Subscribe to our RSS Feed

၂၀၁၄ ခုနှစ်၊ မေလ ၁၅ ရက်၊ မန္တလေးမြို့ မြို့တော်ခန်းမတွင် ကျင်းပသော အမျိုးသား စာတတ်မြောက်ရေး လုပ်အားပေး စခန်းသိမ်း ဂုဏ်ပြုပွဲ၌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပြောကြားသည့် မိန့်ခွန်း အပြည့်အစုံ




ဒီကနေ့ဟာနွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အနားမယူကြဘဲ တစ်နိုင်ငံလုံးစာတတ်မြောက်ရေးလှုပ်ရှားမှုမှာ ပါဝင်ကူညီဆောင်ရွက်ကြတဲ့ တက္ကသိုလ်အသီးသီးတို့မှပညာဒါနလုပ်အားပေး ဆရာဆရာမများနဲ့တက္ကသိုလ်ကျောင်းသူ ကျောင်းသားများကိုလုပ်အားပေးစခန်းသိမ်းပွဲအဖြစ် ကျင်းပပြုလုပ်တဲ့ ဂုဏ်ပြုပွဲ အခမ်းအနားဖြစ်ပါတယ်။

အခုလိုပညာဒါနလုပ်အားပေးစခန်းသိမ်း ဂုဏ်ပြုပွဲအခမ်းအနားကို တက်ရောက်ပြီးအမှာစကားပြောကြားခွင့်ရရှိတဲ့အတွက် များစွာ ဝမ်းမြောက် မိပါတယ်။ဒီအခမ်းအနားကို တက်ရောက်လာကြတဲ့မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့အကြီးအကဲများ၊လွှတ်တော်ကိုယ်စားလှယ်များ၊မန္တလေးမြို့နယ် အကျိုးဆောင်အထောက်အကူပြုအဖွဲ့မှမြို့မိမြို့ဖ၊ ရပ်မိ ရပ်ဖများ၊ပညာရေးဝန်ကြီးဌာနမှ ဝန်ထမ်းအကြီးအကဲများ၊လူမှုရေးအသင်း အဖွဲ့အသီးသီးမှကိုယ်စားလှယ်များ၊ လုပ်အားပေး တက္ကသိုလ်ဆရာ ဆရာမ များနဲ့ တက္ကသိုလ်ကျောင်းသူကျောင်းသားများ၊√ အထူးဖိတ်ကြားထားတဲ့ဧည့်သည်တော်များနဲ့ သင်တန်းသားများအားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာကြပါစေလို့ ဦးစွာပထမဆုမွန်ကောင်း တောင်းအပ်ပါတယ်။

ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးကဏ္ဍတွေကို ကြိုးပမ်းဆောင်ရွက်ရာမှာ အခြေခံ လိုအပ်ချက်ဖြစ်တဲ့ နိုင်ငံသားအားလုံးစာတတ်မြောက်ရေးဟာ အရေးကြီးတဲ့ လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ အလိမ္မာစာမှာရှိဆိုသလို စာတတ်မှသာ အမှားအမှန်ကို ခွဲခြားသိနိုင်မှာဖြစ်သလို အကောင်းအဆိုးကိုလည်း ဆုံးဖြတ် နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် စာတတ်မြောက်ရေးကို ရှေးဘုရင်များလက်ထက်ကစပြီး အစိုးရအဆက်ဆက် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။


ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ စာတတ်မြောက်မှုနှုန်းဟာ ကိုယ့်မင်း ကိုယ့်ချင်းများလက်ထက်က ဘုန်းတော်ကြီးများရဲ့ ကြိုးပမ်းဆောင်ရွက်မှုကြောင့် မြင့်မားခဲ့ပါတယ်။ ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်တစ်လျှောက် စာပေပညာရှင် ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များလည်း အများအပြား ပေါ်ပေါက် ခဲ့ပြီး စာပေအဆင့်အတန်းဟာလည်း မြင့်မားခဲ့ပါတယ်။ အဲဒီတုန်းက စာပေပညာရှင်များရဲ့ ရသမြောက်တဲ့စာပေတွေဟာ ယနေ့ခေတ်တိုင် မမှိန်မပျောက် ကိုးကား အသုံးပြုလျက်ရှိနေပါတယ်။ စာပေပျောက်ရင် လူမျိုးပါ ပျောက်သွားနိုင်တဲ့အတွက် လူမျိုးမပျောက်အောင် စာပေ တတ်မြောက်ရေးဟာ အမျိုးသားရေးတာဝန်ဖြစ်ပါတယ်


ဒါ့ကြောင့် တမျိုးသားလုံးစာတတ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်ရာ မှာ ယခုလို ကျောင်းအားရက်ကို အနားမယူဘဲ ပညာဒါန ပေးဝေလှူဒါန်း ကြတဲ့ တက္ကသိုလ်အသီးသီးက လုပ်အားပေးဆရာဆရာမများနဲ့ တက္ကသိုလ် ကျောင်းသူကျောင်းသားများကို မိမိအနေဖြင့် ချီးကျူးဂုဏ်ပြုပါကြောင်း ပြောကြားအပ်ပါတယ်။ 


ငယ်ရွယ်စဉ်က အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားခွင့် မရခဲ့ကြတဲ့ စာသင်သား ပြည်သူများအနေနဲ့လည်း လုပ်ငန်းခွင်မပျက် ရရှိတဲ့အချိန်အတွင်းမှာ အရေး အဖတ် အတွက် အခြေခံပညာကို မညည်း မညူ သင်ယူကြတာကို တွေ့မြင်ကြားသိရတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိ ပါတယ်။ မိမိတို့အနေနဲ့ အခြေခံပညာကို သင်ယူတတ်မြောက်ရုံနဲ့ အားရကျေနပ်မနေဘဲ ရရှိတဲ့ အားလပ်ချိန်တိုင်းမှာ အမြဲလေ့ကျင့်နေဖို့ လိုအပ်ပါတယ်။ သို့မှသာ သင်ယူထားတာတွေကို မမေ့မလျော့ဘဲ ရှေ့ဆက်ပြီး တိုးတက်နေမှာဖြစ်ပါတယ်။


ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ တိုင်းပြည်တာဝန်ကိုရယူခဲ့တဲ့ (၃) နှစ် ကျော်ကာလအတွင်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုတွေကို စိတ်အားထက်သန်စွာနဲ့ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ နိုင်ငံရေးတည်တည်ငြိမ်ငြိမ်ရှိဖို့ မိမိတို့ရဲ့ နိုင်ငံရေးလုပ်ငန်းစဉ် တွေမှာ နိုင်ငံသားအများအပြားပါဝင်လာနိုင်စေဖို့၊ ကာလရှည်ကြာခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းစေဖို့ ကြိုးပမ်းဆောင်ရွက်ရင်း တိုင်းပြည်ရဲ့ လူဦးရေအများစုနေထိုင်တဲ့ ကျေးလက်ဒေသတွေ ဖွံ့ဖြိုး တိုးတက်ပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ဖို့၊ ပညာရေး၊ ကျန်းမာရေး အဆင့် အတန်းမြင့်မားစေဖို့နဲ့ ပြည်သူကိုအခြေပြုတဲ့ အုပ်ချုပ်ရေးစနစ် ထွန်းကား စေဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အောင်မြင်မှုတွေ ရရှိခဲ့သလို မမျှော်လင့်တဲ့အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ လည်း များစွာ ကြုံတွေ့ရတာ အားလုံးအသိပဲ ဖြစ်ပါတယ်။


အောင်မြင်မှုတွေကို ဆက်လက်ထိန်းသိမ်းပြီး ပြည်သူတွေရဲ့ ရေတို ရေရှည်အကျိုးစီးပွားအတွက် ပြည်သူတွေနဲ့အတူ ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ဒီမိုကရေစီပြောင်းလဲစနိုင်ငံများအနေနဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကြရစမြဲဖြစ်ပါတယ်။ ဒီအခက်အခဲ တွေကို ကျော်လွှားနိုင်ဖို့အတွက် ပြည်သူတွေရဲ့ အားပေးထောက်ခံမှု၊ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတွေ လိုအပ်ပါတယ်။ တိုင်းပြည် တည်တည်ငြိမ်ငြိမ်၊ အေးအေးချမ်းချမ်းရှိအောင် ပြည်သူအားလုံး ဝိုင်းဝန်း ကာကွယ်စောင့်ရှောက်ကြဖို့ တာဝန်ရှိပါတယ်။


မကြာခင်မှာ ကြုံတွေ့ကြရမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေးကိစ္စတွေဟာ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးကိစ္စတွေဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်နိုင် ပါတယ်။ ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာကို အထိအပါးမခံဘဲ ဥပဒေဘောင်အတွင်းက ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ ဒီကိစ္စတွေ ကြောင့် တိုင်းပြည် ဆူဆူပူပူဖြစ်မှာကို ဘယ်သူမှ မလိုလားကြပါဘူး။ တိုင်းပြည်ဆူဆူပူပူဖြစ်ရင် ကိုယ့်တိုင်းပြည်ပဲ နစ်နာမှာဖြစ်ပါတယ်။ ကိုယ့်ပြည်သူတွေပဲ ထိခိုက်နစ်နာကြရမှာဖြစ်ပါတယ်။ အမှားအမှန်၊ အဆိုး အကောင်းကို ဒီကနေ့ ဆူဆူပူပူဖြစ်နေတဲ့ နိုင်ငံတွေရဲ့သင်ခန်းစာကိုရယူပြီး ကျွန်တော်တို့နိုင်ငံမှာ အလားတူ နစ်နာဆုံးရှုံးမှုတွေ မဖြစ်ပေါ်စေရအောင် နိုင်ငံကိုချစ်တဲ့ ရဟန်းရှင်လူ ပြည်သူများအားလုံး ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။


တိုင်းပြည်ရဲ့ အနာဂတ်ဟာ ယနေ့လူငယ်တွေရဲ့လက်ထဲမှာရှိပါတယ်။ လူငယ်တွေဟာ တိုင်းပြည်ရဲ့တာဝန်တွေကို တစ်နေ့မှာ မလွဲမသွေ ယူကြရမှာဖြစ်ပါတယ်။ လူငယ်တွေကောင်းမှ၊ တော်မှ တိုင်းပြည်သာယာ ဝပြောပြီး ဖွံ့ဖြိုးတိုးတက်မှာဖြစ်ပါတယ်။ ကောင်းမွန်တဲ့အနာဂတ်၊ ငြိမ်းချမ်းတဲ့အနာဂတ်ကို လူငယ်တွေထံ လွှဲပြောင်းပေးနိုင်ဖို့ မိမိတို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ မိမိတို့ရဲ့ ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် တာဝန်သိတဲ့လူငယ်တွေအနေနဲ့ ကျရာအခန်းကဏ္ဍမှ နိုင်ငံအတွက် တစ်တပ်တစ်အား ယခုလို ပါဝင်ကူညီ ဆောင်ရွက်ပေးကြတဲ့အတွက် ချီးကျူး ဂုဏ်ယူပါတယ်။ ကျေးဇူးလည်း အထူးတင်ပါတယ်။


နိဂုံးချုပ်အနေနဲ့ အမျိုးသားစာတတ်မြောက်ရေးတာဝန်ဟာ အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ပါတယ်။ ဒီတာဝန်ကို တာဝန်သိစွာနဲ့ မည်သူရဲ့ တိုက်တွန်းမှုကြောင့်မှမဟုတ်ဘဲ မိမိတို့ စိတ်စေတနာအရ ပါဝင်လုပ်အားပေး ဆောင်ရွက်ကြတဲ့ တက္ကသိုလ်အသီးသီးက ပညာဒါန လုပ်အားပေးဆရာ ဆရာမများ၊ လုပ်အားပေး တက္ကသိုလ်ကျောင်းသူ ကျောင်းသားများ၊ ပါဝင်ကူညီပေးကြတဲ့ ဝန်ထမ်းများနဲ့ မြို့မိမြို့ဖ၊ ရပ်မိရပ်ဖများ၊ လိုလိုလားလားနဲ့ သင်ယူကြတဲ့ စာသင်သားများအားလုံးကို ကျေးဇူးအထူးတင်ပါကြောင်းပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။


 .. www.MyanmarExpress.net
 

2 comments:

ကွန် တော် က တော့ ယ ခု ပွဲ မှာ မိန့် ကြား သွား တဲ့ သ မ္မ တ ကြီး မိန့် ခွန်း အား လုံး ကို ကြိုက် ပါ တယ်..။
ပို ပြီး ကြိုက် တာ က တော့...ယ ခု ထုတ် နှုတ်ေ ဖါ် ပြ လိုက် တဲ့ အ ပိုဒ် ဟာ
နိုင် ငံ တော် အ တွက် အ လွန် အ ရေး ကြီး တဲ့ အ ချက် ကို မိန့် ကြား သွား ကြောင်း
ကျွန် တော် ခံ ယူ မိ သ လို ပြည် သူ များ အား လုံး သိ ရှိ ခံ ယူ မှု့  ပြု စေ ချင် ပါ တယ်
ခင် ဗျာ.....ထို အ ပိုဒ် က တော့...
မကြာခင်မှာ ကြုံတွေ့ကြရမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေးကိစ္စတွေဟာ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးကိစ္စတွေဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်နိုင် ပါတယ်။ ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာကို အထိအပါးမခံဘဲ ဥပဒေဘောင်အတွင်းက ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ ဒီကိစ္စတွေ ကြောင့် တိုင်းပြည် ဆူဆူပူပူဖြစ်မှာကို ဘယ်သူမှ မလိုလားကြပါဘူး။ တိုင်းပြည်ဆူဆူပူပူဖြစ်ရင် ကိုယ့်တိုင်းပြည်ပဲ နစ်နာမှာဖြစ်ပါတယ်။ ကိုယ့်ပြည်သူတွေပဲ ထိခိုက်နစ်နာကြရမှာဖြစ်ပါတယ်။ အမှားအမှန်၊ အဆိုး အကောင်းကို ဒီကနေ့ ဆူဆူပူပူဖြစ်နေတဲ့ နိုင်ငံတွေရဲ့သင်ခန်းစာကိုရယူပြီး ကျွန်တော်တို့နိုင်ငံမှာ အလားတူ နစ်နာဆုံးရှုံးမှုတွေ မဖြစ်ပေါ်စေရအောင် နိုင်ငံကိုချစ်တဲ့ ရဟန်းရှင်လူ ပြည်သူများအားလုံး ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။.

ကောင်းပါတယ် သမတကြီး နောက်တစ်ဆက်လောက် အပင်ပန်းခံလိုက်ပါအုံးဗျာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်