အတွဲ ၂၈ ၊ အမှတ် ၅၅၅ ( ၃ - ၉ ၊ ၂ ၊ ၂၀၁၂)

သင်္ဃန်းကျွန်းမြို့နယ်ရှိ ရိုက်ကွင်းအိမ်တစ်ခုတွင် ရိုက်ကူးနေတဲ့ ဗီဒီယိုကားတစ်ကားတွင် အောင်ခိုင်၊ ကစ်ကစ်နဲ့ သက်မွန်မြင့်တို့ သရုပ်ဆောင်နေကြစဉ်။
ဓာတ်ပုံ - သဲသဲထွေး
အကယ်ဒမီပေးပွဲလို့ ပြောလိုက်တာနဲ့ ပရိသတ်တွေက ဘယ်မင်းသား၊ မင်းသမီးတွေများ အကယ်ဒမီရကြမလဲဆိုပြီး စိတ်ဝင်တစားရှိကြ ပေမယ့် ဘယ်လူကြမ်း အကယ်ဒမီရနိုင်တယ်ဆိုပြီး အရေးလုပ်ပြီး ပြောဆိုကြမျိုးကတော့ တော်တော်ကို ရှားပါးပါတယ်။
ဒါကြောင့် လူကြမ်းသရုပ်ဆောင်တွေက သူတို့ကိုလည်း အနုပညာရှင် တွေလို သဘောထားပြီး၊စဉ်းစားပေးကြမယ်ဆိုရင် အကယ်ဒမီရွှေစင် ရုပ်နဲ့ သူတို့ အလှမ်းမဝေးပါဘူးလို့ ဆိုကြပါတယ်။
"ရုပ်ရှင်လောကရဲ့အထွတ်အထိပ်ဆုအတွက် လူကြမ်းပဲဖြစ်ဖြစ်၊ လူရွှင်တော်ပဲဖြစ်ဖြစ် မျှော်လင့်ခွင့်လေးတော့ ပေးကြပါ"လို့ လူကြမ်းသရုပ်ဆောင်တွေထဲမှာ ရှားရှားပါးပါး အကယ်ဒမီဆုရရှိ ထားတဲ့ ဦးအောင်ခိုင်က ပြောပါတယ်။
"ဇာတ်ကားတစ်ကားမှာ ရှေ့ကတပ်ထားတဲ့ မင်းသား၊မင်းသမီးကတော့ အဓိကသရုပ်ဆောင်ဆု၊ နောက်ကတပ်ထားတဲ့ မင်းသား၊ မင်းသမီးကို ဇာတ်ပို့ ဆုဆိုပြီး ပေးကြစတမ်းဆိုရင် တကယ်တမ်းဇာတ်ပို့အလုပ်နဲ့ပဲ ရုပ်ရှင်လောကမှာ ကျင်လည်နေကြတဲ့ ဇာတ်ပို့စစ်စစ်တွေက ရုပ်ရှင် လောကရဲ့အမြင့်ဆုံးကို မျှော်လင့်ခွင့်မရှိတော့ဘူးလား"လို့လည်း သူက ဆိုပါသေးတယ်။
ပြီးတော့ သူက ရုပ်ရှင်ထူးချွန်ဆုဆိုတာ အခန်းနည်းတာ၊ များတာ အဓိက မဟုတ်ဘဲ ကိုယ်ပါဝင်ရတဲ့အခန်းက ဇာတ်ကားရဲ့ရသ၊ အတိတ်အနက်ကို ပိုပြီးမြင့်တက်သွားအောင် ပံ့ပိုးပေးနိုင်ရင် ဇာတ်ပို့ဆုပေးကိုပေးရမယ်လို့ စာရေးဆရာ၊ ဒါရိုက်တာ ဦးသုခဟာ မကွယ်လွန်ခင်က ပြောခဲ့ဖူးတယ်ထောက်ပြပြီး လက်တွေ့မှာတော့ မြန်မာ့ရုပ်ရှင်လောကမှာ အကယ်ဒမီရတဲ့ လူကြမ်းအရေ အတွက်ဟာ လက်တစ်ဆုပ်စာတောင် မရှိဘူးလို့ ဆိုပါတယ်။
ဝါရင့်လူကြမ်းသရုပ်ဆောင်တစ်ဦး ဖြစ်တဲ့ ကိုကိုဦးကလည်း ရွေးချယ်စရာ မရှိဘဲ ဆိုးတဲ့နေရာတွေမှာပဲ သရုပ်ဆောင်နေရပေမယ့် သူတို့ဟာ ပြည်သူတွေရဲ့ တကယ့်ဇာတ်ရုပ်ကိုပဲကြည့်ပြီး သရုပ်ဆောင်တာပါလို့ ဆိုပါတယ်။
"ကျွန်တော်တို့ သရုပ်ဆောင်တာကို အတုယူမှားမှာ စိုးလို့ဆိုပြီး အကယ်ဒမီပေးတဲ့ အမှတ်ပေးတဲ့စည်းမျဉ်းထဲမှာ မပါတာရှိတယ်"လို့ ပြောပါတယ်။
ဦးအောင်ခိုင်ကလည်း သူတို့လူကြမ်းတွေမှာ လူဆိုး၊ သူခိုး၊ ဓားပြ၊ ခါးပိုက်နှိုက်နေရာတွေမှာပဲ သရုပ်ဆောင်ရပြီး လူအများစုကလည်း လူကြမ်းဆိုရင် ထိုးဖို့၊ ကြိတ်ဖို့ပဲ လုပ်တတ်တယ်ဆိုတဲ့ အစွဲရှိနေကြတယ်လို့ ဆိုပါတယ်။
"ရုပ်ရှင်လောကမှာ ကျင်လည်ခဲ့တဲ့ ၃၂ နှစ်အတွင်း ဒီလိုခေါက်ရိုးကျိုးနေတာတွေကို ပြန်ပြီးမီးပူတိုက်ပေးမယ့်သူ မရှိဘူး"လို့ ပြောပါတယ်။ သူတို့မှာ ခွဲခြားဆက်ဆံခံရပေမယ့် သရုပ်ဆောင်ရတဲ့ နေရာမှာတော့ တကယ့်ကြမ်းကြမ်းတမ်းတမ်းတွေကို အကူ ပစ္စည်းလုံးဝမပါဘဲ လုပ်ကြရတယ်လို့ ပြောပြပါတယ်။
ဒါကြောင့် ကိုကိုဦးက မြန်မာပြည် ရုပ်ရှင်လောကက ဇာတ်ကောင်ကို အဓိကမထားပဲ စူပါမင်းသား၊ မင်းသမီးကိုပဲ အဓိကထားနေ ကြတယ်လို့ ရင်ဖွင့်ပါတယ်။
"လူကြမ်းဆိုရင် လူကြမ်းနေရာမှာပဲ သရုပ်ဆောင်ဖို့ ပုံသေထားကြတဲ့အတွက် ဇာတ်ရုပ်အပြောင်းအလဲ သိပ်မရှိသလို ဗီလိန်ခန်းရိုက် ရရင်လည်း တစ်ခန်း နှစ်ခန်းနဲ့ ပြီးသွားပြီး မင်းသား မင်းသမီးပဲ ဇောင်းပေးရိုက်ကြတာ။ "ကျွန်တော်တို့ လူကြမ်းတွေထဲမှာလည်း လုပ်နိုင်တဲ့သူတွေ အများကြီးပါ။ ဒါရိုက်တာတွေက မခိုင်းကြလို့ပါ။ ဒါရိုက်တာခိုင်းတဲ့အတိုင်း လုပ်နိုင်ဖို့လည်း အတတ်ပညာတွေ အကုန်လုံးမှာရှိပြီးသားပါ"လို့ ဆိုပါတယ်။
"အကယ်ဒမီ မျှော်မှန်းနိုင်ဖို့ဆိုတာ ဇာတ်ကားကြီးထဲမှာ နေရာရမှသာ ရနိုင်မှာ"လို့လည်း သူက နောက်ဆက်တွဲ စကားဆိုလိုက်ပါ သေးတယ်။
လူကြမ်းအဖြစ် သရုပ်ဆောင်အလုပ် လုပ်ကိုင်ခဲ့တာ နှစ်ပေါင်း ၃၀ ကျော်ပြီ ဖြစ်တဲ့ ဦးအရိုင်းမင်းကလည်း သူတို့ ဘ၀ဟာ ဆေးစက် ကျရာ အရုပ်ထင်ဖို့ ကြိုးစားကြရတဲ့ဘ၀လို့ ဆိုပါတယ်။
"ဟောလိဝုဒ်တို့၊ ဘောလိဝုဒ်တို့မှာဆို လူကြမ်းကိုလည်းအကောင်းဆုတို့၊ အညံ့ဆုံးဆုတို့ ပေးတယ်။ ဒီမှာတော့ လူကြမ်းလုပ်လာတဲ့ နှစ် ၃၀ကျော်ရှိပြီ။ လူကြမ်းကို အကယ်ဒမီပေးတာ တစ်ခါမှ မကြားဖူးသေးဘူး" လို့ ပြောပါတယ်။
"ရုပ်ရှင်လောကမှာ အားလုံးက သရုပ်ဆောင်တွေပဲလေ။ မင်းသား၊ မင်းသမီးမှ သရုပ်ဆောင်မဟုတ်တာ။ ထူးချွန်ရင် ထူးချွန်သလို၊ ညံ့ရင်ညံ့သလို ပေးသင့်တယ်။ ဒါကလည်း ပြောင်းလဲလာတဲ့စနစ်ကြောင့် ပြောရတာပါ။ မပြောင်းလဲသေးရင်လည်း သဲထဲရေသွန်ဖြစ် မှာပဲ။ ဘယ်လောက်ပဲ ဆိုးမိုက်တဲ့ ဇာတ်ရုပ်ဖြစ်နေပါစေ။ သူ့အမူအရာတွေက ဘယ်သူနဲ့မှ မတူတဲ့ ဇာတ်ရုပ်ကို သရုပ်ဆောင်နိုင်ရင် သရုပ်ဆောင်မှန်သမျှ အကယ်ဒမီရသင့်တယ်"လို့ သူ့အမြင်ကို ပြောပြပါတယ်။
ကိုကိုဦးကလည်း လက်ရှိမှာ ဆင်ဆာ စည်းကမ်းတချို့ ပြင်ဆင်လျှော့ပေါ့ပေးလာပြီး အနုပညာဖန်တီးမှုတွေကို အရင်ကထက် ပိုပြီး လွတ်လွတ်လပ်လပ် လုပ်ခွင့်ရလာတဲ့အချိန်မှာ လူကြမ်းတွေလည်း ဇာတ်ကားတွေမှာ နေရာရလာမယ်ဆိုရင် အကယ်ဒမီကိုများ မျှော်မှန်းနိုင်မလားဆိုပြီး မျှော်လင့်မိတယ်လို့ ဆိုပါတယ်။


2 comments:
လူကြမ်းတွေအတွက် ဇာတ်ကွက်နေရာမပေးဘူးဆိုတာ အတိအလင်းမြင်သာပါတယ်.. ကျုပ်တို့လို ပရိသတ်တွေက ကိုကိုဦးပဲဖြစ်ဖြစ် အောင်ခိုင်ပဲဖြစ်ဖြစ် မင်းသားအထိုးအကြိတ်ခံရမယ့်အခန်းပဲ မြင်မြင်နေရတာကိုတော့ သိပ်မကြိုက်ပါဘူး..သူတို့ပြောသလိုသူတို့တွေလုပ်နိုင်တယ်ဆိုတာ ဦးအံ့ကျော်ကြီး သက်သေပဲလေ..မုဒိန်းကောင်၊ဓားပြတွေလုပ်တဲ့ဇာတ်ကွက်နဲ့မဟုတ်ဘဲ ပြည်သူ့အသည်းကိုချွေတဲ့ဇာတ်ကွက်လေးနဲ့ ရသွားတာကလဲ မကောင်းမှုထူးချွန်ဆုရယ်လို့ မပေးရလို့သတ်မှတ်ထားလို့ထင်ပါတယ်..တကယ်ဆိုဇာတ်ညွှန်းမှာ လူကြမ်းက ကြမ်းပေမယ့်ဂရုဏာနဲ့သက်ညှာလိုက်ကြောင်း ထည့်ရေးလိုက်ရင် ဘာပဲပြောပြော ခေါက်ရိုးကျိုးဘဝတွေက လွတ်တာပေါ့ ..(လူကြမ်းကြီးများရဲ့ပရိသတ်)
Good
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်