Subscribe to our RSS Feed

မြေငလျင် လှုပ်ခတ်ရာ ဒေသများသို့ ကယ်ဆယ်ရေး ပစ္စည်းများ စတင်ပေးပို့

From :MRTV4


 မြေငလျင် လှုပ်ခတ်ခဲ့ရာ ဒေသများသို့ မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ အစီအစဉ်၊ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်တို့ဖြင့် ကယ်ဆယ်ရေး ပစ္စည်းများ ပေးပို့လျက် ရှိတယ်လို့ သိရပါတယ်။ ဒီလို ပေးပို့ရာမှာ မန္တလေးတိုင်း ဒေသကြီး၊ စဥ့်ကူးမြို့နယ် အတွင်းရှိ အိမ်ထောင်စု ၅၀ စာနဲ့ သပိတ်ကျင်း မြို့နယ် အတွင်းရှိ အိမ်ထောင်စု ၁၅၀ စာတို့ အတွက် ထောက်ပံ့ရေး ပစ္စည်းများ ပေးပို့တာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း ဒေသကြီး မှာတော့ ရွှေဘိုမြို့နယ်နဲ့ ကျောက်မြောင်း မြို့နယ် တို့အတွက် အိမ်ထောင်စု ၂၀၀ စာ ထောက်ပံ့ပေး ပစ္စည်းများ ပေးပို့လျက် ရှိတာ ဖြစ်တယ်လို့ လှုမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာ ချထားရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ ဒီလို ထောက်ပံ့ရာမှာ အိမ်ထောင်စု တစ်စုကို ပစ္စည်း ၈ မျိုးပါ တစ်ယူနစ် ကယ်ဆယ်ရေး ထောက်ပံ့ရေး ပစ္စည်းများကို ပေးအပ်တာ ဖြစ်တယ်လို့ သိရပါတယ်။ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက် အရ နိုဝင်ဘာလ ၁၁ ရက် နေ့နံနက် ၇ နာရီ ၄၂ မိနစ် ၃၇ စက္ကန့်အချိန်က ရွှေဘိုမြို့ မြောက်ဘက် ၄၅ မိုင် အကွာကို ဗဟိုပြုပြီး အင်အားရစ်ခ်တာ စကေး ၆.၈ ရှိတဲ့ မြေငလျင်ကြီး တစ်ခု လှုပ်ခတ် ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ငလျင် လှုပ်ခတ်မှုကို ရွှေဘို၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ မိုးညှင်းနဲ့ ပခုက္ကူမြို့ များကပါ ခံစားသိရှိ ခဲ့ရပါတယ်။ ယနေ့ နံနက်ပိုင်းမှာ အဆိုပါ ငလျင်ကြီး လှုပ်ရှား ပြီးနောက် နောက်ဆက်တွဲ ငလျင် ၂ ကြိမ် ထပ်မံ လှုပ်ခတ်ခဲ့ ပါတယ်။ ဒီလို လှုပ်ခတ်ခဲ့တဲ့ နောက်ဆက်တွဲ ငလျင် တစ်ခုမှာ နံနက် ၇ နာရီ ၅၉ မိနစ်၊ ၅၉ စက္ကန့်မှာ မန္တလေးမြို့မှ မြောက်ဘက် ၅၉ မိုင်ခန့် အကွာ၊ ရွှေဘိုမြို့မှ အရှေ့မြောက်ဘက် ၂၃ မိုင်ခန့် အကွာ၊ မိုးကုတ်မြို့မှ အနောက်ဘက် ၃၆ မိုင်ခန့် အကွာ၊ သပိတ်ကျင်း မြို့မှ အနောက်တောင်ဘက် ၄ မိုင်ခန့် အကွာ နေရာကို ဗဟိုပြုပြီး အင်အား ရစ်ခ်တာ စကေး ၅.၀ အဆင့်ရှိ အင်အား အသင့်အတင့် မြေငလျင် တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နံနက် ၈ နာရီ ၂ မိနစ်၊ ၂၈ စက္ကန့် အချိန်မှာ မန္တလေးမြို့မှ မြောက်ဘက် ၅၃ မိုင်ခန့် အကွာ၊ ရွှေဘိုမြို့မှ အရှေ့မြောက်ဘက် ၁၆ မိုင်ခန့် အကွာ၊ မိုးကုတ်မြို့မှ အနောက်ဘက် ၄၁ မိုင်ခန့် အကွာ၊ သပိတ်ကျင်း မြို့မှ အနောက်တောင်ဘက် ၁၂ ခန့်အကွာ ဒေသကို ဗဟိုပြုပြီး အင်အား ရစ်ခ်တာ စကေး ၅.၀ အဆင့်ရှိ အင်အား အသင့်အတင့် မြေငလျင် တစ်ခု ဆက်လက် လှုပ်ခတ်ခဲ့ တယ်လို့ သိရပါတယ်။ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ပြောပြချက် အရ ယခုလို လှုပ်ခတ်ပြီးတဲ့ မြေငလျင် နောက်မှာ မြေငလျင်များ ထပ်မံ လှုပ်ခတ်နိုင်မှု အခြေအေနေ ရှိ၊ မရှိကို အတိအကျ တွက်ချက် မရပေမယ့် မြေငလျင်ကြီးများ လှုပ်ခတ် ပြီးပါက မြေငလျင်ငယ် လေးများ ထပ်မံ လှုပ်ခတ်နိုင် တယ်လို့ သိရပါတယ်။ ယခု လှုပ်ခတ်ခဲ့တဲ့ မြေငလျင် တွေကြောင့် အဆိုပါ ဒေသတွေမှာ အဆောက်အဦးများ၊ ကျောင်းများ၊ ဘုရားများ၊ စတဲ့ အရာတွေ ပျက်စီး ဆုံးရှုံးမှု အချို့ရှိခဲ့ပြီး သေဆုံးသူနဲ့ ထိခိုက် ဒဏ်ရာရရှိ သူများလည်း ရှိခဲ့တယ်လို့ သတင်း ရရှိပါတယ်။ 

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်