Subscribe to our RSS Feed

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ဘရူနိုင်း ဒါရုဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူလတန် ဟာဂျီ ဟာဆန်နယ်လ် ဘိုကီးယား မူအစ်ဇာ ဒင်ဝါဒူလာက ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ

From : သမ္မတရုံး
 
နေပြည်တော် ဒီဇင်ဘာ ၅

ဘရူနိုင်း ဒါရုဆလမ်နိုင်ငံ၌ ချစ်ကြည်ရေးခရီး လည်ပတ်ရန် ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သည့် မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဘရူနိုင်း ဒါရုဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူလတန် ဟာဂျီ ဟာဆန်နယ်လ် ဘိုကီးယား မူအစ်ဇာ ဒင်ဝါဒူလာက ဒီဇင်ဘာ (၄) ရက် ည (၈) နာရီခွဲတွင် Istana Nurul Iman နန်းတော်၌ ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ခေတ္တ တည်းခိုးသည့် ဟိုတယ်မှ Istana Nurul Iman နန်းတော်သို့ ရောက်ရှိလာရာ ဘရူနိုင်း ဒါရုဆလမ်နိုင်ငံ ဘုရင်မင်းမြတ်က ခင်မင်ရင်းနှီးစွာ ကြိုဆို နှုတ်ဆက်သည်။

နိုင်ငံတော်သမ္မတ ရောက်ရှိချိန်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သီချင်းနှင့် ဘရူနိုင်း ဒါရုဆလမ်နိုင်ငံတော် သီချင်းတို့ကို တီးမှုတ်သည်။

ယင်းနောက် ညစာစားပွဲ အခမ်းအနားကို စတင်ကျင်းပရာ ဘရူနိုင်းနိုင်ငံ ဘာသာရေး ခေါင်းဆောင်က ဆုတောင်း မေတ္တာ ပို့သသည်။

ရှေးဦးစွာ ဘရူနိုင်းနိုင်ငံ ဘုရင်မင်းမြတ်က လွန်ခဲ့သော နှစ်များစွာကတည်းက ဘရူနိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ခြင်းအပေါ် ကျေနပ်မှု ရှိလှပါကြောင်း၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် နှစ်နိုင်ငံအကြား လုပ်နိုင်ခြေများ အများအပြား ရှိနေပါသေးကြောင်း၊ ဖက်စပ်လုပ်ငန်းများတွင် ကြီးမားသော တိုးတက်မှုအတွက် ဖြစ်နိုင်ခြေများ ရှိကြောင်း၊ အထူးသဖြင့် ရေနံ ရှာဖွေရေး လုပ်ငန်းများတွင် ဖြစ်နိုင်ခြေ အလားအလာကောင်းများ ရှိနေကြောင်း၊ မြန်မာနိုင်ငံ သမ္မတကြီး၏ ဒေသတွင်း၌ ပိုမို ကောင်းမွန်လာအောင် ဆောင်ရွက်ခဲ့မှုများကို ချီးမွမ်းပါကြောင်း၊ မြန်မာနိုင်ငံ၏ အနာဂတ် အကျိုးစီးပွားများတွင် ယှဉ်ပြိုင်နေရသော စိန်ခေါ်မှုများကို ကျော်ဖြတ်နိုင်ရန် သမ္မတ ဦးသိန်းစိန်၏ ကြိုးပမ်းအားထုတ်မှုများကို ချီးမွမ်း ပါကြောင်း၊ မြန်မာနိုင်ငံ လူထု တိုးတက်ကြီးပွားမှုကို ဆောင်ရွက်နိုင်ရန် ငြိမ်းချမ်းမှုကို ထိန်းသိမ်းရန် သမ္မတကြီး၏ အဆက်မပြတ် ကြိုးစားအားထုတ်နေမှုများ အောင်မြင်စေဟု ဆုတောင်းပါကြောင်း။

နှစ်နိုင်ငံ သံတမန် ဆက်သွယ်မှုကို စတင် တည်ထောင်ခဲ့သည့် ၁၉၉၃ ကာလပြီးနောက်ပိုင်း (၅) နှစ်တာ ကာလ ၁၉၉၈ ခုနှစ်က မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ခဲ့ပါကြောင်း၊ ထိုအချိန်ကတည်းက နှစ်နိုင်ငံကြား ဝန်ကြီးဌာနများနှင့် တာဝန်ရှိသူများ အကြား ပုံမှန် ဆက်သွယ်မှုနှင့် ဖလှယ်ခဲ့မှုများ ရှိခဲ့ပါကြောင်း၊ ယခုလို ဆက်သွယ်မှုများက နှစ်နိုင်ငံ ပြည်သူများ၏ ကြီးမားသော ဆက်ဆံရေးကို ရရှိလိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ ပိုမို အရေးကြီးသည့် ကဏ္ဍသည် ပုဂ္ဂလိက ကဏ္ဍများ အပြန်အလှန် ဆက်သွယ် ဆောင်ရွက်မှုများ မြှင့်လာမည်ဟု မျှော်လင့်ပါကြောင်း။

ဘရူနိုင်းနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ ပညာရှင်များ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ ဆရာဝန်များ၊ သူနာပြုများ၊ အလုပ်သမားများ၏ ပါဝင်ကူညီ ပူးပေါင်း ဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် အာဆီယံ အသိုက်အဝန်းကို တည်ထောင်ရန် အာဆီယံ အဖွဲ့ဝင် နိုင်ငံများအနေဖြင့် အရှိန်မြှင့်နေချိန်၌ ဘရူနိုင်းနှင့် မြန်မာတို့သည် အာဆီယံတွင် လုပ်ဖော် ကိုင်ဘက် ကောင်းများအဖြစ် လက်တွဲလုပ်ကိုင်ပြီး အခြားသော အဖွဲ့ဝင် နိုင်ငံများနှင့်အတူ ရည်မှန်းချက် အောင်မြင်အောင် လုပ်ကိုင်နိုင်မည်ဟု ယုံကြည်ပါကြောင်း။

ဘရူနိုင်း နိုင်ငံအနေဖြင့် လာမည့်နှစ်တွင် အာဆီယံ ဥက္ကဋ္ဌ နေရာယူ ဆောင်ရွက်ချိန်၌ မြန်မာနိုင်ငံမှ တာဝန်ရှိသူများက ဘရူနိုင်းနိုင်ငံနှင့် အလွန်နီးကပ်စွာ လက်တွဲ ဆောင်ရွက်မည်ဟု သိရှိရသည့်အတွက် ကျေနပ်လှပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်လည်း အာဆီယံ အဖွဲ့ကြီး၏ အားလုံးသော အလုပ်များကို စဉ်ဆက်မပြတ် အောင်မြင်အောင် ဆောင်ရွက်နိုင်မည့် အတွေ့အကြုံများစွာ ရရှိစေမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဆွေတော် ဘုရင်မင်းမြတ်၏ သာယာလှပသည့် ဘရူနိုင်းနိုင်ငံသို့ ရောက်ရှိချိန်တွင် ဘရူနိုင်း ဒါရုဆလမ် အစိုးရနှင့် ပြည်သူများက နွေးထွေးပျူငှာစွာ ကြိုဆို ဧည့်ဝတ်ပြုခြင်းနှင့် ယခုလို ခမ်းနားသည့် ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည့်အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးကို အစဉ်အမြဲ အလေးထားလျက် ရှိပါကြောင်း၊ နှစ်နိုင်ငံအကြား အဆင့်မြင့် ကိုယ်စားလှယ်များ မကြာခဏ အပြန်အလှန် လည်ပတ်ခြင်းဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးများနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို ခိုင်မာလျက် ရှိစေလျက် ရှိပါကြောင်း။

ဘရူနိုင်းနိုင်ငံသို့ ၂၀၀၈ ခုနှစ်အတွင်းက ချစ်ကြည်ရေး ခရီး လာရောက်လည်ပတ်ခဲ့မှုနှင့် ယခု တစ်ဖန် ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီ ဘီဂါဝန်မြို့ကို ထပ်မံ လာရောက် လည်ပတ်ခွင့် ရသည့်အတွက် အထူး ဝမ်းမြောက်ပါကြောင်း၊ ယခု တစ်ကြိမ် ချစ်ကြည်ရေး ခရီးစဉ်သည် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများ ပိုမို ခိုင်မာလာစေရန်နှင့် ပူးပေါင်း ဆောင်ရွက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာနိုင်အောင် တွန်းအားပေးလိမ့်မည်ဟု ယုံကြည် ထားပါကြောင်း။

နှစ်နိုင်ငံအကြား ရှိရင်းစွဲ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဖြင့် အကျိုးရှိရှိ ဆွေးနွေးခဲ့ကြီပီး အနာဂတ်တွင် ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စရပ်များကိုလည်း ချမှတ်ခဲ့ကြပြီး ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အာဆီယံနှင့် ဒေသတွင်း အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ တစ်ဆင့် ပိုမို တိုးမြှင့် ဆောင်ရွက်လျက် ရှိပါကြောင်း။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်သို့ အသွင် ကူးပြောင်း ဆောင်ရွက်မှုများအပေါ် ဆက်လက် ထောက်ခံ အားပေးလျက်ရှိသည့် အဆွေတော် ဘုရင်မင်းမြတ်နှင့် ဘရူနိုင်း ပြည်သူများကို အထူးကျေးဇူး တင်ရှိပါကြောင်း၊ မိမိအနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာတွင် ငြိမ်းချမ်း တည်ငြိမ်ရေးနှင့် သာယာဝပြောရေးကို မြှင့်တင် ဆောင်ရွက်နိုင်ရန် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

မိမိတို့နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွားအတွက် အဆင့်တိုင်းတွင် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် မြန်မာနိုင်ငံ ပြည်သူများ၏ ဆန္ဒ၊ ပြည်သူ့လိုလားချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ နိုင်ငံတော် ငြိမ်းချမ်း တည်ငြိမ်မှုနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုများ ရရှိအောင်လည်း အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံအတွင်းတွင် ရှိသည့် နိုင်ငံရေး အင်အားစုများနှင့် လိုအပ်သည့် စေ့စပ် ဆွေးနွေးမှုများ ပြုလုပ်ပြီး ပြည်တွင်း၌ ငြိမ်းချမ်းတည်ငြိမ်မှု ရရှိအောင် ကြိုးပမ်းအားထုတ်လျက် ရှိကြောင်း။

တစ်ချိန်တည်းတွင် တိုင်းရင်းသား ပြန်လည် ပေါင်းစည်းနိုင်ရေးအတွက် ပြည်တွင်းတွင် ရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် ဖိတ်ခေါ်ခဲ့ပါကြောင်း၊ ထို့ကြောင့် နိုင်ငံရေး တည်ငြိမ်မှုနှင့် ဥပဒေနှင့် ညီညွတ်သည့် ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ခဲ့ပြီး စီးပွားရေးနှင့် နိုင်ငံခြားမှ တိုက်ရိုက် ရင်းနှီးမြှုပ်နှံနိုင်သည့် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ခဲ့ပါကြောင်း။

နွေးထွေးပျူငှာစွာ ဧည့်ဝတ်ပြုမှုများအတွက် အဆွေတော် ဘုရင်မင်းမြတ်၊ ဘရူနိုင်း အစိုးရနှင့် ပြည်သူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ဘရူနိုင်းနိုင်ငံ ဖွံ့ဖြိုး တိုးတက်မှုနှင့် သာယာဝပြော စည်ပင်မှုများ ဆက်လက် ရရှိစေရေးအတွက် လည်းကောင်း၊ မြန်မာနိုင်ငံနှင့် ဘရူနိုင်းနိုင်ငံတို့ အကြား ချစ်ကြည်ရေး ထာဝရ တိုးတက် ခိုင်မြဲစေရေးအတွက် လည်းကောင်း ဆုမွန်ကောင်း တောင်းလိုက်ပါဖြင့် ပြောကြားသည်။

ဂုဏ်ပြု ညစာ သုံးဆောင်နေစဉ်အတွင်း ဘရူနိုင်း ဂီတ သံသာများဖြင့် ဧည့်ခံ ဖျော်ဖြေသည်။

ညစာစားပွဲအပြီးတွင် ဘရူနိုင်း ဒါရုဆလမ်နိုင်ငံ နိုင်ငံတော် တီးဝိုင်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သီချင်းနှင့် ဘရူနိုင်း ဒါရုဆလမ် နိုင်ငံတော် သီချင်းတို့ကို တီးမှုတ်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များသည် မော်တော်ယာဉ်တန်းဖြင့် ခေတ္တ တည်းခိုသည့် Empire Hotel Country Club သို့ ပြန်လည် ရောက်ရှိကြသည်။

Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်