Subscribe to our RSS Feed

၂၀၁၄ တွင် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ မြန်မာ အိမ်ရှင်ဖြစ်မည်

From : ခေတ်လူငယ်

အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ်တွင် အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်၊ အဝေးသင်ပါမောက္ခချုပ် ဒေါက်တာ လှတင်က ပြောကြားလိုက်သည်။ “ကျွန်တော်တို့ဆီမှာ ဆီးဂိမ်း အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်တဲ့အတွက် သူတို့က တောင်းဆိုတယ်။ ဒါကို လက်ခံတဲ့အတွက် ၂၀၁၄ ခုနှစ်မှာ ပြိုင်ပွဲကျင်းပမှာ ဖြစ်ပါတယ်” ဟု ယင်းကပြောသည်။ အဆိုပါ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲသည် နှစ်နှစ်လျှင် တစ်ကြိမ် ကျင်းပသည့် ပြိုင်ပွဲဖြစ်ပြီး ဆီးဂိမ်းပြိုင်ပွဲ ကျင်းပသည့်နှစ်တွင် မပြုလုပ်ဘဲ စုံနှစ်များ၏ ဒီဇင်ဘာလတွင် ပြိုင်ပွဲ စတင်လေ့ရှိကြောင်း သိရသည်။ ယင်းပြိုင်ပွဲတွင် ရိုးရာအားကစားနည်းများ ထည့်သွင်း ကျင်းပခြင်း မရှိဘဲ အိုလံပစ် အားကစားနည်းများသာ အဓိကထားပြီး ပြိုင်ပွဲကျင်းပသည့် ပုံစံဖြစ်သည်။ “အိမ်ရှင်အဖြစ် လက်ခံကျင်းပရင်း ဆီးဂိမ်းပြိုင်ပွဲမှာ အသုံးပြုတဲ့ အထိမ်းအမှတ် တံဆိပ်တွေ လာဘ်ကောင်ရုပ်တွေ အသုံးပြုလို့မရဘူး။ သီးခြား အသုံးပြုရမှာပါ” ဟု ယင်းကထပ်မံ ပြောကြားသည်။ ယင်းပြိုင်ပွဲကို ၁၉၈၀ ပြည့်နှစ်တွင် စတင်ကျင်းပလာခြင်းဖြစ်ရာ ယခုနှစ် လာအိုနိုင်ငံတွင် ကျင်းပမည့် ပြိုင်ပွဲမှာ (၁၆)ကြိမ်မြောက် ပြိုင်ပွဲဖြစ်ပြီး မြန်မာနိုင်ငံက (၁၇)ကြိမ်မြောက် ပြိုင်ပွဲကို လက်ခံကျင်းပပေးခြင်း ဖြစ်ကြောင်း သိရသည်။ “ဒီပြိုင်ပွဲမှာ ထူးခြားတာက ဆုကြေးစား ကစားသမားတွေ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိဘူး၊ တက္ကသိုလ်ကျောင်းသားတွေပဲ ယှဉ်ပြိုင်ခွင့်ပြုတာ ဖြစ်ပါတယ်။ အာဆီယံ တက္ကသိုလ်တွေမှာ လာရောက် ပညာသင်ကြားတဲ့ အာဆီယံနိုင်ငံသား မဟုတ်တဲ့သူတွေ ပါဝင်ခွင့်မရှိဘူး” ဟု ယင်းကပြောသည်။ မြန်မာနိုင်ငံ ကိုယ်စားပြု တက္ကသိုလ်လက်ရွေးစင် အသင်းများသည် ယင်းပြိုင်ပွဲကို ၂၀၁၀ ပြည့်နှစ်တွင် ပထမဆုံး အကြိမ်အဖြစ် စတင်ဝင်ရောက်ခဲ့ရာ ယခုပြိုင်ပွဲသည် ဒုတိယအကြိမ် ဖြစ်ကြောင်း အားကစားနှင့် ပညာရေး ပေါင်းစပ်မှု စီမံကိန်းများ ရေးဆွဲလာသည့်နောက်ပိုင်း ပေါ်ထွက်လာသည့် ပြိုင်ပွဲဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများအနေဖြင့် တက္ကသိုလ် ပထမနှစ်မှ ဘွဲ့ကြိုတန်း ကျောင်းသားများ အထိသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲနှင့် ပတ်သက်၍ ဘောလုံးအားကစား နည်းပြဟောင်းတစ်ဦးဖြစ်သူ ဦးခင်မောင်ကြိုင်က “ဘောလုံးအားကစား နည်းက တကယ်တမ်း အခြေခံကျကျလုပ်ရင် မြန်မာ့လက်ရွေးစင်အသင်းကို အများကြီး အထောက်အကူ ပြုမှာပါ။ ပြိုင်ပွဲနီးမှ ကောက်သင်းကောက်သလို လုပ်ရင်တော့ မအောင်မြင်နိုင်ဘူး။ နောက်ဒီလိုပြိုင်ပွဲကြီး မကျင်းပခင်မှာ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပြိုင်ပွဲတွေကို စနစ်တကျ ကျင်းပရမယ်။ ဒါမှ အခြေခံရှိတဲ့ သူရော၊ မရှိတဲ့သူရော အားလုံးထဲကနေ ပြိုင်ပွဲအတွက် ရွေးထုတ်နိုင်မယ်။ ဒါဆိုရင် အောင်မြင်မှာပါ” ဟု သုံးသပ်ပြောကြားသည်။ မြန်မာနိုင်ငံ တက္ကသိုလ်များ လက်ရွေးစင် အသင်းအနေဖြင့် ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၄)ကြိမ်မြောက် ပြိုင်ပွဲတွင် ဘောလုံးနှင့် ပိုက်ကျော်ခြင်း အားကစားနည်းများမှ တတိယဆု ရရှိခဲ့ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။  

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်