Subscribe to our RSS Feed

ဘဏ်မဟုတ်သော ကုမ္ပဏီ အဖွဲ့အစည်းများ နိုင်ငံခြားငွေ ရောင်းဝယ် လဲလှယ်ရေး လုပ်ငန်းများ လုပ်ကိုင်ခွင့် စတင် လျှောက်ထားနိုင်

From : mrtv4


မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ ဘဏ်မဟုတ်သော ကုမ္ပဏီ အဖွဲ့အစည်းများ အနေနဲ့ နိုင်ငံခြားငွေ ရောင်းဝယ် လဲလှယ်ရေး
လုပ်ငန်း Money Changer များကို လုပ်ကိုင် လိုပါက မြန်မာနိုင်ငံတော် ဗဟိုဘဏ် နိုင်ငံခြား သုံးငွေ စီမံခန့်ခွဲမှု ဌာနမှာ လျှောက်ထား နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ခွင့်ပြုမှုဟာ ၁၉၉၀ ပြည့်နှစ် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၈၃ နဲ့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၂ ပါ စီမံခန့်ခွဲပိုင်ခွင့် များကို ကျင့်သုံးပြီး ခွင့်ပြု ပေးတာ ဖြစ်ပါတယ်။

အဲ့ဒီလို ခွင့်ပြုရာမှာ ဘဏ်မဟုတ်သော ကုမ္ပဏီ အဖွဲ့အစည်းများအား နိုင်ငံခြားငွေ များကို ပြည်တွင်းသုံး ကျပ်ငွေဖြင့် ၀ယ်ယူခြင်း၊ ရောင်းချခြင်း တို့ကို ဆောင်ရွက်ဖို့ အတွက် နိုင်ငံခြား ငွေများ ၀ယ်ယူ ရောင်းချ လဲလှယ် ပေးခွင့် လိုင်စင်များ ခွင့်ပြု ထုတ်ပေးမှာ ဖြစ်ပါတယ်။ လိုင်စင် လျှောက်ထားရာ မှာတော့ လျှောက်ထားမယ့် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဟာ မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ အရ ဖွဲ့စည်း တည်ထောင် ထားတဲ့ ကုမ္ပဏီ ဖြစ်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံခြားငွေများ ရောင်းဝယ်မှု လုပ်ငန်း အတွက် ဈေးကွက် ရှိကြောင်း၊ သက်ဆိုင်ရာ ပြည်သူများ ဖောက်သည် များလည်း စိတ်ဝင်စားမှု ရှိကြောင်း၊ ရင်းနှီး မြှုပ်နှံမယ့် ငွေကြေး အရင်းအမြစ်နဲ့ ၎င်းတို့ကို ဘယ်လိုရရှိမယ် ဆိုတာနဲ့ မျှော်မှန်း ထားတဲ့ အကျိုးအမြတ် စတဲ့ အချက် တွေကို တင်ပြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စာရင်းထားသိုပုံစနစ်၊ အသုံးပြုမယ့် ငွေကြေးနဲ့ နောက်ခံ အကြောင်းအချက်များ၊ နိုင်ငံခြားငွေများရေတွက်ခြင်း၊ စစ်ဆေးခြင်း၊ အတု၊ အစစ်ခွဲခြားခြင်းတို့ အတွက် ပြည့်စုံလုံလောက်တဲ့ အစီအမံများ ထားရှိရမှာဖြစ်ပါတယ်။

ဒါ့အပြင် လူမွဲစာရင်းခံ ဖူးသူများ၊ တည်ဆဲ ဥပဒေ တစ်ရပ် အရ ထောင်ဒဏ် ပြစ်ဒဏ် ချမှတ် ခံရဖူးသူများ လျှောက်ထား ခွင့်ပြုမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ငွေလဲကောင်တာ လုပ်ငန်းများကို တစ်ခု ထက်မက ဆောင်ရွက် လိုပါက ကောင်တာ တစ်ခုစီ အတွက် မတည်ငွေရင်း ငွေကျပ် ၁၀ သန်းစီ ထပ်မံ ထည့်ဝင်ရမှာ ဖြစ်ပြီး အသေးစိတ် အချက်အလက်များ သိရှိလိုပါက မြန်မာနိုင်ငံတော် ဗဟိုဘဏ် ရန်ကုန် ဘဏ်ခွဲ ဖုန်းနံပါတ်-၀၁-၅၄၃၅၃၂၊ ၀၁-၅၅၉၂၇၈၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ၀က်ဆိုက် www.cbm. gov.mm မှ အသေးစိတ် စုံစမ်း မေးမြန်း နိုင်ကြောင်း သတင်းပေး တင်ဆက် လိုက်ရပါတယ်။
. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်