Subscribe to our RSS Feed

နိုင်ငံတော်သမ္မတဦးသိန်းစိန် အာဆီယံ-အိန္ဒိယကားပြိုင်ပွဲ ပန်းဝင်ခြင်း အခမ်းအနားသို့ တက်ရောက်

From :သမ္မတရုံး

နေပြည်တော် ဒီဇင်ဘာ ၂၁

အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဒီဇင်ဘာ (၂၁) ရက် နံနက်ပိုင်းတွင် နယူးဒေလီမြို့ရှိ VigyanBhawan၌ ကျင်းပသည့် အာဆီယံ-အိန္ဒိယ ကားပြိုင်ပွဲ ပန်းဝင်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါအခမ်းအနားသို့ အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်၊ အာဆီယံ အတွင်းရေးမှူးချုပ်၊ အာဆီယံနိုင်ငံများနှင့် အိန္ဒိယသမ္မတနိုင်ငံတို့မှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။

နံနက် (၁၁) နာရီတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အာဆီယံနိုင်ငံ ခေါင်းဆောင်များသည် အာဆီယံ-အိန္ဒိယ ကားပြိုင်ပွဲပန်းဝင်ခြင်း အခမ်းအနား ကျင်းပမည့် စင်မြင့်သို့ ရောက်ရှိနေရာ ယူကြသည်။

ထို့်နောက် အာဆီယံနိုင်ငံ ခေါင်းဆောင်များထံ အာဆီယံ-အိန္ဒိယကားပြိုင်ပွဲ အထိမ်းအမှတ်များကို တာဝန်ရှိသူများက ပေးအပ်ကြသည်။

ယင်းနောက် ပြိုင်ပွဲဝင်ကားများ ပန်းဝင်လာကြရာ နိုင်ငံတော်သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံကိုယ်စားပြု ပြိုင်ပွဲဝင်ကားကို အလံဝှေ့ယမ်း၍ ကြိုဆိုဂုဏ်ပြုသည်။

အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များနှင့် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ်တို့ကလည်း နိုင်ငံအက္ခရာစဉ်အလိုက် ပန်းဝင်လာကြသည့် ၎င်းတို့နိုင်ငံ ကိုယ်စားပြု ကားများကို အလံဝှေ့ယမ်း၍ အသီးသီး ဂုဏ်ပြုကြိုဆိုကြသည်။

ယင်းနောက် အိန္ဒိယသမ္မတ နိုင်ငံဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းက အာဆီယံ- အိန္ဒိယ ကားပြိုင်ပွဲ အထိမ်းအမှတ် မိန့်ခွန်းပြောကြားသည်။

ထို့နောက် အာဆီယံနိုင်ငံခေါင်းဆောင်များ ကိုယ်စားအာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ဆက်လက်၍ အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ်တို့သည် စင်မြင့်ထက်၌ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

အခမ်းအနားအပြီးတွင် အိန္ဒိယသမ္မနိုင်ငံဝန်ကြီးချုပ်သည် အာဆီိယံနိုင်ငံ ခေါင်းဆောင် များအား Taj Palace ဟိုတယ် Durbar Hall ၌ ဂုဏ်ပြုနေ့လည်စာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။

ဒုတိယအကြိမ်မြောက် အာဆီယံနိုင်ငံများနှင့် အိန္ဒိယနိုင်ငံ ချစ်ကြည်ရေး ကားမောင်းပြိုင်ပွဲကို နိုဝင်ဘာ ၂၆ ရက်မှ စတင်၍ အင်ဒိုနီးရှားနိုင်ငံမှ စတင်ထွက်ခွာ လာခဲ့ပြီး စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြန်မာနိုင်ငံ တို့အား ဖြတ်သန်းကာ ဒီဇင်ဘာ ၁၆ ရက်ကအိန္ဒိယနိုင်ငံ အာသံပြည်နယ် ဂူဝါဟတီမြို့သို့ ရောက်ရှိခဲ့သည်။

အဆိုပါ ၂၂ ရက်ကြာ နိုင်ငံဖြတ်ကျော် ခရီးရှည်ကားမောင်းပြိုင်ပွဲကြီး ပြုလုပ်ရာတွင် ခရီးရှည် ကီလိုမီတာ ၈၀၀၀ အကွာအဝေးရှိပြီး နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ကားအစီးရေ ၃၁ စီးဖြင့် ပြိုင်ပွဲဝင်ကြခြင်း ဖြစ်သည်။ အာဆီယံ-အိန္ဒိယ ဒုတိယအကြိမ် ကားမောင်ပြိုင်ပွဲကို နိုဝင်ဘာ ၂၆ ရက်တွင် အင်ဒိုနီးရှားနိုင်ငံမှ စတင်တာထွက်ပြီးနောက် နိုင်ငံခြောက် နိုင်ငံကို ကျော်ဖြတ်ခဲ့သည်။

ပြိုင်ပွဲတွင် အာဆီယံ ၁၁ နိုင်ငံ ရှိသည့်အနက် ရှစ်နိုင်ငံမှ ပြိုင်ပွဲဝင်သူ ၁၁၂ ဦးပါဝင် ယှဉ်ပြိုင် ကြသည်။ ပြိုင်ပွဲဝင်ကားတစ်စီးလျှင် ယာဉ်မောင်းလေးဦး လိုက်ပါပြီး မြန်မာနိုင်ငံမှ ကားနှစ်စီးနှင့် လူရှစ်ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ မြန်မာနိုင်ငံ၏ ပြိုင်ပွဲဝင်ကားများတွင် ရုပ်ရှင် သရုပ်ဆောင်များဖြစ်သည့် အကယ်ဒမီဝေဋ္ဌုကျော်၊ မေသဉ္ဇာဦး၊ ဆုပန်ထွာနှင့် ကိုပေါက် တို့ပါဝင် ယှဉ်ပြိုင်ကြသည်။

ယခုကျင်းပသော အာဆီယံနိုင်ငံများနှင့် အိန္ဒိယနိုင်ငံချစ်ကြည်ရေး ကားမောင်းပြိုင်ပွဲမှာ အာဆီယံနိုင်ငံများ အနေဖြင့် ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ပြီးပထမအကြိမ် အိန္ဒိယ-အာဆီယံ ကားမောင်းပြိုင်ပွဲကို ၂၀၀၄ ခုနှစ်က ကျင်းပခဲ့ဖူးရာ အိန္ဒိယနိုင်ငံ အာသံပြည်နယ် ဂူဝါဟတီမြို့မှ စတင်တာထွက်ပြီး ယခုဒုတိယအကြိမ် စတင် တာထွက်သော အင်ဒိုနီးရှားနိုင်ငံတွင် ခရီးစဉ်အဆုံးသတ်ခဲ့သည်။

အဆိုပါ ကားမောင်းပြိုင်ပွဲ ကျင်းပခဲ့ခြင်းကြောင့် အာဆီယံနိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့ အကြား ချစ်ကြည်ရင်းနှီးမှု၊ ဒေသတွင်း နိုင်ငံအချင်းချင်း ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မှု၊ အိန္ဒိယနှင့် အာဆီယံနိုင်ငံများ၏ အခြေခံအဆောက်အအုံများ မြှင့်တင်နိုင်ရန် အထူးသဖြင့် ကုန်းလမ်းပို့ဆောင်မှုကို မြှင့်တင်သွားရန်နှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု ခရီးသွား လုပ်ငန်းများ တိုးတက်စေရန်အတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်းသိရှိရသည်။

  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်