Subscribe to our RSS Feed

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်၌ ကျင်းပသည့် 9thASEAN 100 Leadership Forum 2012 အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြား

From : သမ္မတရုံး


ရန်ကုန် ဒီဇင်ဘာ ၅
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းသည်  ယနေ့ည ၇ နာရီတွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည့် 9th ASEAN 100 Leadership Forum 2012 အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။

ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း က ''ပြောင်းလဲခြင်းနှင့် ဆက်လက်ပြောင်းလဲခြင်း- မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ  (Change and Continuity; Challenges and Opportunities for Myanmar)နှင့် စပ်လျဉ်း၍ ပြောကြားရာတွင် ပထမဦးစွာ၊ အာရှဒေသ၏ အနာဂတ်နှင့်ပတ်သက်ပြီး အာဆီယံခေါင်းဆောင်မှု ဆိုင်ရာဖိုရမ်များကို နှစ်စဉ်ပုံမှန် ကျင်းပနိုင်ရေး အစဉ်အဆက် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည့်အေးရှားအင့်ဖိုရမ်၏  အုပ်ချုပ်မှု ဒါရိုက်တာချုပ် Dato Timothy Ong အတွက် ဂုဏ်ယူ ဝမ်းမြောက်ပါ သည်ဟု ပြောကြားလိုပါကြောင်း၊ ယခုနှစ်ဖိုရမ်ကို မြန်မာနိုင်ငံ၌ ကျင်းပသည့် အတွက်လည်း ဝမ်းမြောက်မိပါကြောင်း။

ယခုလိုကျင်းပသည့် နှစ်စဉ်ဆွေးနွေးပွဲများသည် လွန်စွာအကျိုးရှိလိမ့်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း၊ ဤဖိုရမ်တွင် ဒေသတွင်းရှိ အစိုးရပိုင်း၊ ပုဂ္ဂလိကပိုင်း၊ စီးပွားရေး လုပ်ငန်းဦးဆောင်သူများနှင့် လူမှုအခြေပြု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၏ အမြင်အသီးသီးနှင့် ရှုဒေါင့်အမျိုးမျိုးကို ဖော်ထုတ်ပေးနိုင်မည် ဖြစ်ပါကြောင်း။

မိမိတို့အတွက် အရေးပါသည့် ဆုံးဖြတ်ချက်များကို ချမှတ်ခြင်းမပြုမီ ပိုမိုကျယ်ပြန်သည့် အမြင်များရရှိခြင်းသည် ကိစ္စရပ် တစ်ခုအပေါ်တွင် ရှုဒေါင့်အမျိုးမျိုးကနေ သုံးသပ်ခွင့် ရရှိစေမည် ဖြစ်ပါကြောင်း။

အာရှနှင့် အာဆီယံနိုင်ငံများ၏ တိုးတက်မှုများက ပေးလာမည့် အခွင့်အရေးများနှင့် စိန်ခေါ်မှုများကို မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝအသိအမှတ်ပြု လက်ခံရမည် ဖြစ်ပါကြောင်း၊ ဒေသတွင်း ငြိမ်းချမ်းမှုကိုထိန်းသိမ်းပြီး စီးပွားရေးဖွံ့ဖြိုးအောင် မည်သို့ ဆောင်ရွက်ကြရတာကို အာဆီယံနိုင်ငံများက ကမ္ဘာကိုပြသလျက် ရှိပါကြောင်း၊ အာရှ၏ အောင်မြင်မှု အတွေ့အကြုံများသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်အတွက် အကောင်းဆုံး ပုံဖော်နိုင်မည့် နည်းလမ်းများကို လမ်းပြပေးနေပါကြောင်း။

ဒေသတွင်းဆက်သွယ်ပေါင်းစည်းမှု အစီအစဉ်များသည် ဒေသတွင်းဒီမိုကရေစီနှင့် လူမှုယဉ်ကျေးမှုစံနှုန်းများ သဟဇာတ ဖြစ်စေခြင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ခြင်းတို့မှ တစ်ဆင့် မြန်မာနိုင်ငံကို အကျိုးဖြစ်ထွန်းစေနိုင်မယ်လို့ယုံကြည်ပါကြောင်း။

မြန်မာနိုင်ငံ၏ တည်နေရာသည် ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြစ်ကြသော တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ကို အရှေ့တောင် အာရှဒေသနှင့် ဆက်သွယ်ပေးရာတွင် အရေးပါသော အခန်းမှ ပါဝင်နိုင်စေရေး အထောက်အကူပြုလျက် ရှိပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံကြီး နှစ်နိုင်ငံနှင့်ရော အခြားအိမ်နီးချင်း သုံးနိုင်ငံနဲ့ပါ ခင်မင်ရင်းနှီးသည့်  ဆက်ဆံရေးများ ထူထောင်ထားနိုင်ခဲ့သည်ကို များစွာကျေနပ် ဂုဏ်ယူမိပါကြောင်း။

ဒေသဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုနိုင်ရန်၊ ဒေသတွင်းနိုင်ငံများ အနေဖြင့် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းပြီး၊ စီးပွားရေးတောင့်တင်းခိုင်မာရန်နှင့် လူမှု-ယဉ်ကျေးမှု အရလည်း သဟဇာတဖြစ်ရန်အရေးကြီးပါကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအနေဖြင့် ဒီမိုကရေစီအသိုက်အဝန်း ထူထောင်နိုင်ရေးကို ဦးတည်ပြီး ပြုပြင်ပြောင်းလဲမှုများကို ခိုင်မာသည့် ခြေလှမ်းများနှင့် စတင်ခဲ့ပါကြောင်း။ 

နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများမှာ သက်ဆိုင်သူအားလုံး ပါဝင်နိုင်စေရေးနှင့် ဒီမိုကရေစီစံနှုန်းများ မြှင့်တင်ပေးရေးတို့ကို ဦးတည်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တရားဥပဒေ စိုးမိုးမှု ပိုမိုခိုင်မာစေရေး၊ တရားရေးဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် တရားစီရင်မှုစနစ်များ လွတ်လပ်မျှတမှု ရှိစေရေးတို့ကိုလည်း ဦးစားပေးဆောင်ရွက် လျက်ရှိပါကြောင်း။

မူဝါဒဆိုင်ရာဆောင်ရွက်မှုတိုင်းကို လွှတ်တော်တွင် သေချာစွာ ဆွေးနွေးပြီးမှသာ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုအခါတွင် လွတ်လပ်သော သတင်းမီဒီယာ ရှိနေပြီ ဖြစ်ပြီး၊ နိုင်ငံတစ်ဝှမ်းလူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးကိုလည်း ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း။

ဤနိုင်ငံရေးပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများသည် စီးပွားရေးပြုပြင် ပြောင်းလဲမှုများ အတွက် အခြေခံကောင်းများ ဖြစ်ပါကြောင်း၊ ဈေးကွက်စီးပွားရေးစနစ် အပြည့်အဝနှင့် ခိုင်ခိုင်မာမာ ပေါ်ပေါက် လာစေရေးအတွက် ဘဏ္ဍာရေးနှင့် ကူးသန်းရောင်းဝယ်ရေး ကဏ္ဍများတွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ နိုဝင်ဘာလအတွင်း လွှတ်တော်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ အတည်ပြုနိုင်ခဲ့ပါကြောင်း။

အဆိုပါနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်သည် သက်ဆိုင်သူအားလုံး၏ အကျိုးစီးပွားကို အလေးထားပြီး အများအကျိုး ဖြစ်ထွန်းစေရေးကို ဦးတည်ပါကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်အရ ရင်းနှီးမြှုပ်နှံသူများသည် ဝင်ငွေခွန်၊ ကုန်သွယ်ခွန်နှင့် ကုန်ကြမ်း တင်သွင်းခွန်များ ကင်းလွတ်ခွင့်အပြင် ပိုင်ဆိုင်မှုနှင့် အကျိုးအမြတ်များ အကာအကွယ် ပေးခြင်းစသည့်  အခွင့်အရေးများစွာ ခံစားနိုင်ခွင့် ရရှိကြမည် ဖြစ်ပါကြောင်း။

ထို့ကြောင့်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အနေဖြင့်  သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူမြို့များတွင် ဆောက်လုပ်မယ့် ရေနက် ဆိပ်ကမ်း စီမံချက်များနှင့် နိုင်ငံတစ်ဝန်းရှိ အထူးစီးပွားရေး ဇုန်များတွင် လာရောက် ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ် ပါကြောင်း။

မြန်မာနိုင်ငံ၏ စီးပွားရေးသည် စိုက်ပျိုးရေးအခြေခံသည့် စီးပွားရေးဖြစ်သည့် အားလျော်စွာ စိုက်ပျိုးရေးနှင့် ဆက်စပ်ထုတ်ကုန် ထုတ်လုပ်မှုနှင့်  ဝန်ဆောင်မှုဆိုင်ရာတို့ကို မြှင့်တင် သွားဖို့ ရှိပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် အာရှဒေသကိုသာမက ကမ္ဘာတစ်ဝှမ်းကို ပံ့ပိုးနိုင်မည့် အရင်းအမြစ်များစွာရှိသည်ဟု ယုံကြည်ပါကြောင်း၊ ဒေသ၏ စားနပ်ရိက္ခာနှင့် စွမ်းအင် လိုအပ်ချက်များ  ဖြည့်ဆည်းနိုင်ရေး အထောက်အကူပြုနိုင်ရန်အတွက် မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးထွက်ကုန်၊ ရေထွက်ကုန်၊ သစ်တောထွက်ကုန်၊ ရေနံနှင့် သဘာဝ ဓါတ်ငွေ့စသည့် အရင်းအမြစ် များနှင့်  ပြည့်စုံစွာရှိနေပါကြောင်း၊ ဒေသတွင်း လုပ်သား ဈေးကွက်တွင် ကဏ္ဍအသီးသီးမှ ပါဝင်နိုင်မည့် လုပ်သားအင်အားစုလည်း ရှိပါကြောင်း။

မြန်မာနိုင်ငံ၏ ကြွယ်ဝသော သမိုင်းအစဉ်အလာများ ၊ စုံလင်သော ယဉ်ကျေးမှုနှင့်  သဘာဝရှုမျှော်ခင်းများသည်လည်း ဒေသ၏ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနှင့်  ဆက်စပ် ဝန်ဆောင်မှု လုပ်ငန်းများ မြှင့်တင်ရေးအတွက် အခြေခံကောင်းများ ဖြစ်ပါကြောင်း၊ ထို့ကြောင့် လာမယ့်နှစ်များတွင် အာဆီယံဒေသနှင့် ဒေသပြင်ပမှ ခရီးသွားများ မြန်မာနိုင်ငံကို ပိုမိုလာရောက် နိုင်မည်ဟု မျှော်လင့်ပါကြောင်း။

မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ရာတွင် ပိုမိုကြွယ်ဝလာသည့်  အာရှဈေးကွက်နှင့် အာဆီယံဈေးကွက်များက ပေးလာသော  အခွင့်အရေးများကို အကောင်းဆုံး အသုံးချသွားမည် ဖြစ်ပါကြောင်း။
       
ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ရန်အတွက် လုပ်သားထု၏ အရည်အတွက်ရော အရည်အသွေးပါ တိုးမြှင့်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရကဏ္ဍ၏ ကျွမ်းကျင်မှု မြှင့်တင်နိုင်ရေး အတွက် ပြည်သူ့ဝန်ထမ်းများ၏ စွမ်းဆောင်နိုင်စွမ်း မြှင့်တင်နိုင်ရေး အစီအစဉ်များ ဆောင်ရွက်လျက်ရှိပါကြောင်း။ 

စွန့်ဦးတီထွင်မှုများကို အားပေးနိုင်ရန်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လုပ်သားစွမ်းအားစုများ၏ ဖန်တီးနိုင်စွမ်း မြှင့်တင်ပေးနိုင်မည့် ဝန်းကျင်ကောင်းများကိုလည်း ပံ့ပိုးပေးထားပါကြောင်း။

ပြည်သူအားလုံးသတင်း နည်းပညာဖွံ့ဖြိုးမှု၏ အကျိုးကျေးဇူးများကို ခံစားနိုင်ခွင့်ရရှိစေရန် သတင်းနည်းပညာကဏ္ဍတွင် အကြီးစားရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လျက် ရှိပါကြောင်း။

မိမိတို့၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းရပ်များသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ ထောက်ခံ အားပေးမှုများနှင့်  ပေါင်းစပ်လိုက်မည်ဆိုလျှင် အကျိုးအမြတ် အမြင့်မားဆုံး ရရှိမည်ဟု မျှော်လင့်ပါကြောင်း၊ ထို့ကြောင့် ဒေသတွင်းနှင့်  ကမ္ဘာ့မိတ်ဖက်နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံအား အားပေးထောက်ခံရန်နှင့်  ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း လိုပါကြောင်း။

၂၁ ရာစုအာရှဒေသ၏ တိုးတက်မှုအခြေအနေသည် မြန်မာနိုင်ငံဘက်စုံဖွံ့ဖြိုးရေးအတွက် အခြေအနေကောင်းများ ဖန်တီးပေးထားသကဲ့သို့ ဖြစ်ပါကြောင်း၊ ဒီအခွင့်အရေးများ ကို အကောင်းဆုံး အသုံးချနိုင်ရန် မိမိတို့ အနေဖြင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေပြီး၊ ဒေသတွင်းပေါင်းစည်းမှု လုပ်ငန်းစဉ် ပိုမိုမြန်ဆန်စေရေး တို့ကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

တစ်ချိန်တည်းမှာပင် မိမိတို့ အနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွင် ကြုံတွေ့နိုင်သော စိန်ခေါ်မှုများကိုလည်း သတိပြုမိပါကြောင်း၊ နိုင်ငံရေးနှင့်  စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ အောင်မြင်စေရန် မိမိတို့ အနေဖြင့် ခိုင်မာစွာ သန္နိဋ္ဌာန်ချထားပြီး ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံသည် ဒေသတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုများတွင် ယုံကြည် ထိုက်သော  မိတ်ဖက်နိုင်ငံဖြစ်လာမည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ ဘက်စုံကဏ္ဍစုံ ပြုပြင်ပြောင်းလဲမှုများသည် ကမ္ဘာ့နိုင်ငံများ၏ ထောက်ခံမှုနှင့် အတူ အရှိန်ရလျက်ရှိပါပြီဖြစ်ကြောင်းနှင့် ယင်းအောင်မြင်မှုများနှင့်အတူ မြန်မာနိုင်ငံသည် အာဆီယံဒေသနှင့်  အာရှဒေသဖွံ့ဖြိုး တိုးတက်ရေးတွင် တစ်တပ်တစ်အား ပါဝင် ဆောင်ရွက်သွားနိုင်ရန် အသင့်ရှိနေကြောင်း အလေးထားဖော်ပြလိုပါကြောင်း။

မြန်မာနိုင်ငံသည် ၂၀၁၃ ခုနှစ်တွင် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲနှင့် ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ တာဝန်တို့ကို ထမ်းဆောင်ခွင့် ရမည်ဖြစ်ပြီး တာဝန်သိပြီး၊ တာဝန်ကျေသည့် ဒေသတွင်းနိုင်ငံတစ်ခုအဖြစ် သက်သေပြခွင့်ရရှိမှာ ဖြစ်ပါကြောင်း။

ထို့ကြောင့် နိဂုံးချုပ်အနေဖြင့် ဖိုရမ်တက်ရောက်လာကြသော  ကိုယ်စားလှယ်များအားလုံး ကျန်းမာချမ်းသာစေရေးနှင့် အကျိုးရှိသော ဆွေးနွေးမှုများကို အောင်မြင်စွာ ကျင်းပနိုင် စေရန် ဆန္ဒပြုရင်းနိဂုံးချုပ်အပ်ပါကြောင်းဖြင့် ပြောကြားသည်။    
       
အမှာစကား ပြောကြားအပြီးတွင် ဒုတိယသမ္မတအား Asia Inc. Forum မှ CEO Mr. Dato Timothy Ong က အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်သည်။

ယင်းနောက် ဒုတိယသမ္မတသည် ယနေ့အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် အတူ ညစာသုံးဆောင်သည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ အသိပညာရှင်၊ အတတ်ပညာရှင်များ  အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများမှ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ထင်ပေါ် ကျော်ကြား ပုဂ္ဂိုလ်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ သံရုံး များနှင့် မီဒီယာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်