From :
..MOI
စင်ကာပူသမ္မတနိုင်ငံ၌ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အဖွဲ့သည် ယနေ့ နံနက် ဒေသစံတော်ချိန် ၁၁ နာရီခွဲတွင် စင်ကာပူသမ္မတနိုင်ငံသမ္မတ ဒေါက်တာ တိုနီတန်ကင်ယမ်းအား စင်ကာပူမြို့ရှိ သမ္မတအိမ်တော် Istana Palace ၌ သွားရောက်တွေ့ဆုံသည်။
ယင်းသို့ တွေ့ဆုံရာတွင် မြန်မာ-စင်ကာပူနှစ်နိုင်ငံအကြား နည်းပညာပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်နှင့် အာဆီယံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစီအစဉ်အောက်မှ မြန်မာနိုင်ငံ၏စွမ်းဆောင်ရည်မြှင့်တင်မှုလုပ်ငန်းများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ စင်ကာပူနိုင်ငံ၏ အကူအညီဖြင့် ၂ဝ၁၅ ခုနှစ်တွင် ရန်ကုန်မြို့၌ တည်ထောင်ဖွင့်လှစ်မည့် သက်မွေးမှုပညာသင်ကျောင်း ဖွင့်လှစ်သွားနိုင်ရေးကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍများတွင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ရင်းနှီးခင်မင်စွာဆွေးနွေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် Asian Civili- sations Museum သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက စင်ကာပူသမ္မတနိုင်ငံ၏ ယဉ်ကျေးမှုဆိုင်ရာမူဝါဒများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ထိုသို့ ရှင်းလင်းတင်ပြကြရာတွင် စင်ကာပူနိုင်ငံ ယဉ်ကျေးမှုနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ယဉ်ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ်ဌာနမှ ညွှန်ကြားရေးမှူး Mr.Yeo Whee Jim က စင်ကာပူနိုင်ငံ၏ ယဉ်ကျေးမှုအနုပညာနှင့် ပရိသတ်ပြည်သူများ၏ အခန်းကဏ္ဍများ၊ ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်လာမှု၊ ယဉ်ကျေးမှုအနုပညာနှင့်အတူ အမျိုးသားပြတိုက် တည်ထောင်ထားရှိနိုင်မှု၊ အမျိုးသားအနုပညာကောင်စီ(NAC)ထူထောင်ထားနိုင်ခဲ့မှုနှင့် စင်ကာပူနိုင်ငံ၏ ယဉ်ကျေးမှုအနုပညာ အဆင့်ဆင့် တိုးတက်လာနိုင်ခဲ့မှု၊ အခြေခံပညာကျောင်းများမှစတင်ကာ ကလေးသူငယ်များကို ယဉ်ကျေးမှု၊ အနုပညာကဏ္ဍများတွင် စိတ်ဝင်တစား ပါဝင်လုပ်ကိုင်ဆောင်ရွက်လာနိုင်စေရန် အကောင်အထည်ဖော်လျက်ရှိသည့် အစီအမံများ၊ အစိုးရနှင့်အတူသက်ဆိုင်ရာ ပုဂ္ဂလိကအခန်းကဏ္ဍများမှ ယဉ်ကျေးမှုပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရန်ပုံငွေများ ချမှတ်ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းတင်ပြသည်။
အလားတူ Asian Civilisations Museum မှ Ms. Heidi Tan နှင့် တာဝန်ရှိသူများက နှစ်နိုင်ငံအကြား ဆက်ဆံရေးပိုမိုတိုးတက်လာစေရေး၊ နှစ်ပေါင်း ၁၅ဝဝ ကျော်က မြန်မာ့ယဉ်ကျေးမှု အနုပညာများနှင့် စင်ကာပူပြည်သူများ ရင်းနှီးလာစေရေးအတွက် အဆိုပါပြတိုက်အတွင်း ခင်းကျင်းပြသထားရှိမှု၊ သရေခေတ္တရာခေတ်မှ အလွန်အဖိုးထိုက်တန်သော ရှေးဟောင်းယဉ်ကျေးမှုများကို ထိန်းသိမ်းထားရှိနိုင်မှု၊ ရွှေ၊ ကြေး၊ သစ်သား ပန်းပုလက်ရာများ၊ ပုဂံခေတ် ရှေးဟောင်းနံရံဆေးရေးလက်ရာများ ထိန်းသိမ်းစောင့်ရှောက်ထားနိုင်သည့် အခြေအနေများအပေါ် လေ့လာအတုယူ လုပ်ကိုင်ဆောင်ရွက်သွားနိုင်စေရေးဆိုင်ရာများအပေါ် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ပြတိုက်အတွင်း ခင်းကျင်းပြသထားရှိသည့် မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုလက်ရာများ၊ အိန္ဒိယ၊ တရုတ်နှင့် အခြားအာဆီယံနိုင်ငံများမှ ယဉ်ကျေးမှုလက်ရာ ပန်းချီ၊ ပန်းပု၊ ရုပ်တုနှင့် ရွှေ၊ ငွေ၊ ကြေးထည်များကို လှည့်လည်ကြည့်ရှုလေ့လာခဲ့သည်။
.. www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်