ဝန်ထမ်းများ မက်သည့် အိပ်မက်ထဲတွင် ဖုန်းသည်လည်း တစ်ခု အပါအ၀င် ဖြစ်သည်။ ဖုန်းဟုဆိုရာတွင် hand phone ခေါ် mobile phone ခေါ် လက်ကိုင်ဖုန်းက ပို၍ အဓိကကျသည်ဟု ဆိုရမည်။ အိမ်ပိုင်ယာပိုင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လက်ထဲတွင် ကိုင်ဆောင်နိုင်သော ဖုန်းမျိုး ဖြစ်၍ မျှော်လင့်ကြခြင်းလည်း ဖြစ်သည်။
လက်ကိုင်ဖုန်းများ မိမိတို့နိုင်ငံတွင် စတင်တပ်ဆင်သည့် ကာလ ၀န်ထမ်းများ ကိုင်နိုင်သည်၊ မကိုင်နိုင်သည် အပထား သက်ဆိုင်ရာ ၀န်ကြီးဌာနက အယုတ်အလတ် အမြတ်မရွေး ချထားပေးခဲ့ပါသည်။ ပေါ်ဦး ပေါ်ဖျားမှာ ဖုန်းရသွားကြသူ ၀န်ထမ်းများအဖို့ ထီပေါက်သည့်နှယ်ပင် ဖြစ်သည်။ ပြင်ပပေါက်ဈေး မြင့်မားလှသော လက်ကိုင်ဖုန်းကို ပြန်ရောင်းချကာ မိမိတို့ရသော လစာသက်သက်မျှဖြင့် ဘ၀တစ်သက်တာတွင် ၀ယ်ယူရန် မျှော်မှန်း၍ မရနိုင်သော အိမ်ပိုင် ယာပိုင် ဘ၀သို့ ရောက်ခဲ့ကြသည့် ကံထူးရှင် ၀န်ထမ်းများ ရှိခဲ့ကြသည်။ ကံမထူးသူ ၀န်ထမ်းများကတော့ ဆက်၍ ဆက်၍ မျှော်ကြရသည်။
ယင်းနောက် မိုဘိုင်းလ်ဖုန်း စနစ်အမျိုးမျိုးတို့ ထပ်မံပေါ်ပေါက် လာသည်။ ကနဦးတပ်ဆင်စရိတ် ဆိုသည်မှာလည်း ယခင်နှင့်နှိုင်းစာလျှင် တစ်ဆင့်ပြီး တစ်ဆင့် ကျဆင်းလာသည်။ တစ်ချိန်ချိန်တွင် မိမိတို့လည်း ကိုင်နိုင်လာလိမ့်မည်ဟု မျှော်လင့်ရင်းဖြင့် ပင်စင်ယူသူလည်း ယူသွားကြကုန်ပြီ။ လက်ရှိအချိန်တွင် ချထားပေးလျက်ရှိသော ဖုန်းစနစ်၏ ကနဦးတပ်ဆင် စရိတ်သည်ပင် သာမန်ဦးစီးအရာရှိအဆင့် ၀န်ထမ်းတစ်ဦးအဖို့ ကိုင်ဆောင်ရန် လွယ်ကူလှသော အခြေအနေတွင် မရှိ။ အခြားအဆင့် ၀န်ထမ်းများအနေဖြင့် ဆိုလျှင်ကား ဆိုဖွယ်ရာမရှိပြီ။ စိတ်ကူး အိပ်မက်ထဲ၌ပင် ဝေးဝေးမှာ နေနေရသည်။ သို့ရာတွင် မျှော်လင့်ခြင်းတို့ လုံးလုံး ပျောက်ကွယ် သွားခြင်းတော့ မဟုတ်။
နောက်ထပ် သုံးသိန်းတန်ဖုန်းများ လာဦးမည်ဆိုသော သတင်းများ၊ သုံးသိန်း မဟုတ်ဘဲ နှစ်သိန်းခွဲမျှသာ ဖြစ်မည်ဆိုသော သတင်းများ၊ အရစ်ကျ စနစ်ဖြင့် ရောင်းချပေးဦးမည် ဆိုသော သတင်းများ စသည့်စသည့် တစ်ယောက် စကား တစ်ယောက်နားဖြင့် ရုံးပေါက်ဝအနှံ့ ပျံ့နေသော သတင်းများက မျှော်လင့်ခြင်းတို့ကို နိုးထ ရှင်သန်နေစေသည်။ ပြီးခဲ့သော လွှတ်တော်ကာလ အတွင်း လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက အိမ်နီးချင်း နိုင်ငံများမှာကဲ့သို့ ကနဦး တပ်ဆင်ခမပေးရဘဲ လက်ကိုင်ဖုန်းများ ချထားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းသောအခါ အဆိုပါ လွှတ်တော် ကိုယ်စားလှယ်ကို ဖုန်းမျှော်သူတို့က သာဓုခေါ်ကြသည်။ နောင်တွင် ဖြစ်လာလိမ့်မည်၊ တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်နေပါသည်ဟု သက်ဆိုင်ရာက ပြန်လည် ရှင်းလင်းသော အခါတွင်မူကား မိမိတို့၏ မျှော်လင့်ခြင်း အိပ်မက် ရှည်လျားလိမ့်ဦးမည်ဟုသာ စိတ်ကို တုံးတုံး ချထားလိုက်ကြသည်။
သို့တိုင်အောင် ထန်းရည်မူးပြီး ပြုတ်ကျသော ဆက်ရက်သည် အမူးပြေလျှင် ထန်းပင်ပေါ် ပြန်ရောက်သကဲ့သို့ပင် မကြာသေးမီက ကနဦးတပ်ဆင်ခ ကျပ် ၅ဝဝဝ သာ ပေးရမည်ဆိုသည့် မိုဘိုင်းလ်ဖုန်းစနစ်တစ်ခု တည်ဆောက်ရန် ကုမ္ပဏီတစ်ခုက ကြိုးပမ်းနေကြောင်း သတင်းများ၊ ဂျာနယ် စာမျက်နှာများပေါ်၌ ပေါ်ထွက် လာပြန်သောအခါ ဖုန်းမျှော်သူတို့ ပြန်လည် နိုးထလာရပြန်သည်။ တစ်ဖက်မှ သက်ဆိုင်ရာဌာန တာဝန်ရှိသူက ဥပဒေအရ လည်းကောင်း၊ နည်းပညာအရ လည်းကောင်း မဖြစ်နိုင်သေးပါကြောင်း ရှင်းလင်း လိုက်ပြန်သောအခါ စောစောက မျှော်လင့်ခြင်းဖြင့် နိုးထလာခဲ့သော ၀န်ထမ်းတို့ခမျာမှာ...
တစ်ခါက သတင်းစာဆရာကြီး တစ်ဦးပြောဖူးသော ပုံပြင်လေး တစ်ပုဒ်မှာ ဤသို့ဖြစ်သည်-
ဆပ်ကပ်ဆရာတစ်ယောက်သည် သူ၏ ချောမော လှပစွာသော သမီးပျိုကလေးကို ကြိုးတန်း လမ်းလျှောက်နည်း သင်ပေးနေသည်။ ကျွမ်းကျွမ်း ကျင်ကျင် လှလှပပ လျှောက်တတ်စေရန် သင်ကြားပေးရင်း ကြိုးတန်းပေါ်မှ ပြုတ်မကျစေရန် သတိပေးသည့် အနေဖြင့် သမီးဖြစ်သူကို ''ကြိုးတန်းပေါ်က ပြုတ်ကျလို့ကတော့ နင့်ကို ဟိုမြည်းနဲ့ ပေးစားမယ်''ဟု ဆပ်ကပ်ထဲတွင် မွေးထားသည့် မြည်းကို လက်ညှိုးထိုးပြကာ ခြိမ်းခြောက်လေသည်။ မြည်းကလည်း ထိုစကားကို ကြားလေသည်။
ထိုနေ့မှစ၍ ထိုမြည်းသည် ဆပ်ကပ်ရုံမှခွာ၍ ဘယ်ကိုမှမသွား။ သစ်ရွက်နုနှင့် မြက်စိမ်းစိမ်းတို့ကိုလည်း လျှောက်မစား။ သူ့အဖြစ်ကို အခြား မြည်းတစ်ကောင်က သတိထားမိ၍ မေးသောအခါ သူကလည်း ပွင့်ပွင့် လင်းလင်းနှင့် ရိုးသားစွာ ဖြေရှာသည်။ ''ကြိုးတန်းပေါ်က မင်းသမီးလေး ကျလာမယ့် အချိန်ကို ငါစောင့်နေတာပါ''ဟု ဆို၏။
ထိုပုံပြင်ကလေးမှာ အဆုံးမရှိပါ။ ကြိုးတန်းပေါ်က မင်းသမီးကလေး ကျ၊ မကျ ပုံပြင်ထဲမှာ မပါ။ အကယ်၍ ကျလာသည် ဆိုသည့်တိုင်အောင် မင်းသမီးနှင့် မြည်းဟူသည်...။
ဇန်န၀ါရီ ၁၅ ကြေးမုံသတင်းစာမှ

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်