Subscribe to our RSS Feed

နိုင်ငံတော်သမ္မတဦးသိန်းစိန် အကြိမ် (၂ဝ) မြောက် အာဆီယံ- အိန္ဒိယ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်

From : သမ္မတရုံး

နေပြည်တော် ဒီဇင်ဘာ ၂၁
       
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဒီဇင်ဘာ (၂ဝ)ရက် ညနေ(၄) နာရီတွင် အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့ရှိ Taj Palace ဟိုတယ်၌ ကျင်းပသည့် အကြိမ်(၂ဝ)မြောက် အာဆီယံ-အိန္ဒိယ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေး သို့ တက်ရောက်သည်။
       
အဆိုပါ ထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ ဘရူနိုင်းဒါရူဆလမ်နိုင်ငံဘုရင် ဆူလ်တန်ဟာဂျီဟာဆာနာလ် ဘိုကီးယား မူအစ်ဇာဒင်ဝါဒိုလာ၊ ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်၊ အင်ဒိုနီးရှား သမ္မတနိုင်ငံသမ္မတ ဒေါက်တာဆူစီလိုဘန်ဘန်း ယူဒိုရိုနို၊ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာသွန်ဆင်း သမာဗောင်၊ မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတိုဆရီမိုဟာမက် နာဂျစ်ဘင်ထွန်းဟာဂျီ အဗ္ဗဒူရာဇတ်၊ ဖိလစ်ပိုင် သမ္မတနိုင်ငံ ဒုတိယသမ္မတ မစ္စတာ ဂျေဂျိုမာဘင်နရီ၊ စင်ကာပူသမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီရှန်လွန်း၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လတ်ရှင်နာဝပ်၊ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာငုယင်တန်ဇွန်းနှင့် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း၊ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝမ်၊ အာဆီယံနိုင်ငံများနှင့် အိန္ဒိယသမ္မတနိုင်ငံတို့မှ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
       
ညနေ(၃)နာရီ (၄၅) မိနစ်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများသည် မျက်နှာစုံညီအစည်းအဝေး ကျင်းပမည့်  Tai Palace ဟိုတယ်သို့ ရောက်ရှိလာကြရာ အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းက ရင်းနှီးခင်မင်စွာ ကြိုဆိုနှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများနှင့် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း တို့သည်  Taj Palace ဟိုတယ် အနီးရှိ Raja Bagh ၌ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
       
ညနေ(၄)နာရီတွင် အစည်းအဝေးကို စတင်ကျင်းပရာ ရှေးဦးစွာ အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းက အဖွင့်မိန့်ခွန်းပြောကြားသည်။
       
ထို့နောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့က မိန့်ခွန်းပြောကြားကြသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ ကို http://www.myanmarexpress.net/2012/12/blog-post_2727.html တွင် ဖတ်ရှုနိုင်သည်။

       
ဆက်လက်၍ အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ်က အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေး ကြေညာချက်စာတမ်းကို အတည်ပြုကြောင်း ကြေညာသည်။
       
ယင်းနောက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်နှင့် အိန္ဒိယ သမ္မတနိုင်ငံ ဝန်ကြီးချုပ်တို့က နိဂုံးချုပ်အမှာစကား ပြောကြားကြပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
       
အကြိမ် (၂ဝ) မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးကို နှစ်(၂ဝ)မြောက် အာဆီယံ-အိန္ဒိယ ဆွေးနွေးဖက် ဆက်ဆံမှုနှင့် (၁ဝ)နှစ်မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီးအဆင့် မိတ်ဖက် ဆက်ဆံမှု အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်သည်။

၂ဝဝ၂ ခုနှစ်မှစ၍ အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးများကို နှစ်စဉ်ကျင်းပလာခဲ့ရာ (၁ဝ)ကြိမ်မြောက် အစည်းအဝေးကို နိုဝင်ဘာ(၁၉)ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ကျင်းပခဲ့သည်။

အိန္ဒိယနှင့် အာဆီယံတို့ကြား ဆက်ဆံရေးသည် အိန္ဒိယနိုင်ငံ၏ အရှေ့မျှော် မူဝါဒကိုချမှတ် ခဲ့သည့် ၁၉၉၁ ခုနှစ်မှ စတင်၍ ပုံမှန်တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ ယခုကျင်းပသည့် အာဆီယံ-အိန္ဒိယ ဆက်ဆံရေး အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးတွင် ဝန်ကြီးအဆင့် ဆွေးနွေးပွဲများ၊ ပြည်သူအချင်းချင်း ထိတွေ့မှုများ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းမှုများနှင့် ယဉ်ကျေးမှု အစီအစဉ်များလည်းပါဝင်ကြောင်း သိရသည်။

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်