Subscribe to our RSS Feed

တိုင်းရင်းသားတော်လှန်ရေးတပ်များ ဟုသုံးနှုန်းခဲ့၍ ဒေါ်နန်းဝါနုကို ဦးရွှေမန်း ပြင်းထန်စွာ သတိပေး

နေပြည်တော်၊ မဇ္ဈိမ။ ။ မြန်မာ့တပ်မတော်နှင့် ရှမ်းပြည်တပ်မတော်တို့အကြား ဇွန်လ ၂၆ ရက်မှ ယနေ့အထိ တိုက်ပွဲများဖြစ်ပွားနေခြင်း ကိစ္စအား ဆွေးနွေးရာတွင် “တိုင်းရင်းသားတော်လှန်ရေးတပ်များ” ဟူသော အသုံးအနှုန်းသုံးခဲ့သူ ပြည်သူ့လွှတ်တော် အမတ် ဒေါ်နန်းဝါနုအား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သတိပေးခဲ့သည်။




သူရဦးရွှေမန်းက “ဒီနေရာမှာ ဒေါ်နန်းဝါနုသုံးထားတဲ့ စကားလုံးကိုပြန်ပြီးတော့ အားလုံးသုံးသပ်နိုင်အောင်လို့ပါ။ “တော်လှန်ရေးအင်အားစု” ဆိုတာ ကျွန်တော်တို့သုံးတာက တိုင်းရင်းသား လက်နတ်ကိုင်အဖွဲ့အစည်းဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။

၎င်းက “တော်လှန်ရေးအဖွဲ့အစည်းဆိုရင် တစ်မျိုးအဓိပ္ပာယ်သက်ရောက်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ နောင်ဒီလို အသုံးအနှုန်းမသုံးစွဲဖို့ လွှတ်တော် ကိုယ်စားလှယ်အားလုံးကို သတိပေးပါတယ်"ဟု သတိပေးခဲ့ခြင်းဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်း ဒေါ်နန်းဝါနု သုံးထားတဲ့ စကားလုံးကို ကြားလိုက်ရတဲ့အချိန်မှာ
ပြဿနာတော့ တက်ပြီဆိုတာ သိလိုက်တယ်၊ တကယ်တော့ ဒါကလုံးဝမသုံးနှုန်သင့်တဲ့အသုံးအနှုန်းလေ၊
တော်လှန်တာက ဘာကိုတော်လှန်တာလဲ၊ တော်လှန်တယ်ဆိုတာ မလွတ်လပ်သေးတဲ့နိုင်ငံတွေမှာမှသုံးတာ၊ ကျွန်တော်တို့နိုင်ငံက လွတ်လပ်တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်လေ။ သူ့အနေနဲ့ ဒီလောက်လေးတော့ သိသင့်တာပေါ့၊ အဲလောက်တော့ စဉ်းစားသင့်တယ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဆို အဖွဲ့အစည်းပေါ့ ခုဟာက ဘယ့်နှယ် တော်လှန်ရေးအဖွဲ့အစည်းဆိုတော့ လူကြားလို့မှမကောင်းဟု  ပြောကြားသွားခဲ့သည်။

တော်လှန်ရေးတပ်တွေလို့ သုံးလိုက်တော့  လွတ်လပ်ရေး မရသေးတဲ့ပုံစံမျိုး၊ အခြားနိုင်ငံ တစ်နိုင်ငံကို တော်လှန်နေတဲ့ပုံစံမျိုး သွားပြီးသက်ရောက်တယ်၊ နောက်တစ်ခုက အခြေခံဥပဒေမှာလည်း အတိအလင်းပါပြီးသား  ပြည်ထောင်စု တပ်မတော်တစ်ခုထဲသာရှိတယ်ဆိုပြီး၊ တကယ့်တကယ် သူအဆိုတင်သွင်းချင်ရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလို့ သုံးနှုန်းပြီး တင်သွားရမှာ။ အခုဟာက လွဲနေတယ်၊ လွဲတာမှ တော်တော်ကြီး လွဲနေတယ် လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်က လွဲနေကြတာ စိတ်ပျက်စရာပါပဲဟု နိုင်ငံရေးအကဲခတ်တစ်ဦးက ဖြေကြားသွားခဲ့သည်။

ဒေါ်နန်းဝါနုက “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ယုံကြည်မှုတည်ဆောက်နေချိန်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းစဉ်အား ထိခိုက်ပျက်ပြား စေနိုင်မည့် ကိစ္စဖြစ်သော မြန်မာ့တပ်မတော်စစ်ကြောင်းနှင့် တိုင်းရင်းသားတော်လှန်ရေး တပ်များကြားတွင် ဖြစ်ပွားနေသော တိုက်ပွဲများ၊ စစ်ရေးလှုပ်ရှားမှုများကို ချက်ခြင်း ရပ်တန့်ပေး၍ ဆွေးနွေးညှိနှိုင်းသော နိုင်ငံရေးနည်းလမ်းဖြင့် အမြန်ဆုံးဖြေရှင်းပါ"ဟု ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

လွှတ်တော်တွင်းရော၊ လွှတ်တော်ပြင်ပတွင်ပါ စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ရန် တပ်မတော်အား တွင်တွင်တောင်းဆိုနေကြသော်လည်း အစိုးရစစ်ကြောင်းများအား အမြဲတစေ ချောင်းမြောင်းပစ်ခတ်ကာ မိုင်းထောင်၊ ဆက်ကြေးကောက်၊ လူသစ်စုနေကြသော တိုင်းရင်းသားအဖွဲ့အစည်းများအား မည်သူတစ်ဦးတစ်ယောက်ကမျှ စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ရန်၊ ငြိမ်းချမ်းရေးဆွေးနွေးရန် ယနေ့အချိန်ထိ  တောင်းဆိုခဲ့ခြင်း မရှိသေးပေ။

2 comments:

Dear Law-maker do remember that you all packets are came from public tax. You should respect and faithful to the State. Please don't use the words that hurt to the National Consolidation.

တော်တော် တော်လှန်ချင်နေတယ်။ တော်မလှန်ရင်ကျုပ်လှန်မယ်ဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ်နန်းဝါနုပြည်သူပေးတဲ့ငွေစားပြီးပြည်သူကိုစော်ကားတဲ့စကားမပြော သင့်ဘူး။ဦးရွှေမန်းပြောတာမှ်န်ပါတယ်။


Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်