Subscribe to our RSS Feed

"သတင်းသမားဖြစ်ပြီး ဥပဒေကို သိလို့ပဲ ဖြစ်ဖြစ်၊ မသိလို့ပဲ ဖြစ်ဖြစ် ချိုးဖောက်မိ တာကတော့ ကျွန်မတို့တွေရဲ့ အားနည်းချက်ပါ.." ~ မေသင်္ကြန်ဟိန်

From : .. https://www.facebook.com/MyanmarMediaWatch


ယူနတီသတင်းထောက် တွေကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တဲ့အပေါ်မှာ ကျွန်မအနေနဲ့လည်း စိတ်မကောင်း ဖြစ်ရပါတယ်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီလ (၂၅)ရက်နေ့ထုတ် ယူနတီဂျာနယ်မှာ `ဗိုလ်ချုပ်မှူးကြီး ဟောင်း ၊ တရုတ်ပညာရှင်နှင့် လက်ရှိ ကာချုပ်တို့၏ ပေါက်မြို့နယ်က လျို့ဝှက်ဓာတုလက်နက် စက်ရုံ ` ဆိုတဲ့ ခေါင်းစဉ်နဲ့ ပေါက်မြို့နယ်က အမှတ်(၂၄)ကာကွယ်ရေး ပစ္စည်းစက်ရုံ အကြောင်းကို ဆောင်းပါးရေးသားခဲ့တယ်။

အဲဒီဆောင်းပါးကြောင့် ၁၉၂၃ခုနှစ် အစိုးရလျို့ဝှက်ချက်များ ဥပဒေ ၃(၁)(က)/၉ အရ ပခုက္ကူမြို့နယ် တရားရုံးမှာ တရားစွဲဆိုခံခဲ့ရပါတယ်။ ပြီးတော့ အမှုရုံးချိန်း (၁၅)ကြိမ်မြောက်ဖြစ်တဲ့ ဇူလိုင်လ(၁၀) ရက် နေ့လည်(၂)နာရီ ၀န်းကျင်မှာ ယူနတီအယ်ဒီတာချုပ်နှင့် သတင်းထောက်(၄)ဦးကို အလုပ်နှင့် ထောင်ဒဏ်(၁၀)နှစ်စီ ချမှတ်ခဲ့ပါတယ်။

အဲဒီအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ ယူနတီက ရေးသားထုတ်ဝေလိုက်တဲ့ သတင်းဟာ သတင်းစာပညာအရ အားနည်းချက်တွေရှိနေတယ် ဆိုတာလည်း ငြင်းလို့မရတဲ့ ကိစ္စပါပဲ။

ဒါပေမဲ့ သတင်းသမားတစ်ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်တယ်ဆိုတာကို ကျွန်မတစ်ဦးတည်းအမြင်နဲ့သုံးသပ်ရင်လည်း ပြစ်ဒဏ်များလိုက်တာ၊ ပြစ်မှုနဲ့ပြစ်ဒဏ်မမျှတဘူးလို့ပဲ ခံစားနားလည်မိပါတယ်။

ကျွန်မတို့ သတင်းသမားတွေက မကောင်းမှုတွေ ကျူးလွန်နေကြတဲ့ သူတွေ မဟုတ်ပါဘူး။ သတင်းစာ ပညာမှာ အားနည်းနေဆဲဖြစ်တဲ့ ဖွံ့ဖြိုးစ တိုင်းပြည်တစ်ခုမှာ ပြည်သူလူထုအတွက်ဆိုတဲ့ စိတ်ဓါတ်မျိုးနဲ့ အလုပ်လုပ်နေကြတဲ့ သူတွေပါ။

ကျွန်မတို့ သတင်းသမားတွေကလည်း သာမန်ပြည်သူတွေပဲ ဖြစ်ကြတဲ့အတွက် အမှားဆိုတာလည်း ရှိနိုင်ပါတယ်။ မကျွမ်းကျင်မှုတွေ နားမလည်မှုတွေ နဲ့ ဥပဒေချိုးဖောက်မှု တွေလည်း ရှိနိုင်တာပါပဲ။

အဲဒီလို ဥပဒေအရ ချိုးဖောက်မှုတွေကို ကျွန်မတို့က သတင်းသမာတွေမို့ အရေးမယူသင့်ဘူး လို့လည်း မဆိုလိုပါဘူး။ ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ ရှိမနေရပါဘူး။ သာမန်ပြည်သူ နိုင်ငံသား တွေဖြစ်တဲ့အတွက် အခြားသော နိုင်ငံသားတွေလိုပဲ ဥပဒေကို ချိုးဖောက်ရင်တော့ အရေးယူ ပြစ်ဒဏ်ခံကြရမှာပါပဲ။ သတင်းသမားဖြစ်ပြီး ဥပဒေကို သိလို့ပဲ ဖြစ်ဖြစ်၊ မသိလို့ပဲ ဖြစ်ဖြစ် ချိုးဖောက်မိ တာကတော့ ကျွန်မတို့တွေရဲ့ အားနည်းချက်ပါ။

အဲဒါကြောင့် သတင်းသမားတွေဟာ ကျင့်ဝတ်နဲ့အညီ သတင်းရေးသားဖြန့်ချိသင့်သလို၊ မြန်မာပြည် ရဲ့ တည်ဆဲ ဥပဒေတွေကိုလည်း နားလည်အောင် ကြိုးစားသင့်တယ်၊ သတင်းထောက်လုပ်မယ်ဆိုရင် သတင်းစာပညာနဲ့အတူ ကျင့်ဝတ်နဲ့ နားလည်ရမဲ့ ဥပဒေတွေကိုပါ တွဲပြီး လေ့လာသင့်တယ် လို့လည်း နားလည်မိပါတယ်။

ယူနတီသတင်းထောက်များအား ထောင်ဒဏ်(၁၀)နှစ်ချမှတ်ခြင်းခံရတာကို ကျွန်မတို့လိုပဲ ပြစ်မှုနဲ့ ပြစ်ဒဏ်မမျှတလို့ စိတ်မကောင်းဖြစ်တဲ့ သတင်းသမားတွေ မကျေနပ်တဲ့ သတင်းသမားတွေ ရှိပါတယ်။

အဲဒီထဲက သတင်းသမားအချို့က ဇူလိုင်လ(၁၂)ရက်နေ့မှာ MPCရှေ့မှာ ဆန္ဒပြတယ်လို့ ကြားရပါ တယ်။ ပြီးတော့ အဲဒီ ဆန္ဒပြခဲ့တဲ့ သတင်းထောက်အချို့ကို ကမာရွတ်ရဲစခန်းမှာပဲ တရားစွဲဆိုတယ် ဆိုတာလည်း ကြားရတယ်။

ပိုပြီးတော့ စိတ်မသက်မသာဖြစ်ရပါတယ်။ ကျွန်မတို့ သတင်းသမားတွေက ယူနတီဂျာနယ် သတင်းသမားတွေကို ပြစ်ဒဏ်ပေးခြင်း ကိစ္စမှာ တရားမျှတမှု မရှိဘူးလို့ လက်ခံနားလည်ရင် ကျွန်မတို့ ဥပဒေဘောင်တွင်းကနေ လုပ်လို့ရတဲ့ ကိစ္စတွေက အများကြီး ရှိပါတယ်။

ကျွန်မတို့ဟာ သတင်းသမားတွေဖြစ်တဲ့အတွက် မတရားမှုတွေကို ဖော်ထုတ်တဲ့အခါမှာ သတင်းရေးသားခြင်း နည်းလမ်းနဲ့ ဖော်ထုတ်လို့ရပါတယ်။

ဒါကိုလည်း အားရမှုမရှိလို့ ကျေနပ်မှု မရှိဘူးဆိုရင် ပုဒ်မ ၁၀ တို့ ပုဒ်မ ၁၈ တို့နဲ့ ငြိစွန်းမှု မရှိအောင် ကိုယ့်ရဲ့ဆန္ဒကို ကိုယ့်ရဲ့ ရုံးခန်းထဲမှာ ပြလို့ရတယ်။ ပြီးမှ သတင်းထုတ်ပြန်ပြီး သတင်းအနေနဲ့ ပြန်လည် ဖော်ပြပေးလို့လည်း ရပါတယ်။

ဒါ့အပြင် သတင်းစာတွေ သတင်းဂျာနယ်တွေအားလုံးက ကိုယ့်ရဲ့ သတင်းစာမျက်နှာတွေမှာ ပြစ်မှုနဲ့ ပြစ်ဒဏ်မမျှတဲ့အကြောင်း ဆောင်းပါးတွေ ရေးခြင်းဖြစ်စေ၊ နာမည်ကြီး နိုင်ငံရေးသမားတွေကို အင်တာဗျူးခြင်းဖြစ်စေ ဖော်ပြလို့ရသလို၊ နိုင်ငံရေးပါတီတွေနဲ့ အခြားအဖွဲ့အစည်းတွေရဲ့ သဘောထား အမြင်တွေကိုလည်း စုစည်းဖော်ပြခြင်း အားဖြင့် ဖော်ထုတ်ပြသလို့ရပါတယ်။

ဒါ့အပြင် သတင်းစာတွေနဲ့ သတင်းဂျာနယ်တွေညီရင် ရှေ့မျက်နှာဖုံးတစ်ခုလုံး အမည်းရောင် သုံး၍ဖြစ်စေ မကျေနပ်မှုကို ဖော်ပြလို့ရတဲ့ နည်းလမ်းတွေလည်း ရှိပါသေးတယ်။

အဲဒီလို သတင်းမီဒီယာတွေကနေ ကိုယ့်ကိုယ်ကိုလည်း မထိခိုက်မနစ်နာရအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေထက်၊ ဘာကြောင့်များ ကိုယ့်ကိုပါ ထိခိုက်စေတဲ့ နည်းလမ်းမျိုးကို စဉ်းစားကြပါသလဲ။ ထိခိုက်သွားတဲ့ သတင်းသမားတွေအတွက် စိတ်မကောင်းဖြစ်ရပါတယ်။

ပုဒ်မ(၁၈)ဆိုတာကတော့ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့်ဖြစ်ပြီးတော့ ဆန္ဒပြမယ်ဆိုရင် သက်ဆိုင်ရာမြို့နယ်ရဲစခန်းကို ခွင့်ပြုချက် တောင်းရမှာပါ။ ရဲစခန်းကလည်း ခွင့်ပြုရပါမယ်။

ဆန္ဒဖော်ထုတ်တယ်ဆိုတာ မည်သူ မဆို ပြလို့ရတယ်။ ဘယ်လိုနည်းလမ်းမျိုးနဲ့ မဆို ကိုယ့်ဆန္ဒကို ဖော်ထုတ်ပြသလို့ရပါတယ်။ စနစ်တကျ ဖြစ်ဖို့နဲ့ ရလဒ်ကောင်းဖို့ တော့ ကြိုတင်ပြင်ဆင်သင့်တယ်လို့ မြင်မိပါတယ်။

ကိုယ်လိုချင်တဲ့ ရလဒ်ကို ကိုယ့်ဘက်က ထိခိုက်နစ်နာမှု နည်းပြီး အကျိုးရလဒ်များများရအောင် ဆောင်ရွက်နိုင်တဲ့ နည်းလမ်းမျိုးကို ရွေးချယ်မယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ရလာဒ်မျိုး ထွက်ပေါ်လာအောင် ဆောင်ရွက်နိုင်မယ်လို့ မြင်မိပါတယ်။

ပြီးတော့ ကျွန်မတို့သတင်းသမားတွေ အများစု ပဋိပက္ခသတင်းတွေကို ဘယ်လို ရေးသားရမလဲ ဆိုတာကို သင်တန်းတွေ ရရှိပြီး နားလည်ပြီးသား သူတွေဖြစ်ပါတယ်။ စေ့စပ်ညှိုနှိုင်းဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေကို သိထားပြီးတဲ့ ကျွန်မတို့တွေ စေ့စပ်ညှိုနှိုင်းဖြေရှင်းနိုင်တဲ့နည်းလမ်းကို အသုံးချတာ ပိုကောင်းတဲ့ ရလဒ်ကို ထွက်စေနိုင်ပါတယ်။

မဟုတ်တာ လုပ်တာနဲ့ ၊ လုပ်တာ မဟုတ်တာ မတူပါဘူး ။
ကျွန်မတို့ သတင်းသမားတွေဟာ မဟုတ်တာလုပ်တဲ့ သူတွေ မဟုတ်ပါဘူး။
ဒါပေမဲ့ လုပ်တာမဟုတ်တဲ့အတွက် ကျွန်မတို့တွေဟာ အများအမြင်မှာတော့ ပုဒ်မ ၁၈နဲ့ အရေးယူခံရတဲ့ ဥပဒေချိုးဖောက်တဲ့သူတွေ ဖြစ်ကြရပါတယ်။

အစိုးရအနေနဲ့လည်း ဒီမိုကရေစီနိုင်ငံအနေနဲ့ သွားမယ်ဆိုရင်တော့ ဒီမိုကရေစီတိုင်းပြည်တစ်ခုရဲ့ စံချိန်စံညွှန်းဖြစ်တဲ့ လွတ်လပ်စွာသတင်းရယူခွင့်နဲ့ သတင်းရေးသားခွင့်ကို အထူးအလေးအနက်ထားပြီး ဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်။

အားလုံးပဲ ဘေးအန္တရာယ်အပေါင်းကနေ ကင်းဝေးကြပါစေ။
မေသင်္ကြန်ဟိန်(မြစ်မခ)


.. www.MyanmarExpress.net
 

2 comments:

အလကားမီဒီယာ
ပိုက်ဆံမယူပဲအလကားရေး
တဲ့လူရှိလား။တစ်ခါလာလည်း
ပြည်သူ့အတွက်နဲ့ ။ပြည်သူ့အ
တွက်အလကားပေးနေတာ
ဘာရှိလည်း။ပြည်သူတွေကို
ပေးဆပ်နေတာပါလို့နောက်
မပြောမိစေနဲ့။လမ်းဘေးမှာ
ခွေးနှစ်ကောင်ကိုက်နေတာ
လည်းမင်းတို့ရေးရင်သတင်း
ဖြစ်တာပဲ။
နပတတာတူး

1-GOVERNMENT TAKEN THE LEGAL ACTION
BECAUSE NEWS MEN ARE BROKEN THE LAW
AND COMMITTED THE CRIME AGAINST
MYANMAR NATIONAL SECURITY AND TOP
SECRET.

FELLOW NEWS MEN ARE LOOK LIKE WITHOUT ACCEPTING THE CRIME BUT JUST PROTESTING
FOR FREEDOM OF PRESS BY USING DEMOCRACY
AND HUMAN RIGHTS.

PLEASE DO NOT FORGET
THE IMPORTANT OF NATIONAL SECURITY,
LAWS AND ORDERS ARE ALWAYS ABOVE
THE ALL MEN AND WOMEN.

NATURAL LAWS REGARDING COMMITTING SIN ALWAYS FOLLOW THE NATURE AND GET BAD RESULT.
THERE IS NO EXCUSE NOT TO GET THE BAD RESULT EITHER KNOW THE LAW OR DO NOT KNOW THE LAW.

SIMILARLY MAN MADE LAWS BY AUTHORITY
ALSO PUNISHABLE TO ANYBODY COMMITTED
CRIME EITHER KNOW THE LAW OR DO NOT
KNOW THE LAWS.

THE CLEAR ANSWER IS NO EXCUSE BECAUSE DO NOT KNOW THE LAW..

BUT MANY PEOPLE MISTAKENLY THINK AND BELIEVE IT IS EXCUSABLE IF COMMITTED THE
CRIME BECAUSE DO NOT KNOW THE LAW.

THEREFORE EVERYBODY NEED TO KNOW THE
LAWS SO THAT THEY CAN AVOID HEAD ON
COLLISION WITH THE LAWS.

ALL BUSINESS GROUPS,COMPANIES,
ASSOCIATIONS,PARTIES AND CORPORATIONS
NEED AT LEAST THREE EXPERTS TO RUN THE
BUSINESS SMOOTHLY.
THE THREE EXPERTS ARE AS FOLLOWS;
A GOOD MANAGER FOR GOOD ADMINISTRATION,
A GOOD ACCOUNTANT FOR GOOD ACCOUNTING
AND
A GOOD LAWYER
OR LEGAL EXPERT FOR ALL LEGAL MATTERS.

NOW A DAY PEOPLE ARE TRYING TO MISUSE
DEMOCRACY,
HUMAN RIGHTS,
FREEDOM OF PRESS,
FREEDOM OF SPEECH AND FREEDOM OF WORSHIP.
AND THEN BLINDLY SUPPORT AND PROTEST
FOR THOSE PERSONS BELONGED TO THEM.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်