Subscribe to our RSS Feed

ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း တည်ဆောက်မည့်နေရာတို့အား လှည့်လည်ကြည့်ရှုစစ်ဆေး

From :သမ္မတရုံး


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ အဖွဲ့ဝင်အဖြစ် လိုက်ပါလာသည့် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ထားဝယ်မြို့ အထူးစီးပွားရေး ဇုန်နယ်၌ ရောက်ရှိနေသော ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လတ်ရှင်နာဝပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ ဒီဇင်ဘာ ၁၇ ရက်နေ့ မွန်းလွဲ (၂)နာရီတွင် ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း တည်ဆောက်မည့်နေရာတို့အား မော်တော်ယာဉ် များဖြင့် လှည့်လည်ကြည့်ရှုကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လတ်ရှင်နာဝပ် တို့သည် ရေနက်ဆိပ်ကမ်း တည်ဆောက် မည့် နေရာအား စီမံကိန်းရှုရပ်မှနေ၍ ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း တည်ဆောက်မည့် အဆောက်အအုံပုံစံများနှင့် လမ်းဖောက်လုပ်မည့်အခြေအနေများ၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယသမ္မတဦးဥာဏ်ထွန်းသည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လပ်ရှင်နာဝပ် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင် ဓါတ်ပုံရိုက်သည်။

ထို့နောက် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လတ်ရှင်နာဝပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် ထားဝယ်မြို့မှ ပြန်လည် ထွက်ခွာရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန သူရဦးသောင်းလွင်၊ တိုင်းဒေသ ကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ထားဝယ် လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်