From : ခေတ်လူငယ်
အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတော် ဆန်စပါးဝယ်ယူရေးအဖွဲ့ Perum Bulog က မြန်မာနိုင်ငံမှ ဧည့်မထအုပ်စုဝင် တန်းမြင့်ဆန်တန်ချိန် နှစ်သိန်းအား တစ်နှစ်အတွင်း ဝယ်ယူရန် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းနှင့် ဇန်နဝါရီ ၂၈ ရက်တွင် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။ “ဒီနှစ် ဖေဖော်ဝါရီကနေ နောင်နှစ်ဖေဖော်ဝါရီအထိ တန်ချိန် နှစ်သိန်း ဝယ်မယ်။ တစ်လကို တန်ချိန်တစ်သောင်းခွဲလောက် ပို့နိုင်အောင် လုပ်မယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။ ဝယ်ယူမည့် ဆန်များမှာ ဧည့်မထအုပ်စုဝင် ၅ မှတ်၊ ၁၀ မှတ်၊ ၁၅ မှတ် ဆန်များဖြစ်ပြီး လောလောဆယ်တွင် ၅ မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၀၀ ဖြင့် ဈေးဆိုထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ၂၀၁၀ ပြည့်နှစ်မှစ၍ ရာသီဥတု ဖောက်ပြန်ကာ သီးနှံအထွက်နှုန်း လျော့ကျခဲ့သဖြင့် မြန်မာနိုင်ငံမှ ဆန်အား ပြန်လည်ဝယ်ယူရခြင်း ဖြစ်ကြောင်း Perum Bulog ဥက္ကဋ္ဌ Mr. Sutarto Alimoeso က ပြောသည်။ အင်ဒိုနီးရှား အစားအစာအေဂျင်စီ Bulog ၏ အဆိုအရ အာဆီယံနိုင်ငံမှ ဆန်ပြန်ဝယ်ယူခြင်းမှာ ဆယ်နှစ်ကျော်အတွင်း ပထမဆုံး ဝယ်ယူခြင်းဖြစ်သည်ဟု သိရသည်။ မြန်မာနိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံသို့ ၂၀၀၁ မှ ၂၀၀၆ ခုနှစ်ထိ ဆန်တင်ပို့ခဲ့ပြီး ထိုနောက်ပိုင်းမှစ၍ တင်ပို့နိုင်ခြင်း မရှိတော့ဘဲ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် တန်ချိန် ၂၁၂၅ တန်သာ တင်ပို့ခဲ့သည်။ ယခု အင်ဒိုနီးရှားနိုင်ငံဖြင့် စာချုပ်ချုပ်ဆိုထားသော ဆန်တန်ချိန် နှစ်သိန်းအား မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်း အနေဖြင့်သာ တင်ပို့မည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောပြခဲ့သည်ဟု ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်