Subscribe to our RSS Feed

အာဆီယံထိပ်သီးအစည်းအဝေး နေပြည်တော်တွင် ကျင်းပ

 
(၂၄)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးသို့ တက်ရောက်သည့် အာဆီယံနိုင်ငံများမှ နိုင်ငံခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ အကြီးအကဲများအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်းတို့က ယနေ့ ည ၇ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(MICC)ရှိ ကျောက်စိမ်းခန်းမ၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံ သည်။


ဂုဏ်ပြုညစာ စားပွဲအခမ်းအနားသို့ ဘရူနိုင်းဒါရူဆလမ်နိုင်ငံဘုရင် ဆူလ်တန်ဟာဂျီဟာဆန်နယ် ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒေါင်လာ၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ခ်ဟွန်ဆန်၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတ ဒေါက်တာဆူစီလိုဘမ်ဘမ်း ယူဒိုရိုနိုနှင့်ဇနီး၊ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ သောင်ဆင်းသမ်မာဗောင်၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီဟာဂျီမိုဟာမက်နာဂျစ်နှင့် ဇနီး၊ ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတဘီနစ်ဂ်နို အာကွီနို၊ စင်ကာပူသမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်းနှင့် ဇနီး၊ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာငုယင်တန်ဇွန်း၊ ထိုင်းနိုင်ငံမှ အထူးကိုယ်စားလှယ် ဒုတိယ ဝန်ကြီးချုပ် မစ္စတာ ဖောင်တက်ဖ်သပ်ခန်ဂျာန၊ အာဆီယံအတွင်းရေးမှူးချုပ် မစ္စတာ လီယောင်မင်၊ အာဆီယံနိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။


ဂုဏ်ပြုညစာစားပွဲတွင် ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌ နိုင်ငံတော်သမ္မတဦးသိန်းစိန်က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားရာ၌ မိမိတို့ဒေသ၏ ဖြစ်ပေါ်တိုးတက်မှုများကို ကမ္ဘာ တစ်ဝန်းက စောင့်ကြည့်နေသည့်ကာလတွင် မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်၌ အာဆီယံ ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပခွင့် ရသည့်အတွက် များစွာဂုဏ်ယူမိပါကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူ သည့်အချိန်တွင် ပြည်သူများ၏ ဘ၀နှင့် လူနေမှုအဆင့်အတန်း မြင့်မားရေးကို ဖြစ်စေမည့် ကိစ္စရပ်များကို အာရုံ စိုက်ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း။


ထို့ကြောင့် လူ့အခွင့်အရေး ကာကွယ်ရေးနှင့် မြှင့်တင်ရေး၊ ကောင်းမွန်သည့် အုပ်ချုပ်မှုစနစ်၊ သဘာဝဘေးအန္တရာယ်များကို ခံနိုင်ရည်ရှိမှုနှင့် လူသားချင်းစာနာမှု အကူအညီပေးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးနှင့် ရာသီဥတုပြောင်းလဲမှုကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရေး စသည့်ကိစ္စများကို အရေးကြီးကိစ္စများအဖြစ် သတ်မှတ် ထားပါကြောင်း၊ ယခုအချိန်သည် အာဆီယံ၏ စာနာမှုနှင့် မျှဝေခံစားမှုကို အခြေခံကာ တစ်ခုတည်းသော ရည်မှန်းချက်နှင့် ရုပ်အသွင်ရှိသည့် အသိုက်အဝန်း ဖြစ်လာရေးကို ရည်မှန်း ကြိုးပမ်းနေသည့် ဒေသအဖွဲ့အစည်းတစ်ရပ် ဖြစ်ပါကြောင်း။


အမျိုးသမီးများသည် အာဆီယံ၏ မဏ္ဍိုင်သုံးရပ်လုံးတွင် ယခုထက် ပိုမိုအရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာစေရေး၊ ကလေးသူငယ်များ၏ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးတို့ကိုလည်း အလေးထား ဆောင်ရွက် သွားသင့်ပါကြောင်း၊ အာဆီယံ အသိုက်အဝန်း ထူထောင်ရေး ကြိုးပမ်းမှု များကို ဒေသတွင်းရှိ မိမိတို့၏ အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံအသီးသီး၏ ထောက်ခံမှုများ ရရှိနေပါကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် စိန်ခေါ်မှုများနှင့် မရေရာမှုများကြုံတွေ့ နေရချိန်တွင် အာဆီယံဒေသသည် ငြိမ်းချမ်းတည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်မှုများ ရရှိနေပါ ကြောင်း။


ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုများ ရှိနေခြင်းသည် အာဆီယံ စတင်ထူထောင်ခဲ့သည့် ခေါင်းဆောင်ကြီးများ စိုက်ပျိုးခဲ့သည့် အပင်၏အသီးအပွင့်များကို ခံစားရခြင်းဖြစ်သကဲ့သို့ ခေတ်အဆက်ဆက် အာဆီယံ ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းမှု ရလဒ်များလည်း ဖြစ်ပါ ကြောင်း၊ အာဆီယံအသင်းကြီးကို ထူထောင်ခဲ့သည့် ရှေ့က ခေါင်းဆောင်ကြီးများကို အထူး ကျေးဇူးတင်ရှိပါကြောင်း။


လွန်ခဲ့သည့်လက နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ကျင်းပခဲ့ကြပါကြောင်း၊ မင်္ဂလာရှိသည့် နှစ်သစ်နှင့်အတူ (၂၄)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးကို ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု စိတ်ဓာတ်အသစ်များဖြင့် လက်ခံကျင်းပခြင်း ဖြစ်ပါကြောင်း၊ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို မိမိတို့မြန်မာနိုင်ငံက ဦးဆောင်တာဝန် ယူနိုင်ရေးအတွက် ယုံကြည် စွာ ထောက်ခံအားပေးခဲ့သည့် အာဆီယံအဖွဲ့ဝင် မိသားစုအားလုံးကို အထူးကျေးဇူး တင်ရှိပါ သည်ဟု ထပ်လောင်း ပြောကြားလိုပါကြောင်း။
ကြွရောက်လာကြသော အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အကြီးအကဲများ၏ ထက်မြက်သော ခေါင်းဆောင်မှုဖြင့် နိုင်ငံအားလုံး ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးသော အာဆီယံဆီသို့ ညီညွတ်စွာဖြင့် အတူလျှောက်လှမ်းနိုင်ပါစေဟု ဆုတောင်းပါကြောင်းဖြင့် ပြောကြားသည်။



 .. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်