခဲ့ကြရ ပါကြောင်း၊ နော်ဝေနိုင်ငံသည် ၁၉ရာစုအတွင်းက ဥရောပ၏ အဆင်းရဲဆုံး နိုင်ငံ ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် အကြွယ်ဝဆုံး နိုင်ငံတစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ နော်ဝေနိုင်ငံ ဖြတ်သန်းခဲ့ရသည့် ခရီးနှင့် အောင်မြင်မှုများကို မိမိတို့အနေဖြင့် အတုယူ ကြိုးပမ်းနိုင်မည်ဆိုရင် ကျွန်တော်တို့ရဲ့ ပြုပြင် ပြောင်းလဲမှုတွေလည်း မလွဲမသွေအောင်မြင်ကြမယ်လို့ ယုံကြည်ရပါတယ်။

အားလုံးကျေးဇူးတင်ပါတယ်။

မေး။။ မြန်မာနိုင်ငံတွင်လူမျိုးစုငယ်များနှင့် ဆွေးနွေးနေမှုနှင့် ပတ်သက်ပြီး သိလိုပါကြောင်း။

နိုင်ငံတော်သမ္မတ။။ မိမိတို့နိုင်ငံတွင် တိုင်းရင်းသားလူမျိုးစု တစ်ရာကျော်ရှိပါကြောင်း၊ ၁၉၄၈ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့ပြီး လွတ်လပ်ရေးမရမီက တိုင်းရင်းသား လူမျိုးစုများကို တောင်ပေါ်နှင့် မြေပြန့်ခွဲ၍ သွေးခွဲပြီးအုပ်ချုပ်ခဲ့သည့်အတွက်ကြောင့် လွတ်လပ်ရေးရပြီး နောက်ပိုင်း အချင်းချင်း ယုံမှား သံသယတွေဖြစ်ပြီး လက်နက်စွဲကိုင်၍ အစိုးရကို တိုက်ခိုက်လာခဲ့သည်မှာ နှစ်ပေါင်း၆ဝ ကျော်ကြာခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၌ လက်နက်ကိုင် ပဋိပက္ခသည် ကမ္ဘာပေါ်မှာ အရှည်ကြာဆုံးသော ပဋိပက္ခ တစ်ခု ဖြစ်ပါကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများကို ချုပ်ငြိမ်းရန်အတွက် အစိုးရအဆက်ဆက်က ကြိုးပမ်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက် သည့် နေရာတွင် အောင်မြင်မှုများလည်း ရှိခဲ့ပါကြောင်း၊ တချို့လည်းမအောင်မြင်မှုများ ကျန်ရှိနေသည့်အတွက် မိမိတို့အစိုးရသစ် တက်လာသည့်အခါတွင် လက်နက်ကိုင် ဆန့်ကျင်သည့် လူမျိုးစု လက်နက်ကိုင် အဖွဲ့ပေါင်း၁၁ဖွဲ့ ရှိပါကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများ ရှိနေသမျှ မိမိတို့၏ပြုပြင်ပြောင်းလဲမှုဆိုသည်မှာလည်း မည်သို့မျှအောင်မြင်နိုင်မည် မဟုတ်ပါကြောင်း၊ တိုင်းပြည်တည်ငြိမ် အေးချမ်းမှုမရှိပါက စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင်လုပ်ရန်ဆိုသည်မှာလည်း များစွာခက်ခဲမည်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီသည်လည်း ရှေ့သို့ဆက်ပြီး ရှင်သန်ဖွံ့ဖြိုးရန်အတွက် အခက်အခဲရှိပါကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်အတွက် မိမိတို့အစိုးရတာဝန်ယူသည့်အခါ ငြိမ်းချမ်းရေး တည်ဆောက်ရေးလုပ်ငန်းကို ဦးစားပေးပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ တစ်နိုင်ငံတည်း အတူတကွ နေနေကြသည့် သူများဖြစ်ရာ အိမ်ထောင်စုတစ်စုတည်း အတွင်း အတူနေနေကြသည့် မိသားစု အချင်းချင်း မည်သည့်အတွက်ကြောင့် တိုက်ခိုက် သတ်ဖြတ်နေမလဲ။ အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ခဲ့သည်မှာ နှစ်ပေါင်း ၆ဝ ကျော်ခဲ့ပြီဖြစ်ပါကြောင်း၊ ယင်းကို သင်ခန်းစာရယူသင့်ပါကြောင်း၊ သို့ဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ကြရန်အတွက် ယင်းအဖွဲ့များကို ကမ်းလှမ်းခဲ့ပါကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများကြောင့် ပြည်သူများ၏ ဆုံးရှုံးမှုများ၊ အခြားတစ်ဖက်က ဆုံးရှုံးမှုများ၊ အစိုးရဘက်မှ ဆုံးရှုံးမှုများ ယင်းဆုံးရှုံးမှုများအားလုံးသည် တိုင်းပြည်၏ ဆုံးရှုံးမှုများပင် ဖြစ်ပါကြောင်း၊ ဆက်ပြီးအဆုံးရှုံးမခံကြဘဲ လက်တွဲပူးပေါင်းပြီး ဆောင်ရွက်ကြရအောင် ညှိနှိုင်းဆောင်ရွက်ခဲ့သည့်အတွက် အဖွဲ့ ၁၁ ဖွဲ့ ရှိသည့်အနက် ၁၀ ဖွဲ့နှင့် ညှိနှိုင်းရရှိပြီး အပစ်အခတ်များ၊ တိုက်ခိုက်မှုများ ရပ်စဲသွားပြီဖြစ်ပါကြောင်း၊ အဖွဲ့တစ်ဖွဲ့သာ မြန်မာနိုင်ငံမြောက်ပိုင်း၌ ကျန်ရှိပါကြောင်း ယင်းအဖွဲ့နှင့်လည်း မကြာခင်ကထိတွေ့ ဆွေးနွေးမှုများ လုပ်ခဲ့ပါကြောင်း၊ လောလောဆယ်တွင် ယင်းနယ်မြေ၌လည်း ပစ်ခတ်တိုက်ခိုက်မှုများ လုံးဝရပ်ဆိုင်းသလောက် နီးပါးရှိသွားပြီဖြစ်ပါကြောင်း၊မကြာမီတွင် နိုင်ငံရေးအရ ဆွေးနွေးမှုများ ဆက်ပြီး ဆွေးနွေးရန် ရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင် အစိုးရပိုင်း အနေဖြင့်ပစ်ခတ်တိုက်ခိုက်မှုများ ရပ်ဆိုင်းပြီး ဆွေးနွေးပွဲလုပ်နိုင်သည့် အဆင့်ရောက်အောင် ကြိုးစားဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံရေးဆွေးနွေးမှု အနေဖြင့် လွှတ်တော်ရှိပါကြောင်း၊ လွှတ်တော်တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါပါကြောင်း၊ ပါတီပေါင်းစုံပါပါကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရန်အတွက် နိုင်ငံရေးဆွေးနွေးမှုများမှာ လွှတ်တော်တွင် ဆက်ပြီး ဆွေးနွေးသွားကြမည် ဖြစ်ပါကြောင်း၊ လူမျိုးစုများနှင့်ငြိမ်းချမ်းရေး ရေရှည် တည်တံ့ခိုင်မြဲရန်အတွက် မိမိတို့၏အခြေခံဥပဒေတွင် လူမျိုးစုများကို ကာကွယ်ပေးထားသည့် ဥပဒေများ ပါရှိပါကြောင်း၊ သို့သော်လည်းအသေးစိတ် ဥပဒေပြဋ္ဌာန်းမှု မလုပ်ရသေးပါကြောင်း၊ အသေးစိတ် ဥပဒေများ ပြန်ဆွဲပြီး ရေရှည် တည်တံ့ခိုင်မြဲသည့် လူမျိုးစု အချင်းချင်း ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရအောင် ရှေ့ကိုဆက်လုပ်သွားရန် အစီအစဉ်ရှိပါကြောင်း။

မေး။။ နော်ဝေနိုင်ငံဝန်ကြီးချုပ်ခင်ဗျား၊ မြန်မာနိုင်ငံသမ္မတ၏ ခရီးစဉ်နဲ့ ပတ်သက်ပြီး အနာဂတ်အစီအစဉ်ကို သိရှိလိုပါကြောင်း။

နော်ဝေဝန်ကြီးချုပ်။။ ဤခရီးစဉ်မှာ မိမိတို့ကို ပထမဦးဆုံး ရွေးချယ်သည့်အတွက် ဝမ်းသာမိပါကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများမှာ များစွာထောက်ခံအားပေး ခဲ့ပါကြောင်း၊ အခုဆိုရင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများသည် ကမ္ဘာတစ်ဝန်းတွင် အလျင်မြန်ဆုံး တိုးတက်ပြောင်းလဲမှုများဖြစ်ကြောင်း၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွင် အကျဉ်းသား လွှတ်ပေးခြင်းကိစ္စများ ပါဝင်သလို ရွေးကောက်ပွဲကျင်းပ ပြုလုပ်ပေးခဲ့ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် ကန့်သတ်ချက်များ ဖယ်ရှားပေးခဲ့ခြင်း၊ တပ်မတော်၏ အုပ်ချုပ်မှုမှ အရပ်သားအုပ်ချုပ်မှု ပြောင်းလဲအုပ်ချုပ်ခြင်း စသည့်တို့ ပါဝင်ပါကြောင်း၊ ထို့ပြင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အပိုင်းတွင်လည်း မိမိတို့ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့၏ နော်ဝေကုမ္ပဏီများသည် နာမည်ကြီး ကုမ္ပဏီများ ဖြစ်ပြီး မြန်မာနိုင်ငံ၏  စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ပါဝင်ကူညီရန် ဆန္ဒရှိကြပါကြောင်း၊ အားလုံး တန်းတူညီတူ ယှဉ်ပြိုင်သည့် အနေအထား၊ သိသာမြင်သာသည့် မျှတသော၊  ပွင့်လင်းသော စီးပွားရေးအခြေအနေ ဖန်တီးရန်သည် အောင်မြင်မှုအတွက် အဓိကဖြစ်ပါကြောင်း၊ မိမိတို့ယခုညနေတွင်လည်း ဆက်ပြီးဆွေးနွေးသွားမည် ဖြစ်ပါကြောင်း။

မေး။။ နော်ဝေနိုင်ငံနှင့် မြန်မာနိုင်ငံ ထိတွေ့မှုတွင် မည်သည့်နည်းလမ်းဖြင့် နော်ဝေနိုင်ငံ၏ ကုမ္ပဏီများအထူးသဖြင့် ဂက်စ်၊ ရေနံကဏ္ဍတို့တွင် မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံနိုင်မည်ကို သိလိုပါကြောင်း။

နိုင်ငံတော်သမ္မတ။။ မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်ချက် သုံးချက် ရှိပါကြောင်း၊ ယင်းတို့မှာ အရင်းအနှီး၊ နည်းပညာပိုင်း၊ လူ့စွမ်းအား အရင်းအမြစ်တို့ ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင်သဘာဝ အရင်းအမြစ်များ ပေါကြွယ်ဝပါကြောင်း၊ သဘာဝ အရင်းအမြစ်များ ပေါကြွယ်ဝပြီး အရင်းအနှီး လိုအပ်ချက်၊  နည်းပညာ လိုအပ်ချက်နှင့် လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်များကြောင့် စီးပွားရေးမှာ ဖွံ့ဖြိုး တိုးတက်သင့်သလောက် မဖွံ့ဖြိုးခြင်း ဖြစ်ပါကြောင်း၊ နော်ဝေနိုင်ငံနှင့်ပတ်သက်ပြီး မိမိတို့ လိုအပ်သည့် အချက်သုံးချက်ပြည့်စုံပြီးသား ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံနိုင်သည့် နယ်ပယ်မှာ  ဂက်စ်နှင့် ရေနံတင်မကပါကြောင်း၊ ကျန်သည့် နယ်ပယ်များ ကျန်သည့် လုပ်ငန်းများလည်း အများကြီးရှိပါကြောင်း၊ ထို့ကြောင့်ရင်းနှီးမြှုပ်နှံသည့် နေရာတွင် လာရောက်ပြီး ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများအတွက်လည်း အကျိုးအမြတ်ရှိအောင်၊ မြန်မာနိုင်ငံ ပြည်သူများအတွက်လည်း အကျိုးအမြတ်ရှိအောင်၊ မြန်မာအစိုးရအတွက်လည်း အကျိုးအမြတ်ရှိအောင် သုံးဦး၊ သုံးဖလှယ် အကျိုးအမြတ်ရှိသည့် နည်းလမ်းများ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။


 www.MyanmarExpress.net
 

2 comments:

ဖေဖေါ်ဝါ၇ီ ၂၇ ၇က်က နော်ဝေးနိုင်ငံ အော်စလိုမြို့လယ် နေရှင်နယ်သီယေတာေ၇ှ့မှာ အဆိုတော် မွန်းအောင် အပါအဝင် ဒုက္ခသည်အမည်ခံ မြန်မာ ၃၀-၄၀ လောက်က သမ္မတကြီးအား ရွှေပန်းဖြင့်ကြိုဆိုပါသည် ဆိုတဲ့ဆိုင်းဘုတ်ထောင်ပီး နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်
ကို ရိုင်းစိုင်းစွာဆန္ဒပြခဲ့ပါတယ် လူစည်ကား၇ာ အော်စလိုမြို့လယ်ခေါင်မှာ မြန်မာနိုင်ငံကိုသိက္ခာချခဲ့ပါတယ်

အဲ့ဒီ မြန်မာဒုက္ခသည်ဆိုသူတွေဟာ နိုင်ငံရေးအကြောင်းပြပီးလုပ်စားသွားတဲ့ ဒုက္ခသည်အယောင်ဆောင် လူလိမ်တွေပါ တခိျု့က မြန်မာနိုင်ငံသားတွေမဟုတ်တော့ပါဘူး ဒုက္ခသည်အယောင်ဆောင် ဒုက္ခသည်အဖြစ်ခံယူပီး နော်ဝေးနိုင်ငံသားခံယူထားသူတွေပါ

မျိုးချစ်စိတ်တကယ်၇ှိတာမဟုတ်ပဲ မြန်မာနိုင်င်ငံကောင်းစားေ၇းကိုတကယ်လိုလားတာမဟုတ်ပဲ နိုင်ငံပေါင်းစုံက အလှူ၇ှင်အဖွဲ့အစည်းတွေဆီကနေ ဒီမိုကေ၇စီေ၇းဘန်းပြပီးတောင်းစားလို့ကောင်းအောင်လူမြင်ကွင်းမှာလမ်းပေါ်ထွက် ဆိုင်းဘုတ်ထောင်ပြပီး ဆန္ဒပြနေတဲ့ လူလိမ်တွေပါ မြန်မာပြည်တိုးတက်သွား၇င် သူတို့တစ်သက်လုံး လုပ်စားတောင်းစားလာသလို လွယ်လွယ်နဲ့လုပ်စားတောင်းစားလို့မရတော့မှာကို စိုး၇ိမ်နေတဲ့အကောင်တွေပါ ဒီမိုလုပ်စားတွေပါ

အဲ့ဒီ နော်ဝေးကမြန်မာဒုက္ခသည်တခိျု့က ထိုင်းမြန်မာနယ်စပ်ကဒုက္ခသည်စခန်းဝင်ပီး ဒုက္ခသည်လျှောက်ပီး နော်ဝေးကိုေ၇ာက်လာတဲ့ကောင်တွေပါ တခိျု့က ABSDFကနေဒုက္ခသည်လျှောက်ပီး နော်ဝေးကိုေ၇ာက်လာတာပါ

နော်ဝေးနိုင်ငံကဒုက္ခသည်အမည်ခံဒီမိုလုပ်စားတွေထက် ပိုဆိုးတဲ့ ပြည်ဖျက်ကောင်တွေက ထိုင်းနိုင်ငံ မဲဆောက်မြို့က အဖွဲ့ပေါင်းစုံကဒီမိုလုပ်စားတွေဘဲ့ အဲ့ဒီ ဒီမိုသူတောင်းစားတွေက မြန်မာပြည်မကောင်းကြောင်း မြန်မာအစိုး၇မကောင်းကြောင်း ပြောပီး နိုင်ငံပေါင်းစုံက အလှူ၇ှင်အဖွဲ့အစည်းပေါင်းစုံဆီကနေ တောင်းစား၇င်းချမ်းသာနေကြတာ ဒီမိုကေ၇စီေ၇းကိုဘန်းပြပီး တိုင်းပြည်ကိုေ၇ာင်းစားနေတဲ့ ပြည်ဖျက်ဒီမိုလုပ်စားတွေပေါ့

မြောက်ပိုင်းABSDF ကချင် ပါဂျောင်မှာ ကျောင်းသား(၁ဝဝ)ကျော်ကို တိ၇ာဆန်အ၇ိုင်းတွေလိုနှိပ်စက် ကျောင်းသား(၄ဝ)ကိုသတ်ဖြတ်ပီး လူ့အခွင့်အေ၇းကို ကမ်းကုန်အောင်ချိုးဖေါက်ခဲ့တဲ့ ABSDFလူသတ်သမား ဒေါက်တာနိုင်အောင် ဆို၇င် မြန်မာအစိုး၇က လူ့အခွင့်အေ၇းချိုးဖေါက်နေပါတယ်လို့ပြောပီး လုပ်စားတောင်းစားလာတာဘဲ့ သူခိုးကလူပြန်ဟစ်လာတာဘဲ့

ဒီမိုလုပ်စား လူသတ်သမား ဒေါက်တာနိုင်အောင် ၇ဲ့မိန်းမကလဲ ဒီမိုလုပ်စားဘဲ့ အ၇င်အပတ်က တောင်ကြီးNLDညီလာခံမှာ စာပေခွင့်ပြုချက်မ၇ှိတဲ့ ဆင်ဆာမဲ့စာအုပ်တွေေ၇ာင်းသွားတဲ့ဖြစ်စဉ်၇ဲ့ နောက်ကွယ်ကတ၇ားခံ ခင်ဥမ္မာ ဆိုတဲ့ ပြည်ဖျက် NDDအဖွဲ့ကကောင်မပေါ့

ABSDFလူသတ်သမား နိုင်အောင် နဲ့ NDDအဖွဲ့က ပြည်ဖျက်မ ခင်ဥမ္မာ လင်မယားက တောင်းစားထားတဲ့ထောက်ပံ့ငွေတွေနဲ့ မဲဆောက်နဲ့ဘန်ကောက်မှာ အိမ်တွေကားတွေဝယ်ပီးချမ်းသာနေတာ ဒါမျိုးကို (၈၈)မင်းကိုနိုင် (၈၈)ကိုကိုကြီး တို့ကအားကျနေတာ

ABSDFလူသတ်သမားနိုင်အောင် ခင်ဥမ္မာ လင်မယားနဲ့ တခြားထိုင်းနယ်စပ်ကဒီမိုလုပ်စားအဖွဲ့ပေါင်းစုံ၇ဲ့ တိုင်းပြည်ကိုေ၇ာင်းစားနေတဲ့ဒီမိုလုပ်စားလမ်းစဉ်အတိုင်း (၈၈)မင်းကိုနိုင် (၈၈)ကိုကိုကြီး တို့လဲလိုက်နေကြလို့ ပြည်သူတွေကစိတ်ပျက်နေကြပါပီ

We public respect our president n those who would like to march towards democracy.But some authorities n cronies r still squeezing the public, the poor by misusing police n army.Although they had chances to solve,negotiate with the public peacefully,they only used terrorism as their weapons.Please take action to them quickly.Or whatever u do can b disappeared in the air.And u can get black list in our history.Why u still protect them?Clean n good government u claimed is now only in the newspaper?

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်