Subscribe to our RSS Feed

ဗြိတိန်နိုင်ငံသည် မြန်မာနိုင်ငံနှင့် စီးပွားလုပ်ရာတွင် အခြား ပို့ကုန်သွင်းကုန်များကို စိတ်မဝင်စားပဲ မြန်မာ့စွမ်းအင် များကိုသာ ရသလောက် နှိုက်ထုတ်ရန် စိတ်ဝင်စား

From : 7day

ဗြိတိန်နိုင်ငံက မြန်မာ၏ သယံဇာတထုတ်ယူရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိရေး ကနဦးဆောင်ရွက်ချက်(EITI) လုပ်ငန်းစဉ် စတင်ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ နှစ်သိန်းခွဲ ပေးအပ်မည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီး ဟူဂို
ဆွိုင်ယာက ယနေ့ ကြေညာသည်



မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်လာရောက်သော ဗြိတိန်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအဖွဲ့က မြန်မာနိုင်ငံခရီးစဉ်တွင် စွမ်းအင်ကဏ္ဍကို စိတ်ဝင်စားပြီးအလေးထားကြောင်း အဆိုပါအဖွဲ့အားဦးဆောင်လာသော နိုင်ငံခြားရေးနှင့်ဓနသဟာယနိုင်ငံများရုံးဝန်ကြီး ဟူဂိုဆွိုင်ယာက ယနေ့နံနက် ဆီဒိုးနားဟိုတယ်၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

"ဒီကုန်သွယ်ရေးမစ်ရှင်အဖွဲ့ဟာ စွမ်းအင်ကဏ္ဍကို စိတ်ဝင်စားပါတယ်။ ဒီကဏ္ဍဟာ မြန်မာနိုင်ငံအစိုးရအနေနဲ့ အထူးအလေးထားတဲ့ ကဏ္ဍတစ်ရပ်ဖြစ်မှန်း ကျွန်တော်သိသလို ကျွန်တော်တို့နဲ့အတူ ကမ္ဘာ့အဆင့် လုပ်ရည်ကိုင်ရည်အပြည့်ရှိတဲ့ ဗြိတိန်ကုမ္ပဏီများရဲ့ ကိုယ်စားလှယ်များနဲ့ကျွမ်းကျင်သူလည်း ပါလာပါတယ်။ ဗြိတိန်နိုင်ငံဟာ ဒီကဏ္ဍမှာ အလွန်အတွေ့အကြုံများပြီး နားလည်တတ်ကျွမ်းကာ ကျွန်တော်တို့ရဲ့ ခရီးစဉ်မှာ ဒီအတွေ့အကြုံတွေကို တင်ပြသွားမှာပါ" ဟု ဟူဂိုဆွိုင်ယာက ပြောကြားသည်။

၎င်းဦးဆောင်သော ကုန်သွယ်ရေးမစ်ရှင်အဖွဲ့တွင် စုစုပေါင်းအဖွဲ့ဝင် ၂၃ ဦးပါဝင်ပြီး ဗြိတိန်နိုင်ငံမှ စွမ်းအင်ကုမ္ပဏီများ၊ လျှပ်စစ်ကုမ္ပဏီများ၊ ဘဏ်လုပ်ငန်းများ၊ ပညာရေးဝန်ဆောင်မှုကုမ္ပဏီများနှင့် ဥပဒေရေးရာကုမ္ပဏီများ ပါရှိခဲ့သည်။

ဝန်ကြီးက တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍လည်း အလေးထားပြောကြားသွားခဲ့သည်။ "တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှုဟာ လူတွေရဲ့ဘ၀အတွက် အပြောင်းအလဲကောင်းတွေဖြစ်လာစေနိုင်ပါတယ်။ တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှုက အလွန်လိုအပ်နေတဲ့ အလုပ်အကိုင်များကို ဖန်တီးပေးနိုင်ပြီး လေ့ကျင့်သင်ကြားရေးနှင့် ပညာရေးအခွင့်အလမ်းများကိုလည်း ပေးအပ်နိုင်ပါတယ်။ ဒီအချက်တွေ အားလုံးဟာ ကုန်သွယ်စီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အရှည်သဖြင့် ထိန်းသိမ်းသွားနိုင်ဖို့ လိုအပ်ချက်တွေဖြစ်သလို အဲသလို အရှည်ထိန်းသိမ်းနိုင်တဲ့ ကုန်သွယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကလည်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို အပြန်အလှန်ပံ့ပိုးပေးသွားပါလိမ့်မယ်"

ဗြိတိန်နိုင်ငံအနေဖြင့် တာဝန်သိရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ နားလည်မှု စာချွန်လွှာတစ်စောင် (MOU) ကို မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် သဘောတူလက်မှတ်ရေးထိုးထားသည်။

ထို့အပြင် သယံဇာတထုတ်ယူရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိရေး ကနဦးဆောင်ရွက်ချက် (EITI - Extractive Industries Transparency Initiative) နှင့်စပ်လျဉ်း၍ မြန်မာအစိုးရနှင့်နီးကပ်စွာ ဆောင်ရွက်နေပြီး EITI လုပ်ငန်းစဉ် စတင်ဆောင်ရွက်နိုင်ရန် အမေရိကန်ဒေါ်လာ နှစ်သိန်းခွဲအထိ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းလည်း ဗြိတိန်ဝန်ကြီးက ကြေညာခဲ့သည်။ EITI သည် အခွန်အကောက်ပွင့်လင်းမြင်သာမှုကို မြှင့်တင်ဖော်ဆောင်နေသော ကမ္ဘာလုံးဆိုင်ရာ စံသတ်မှတ်ချက်တစ်ရပ်ဖြစ်သည်။

ဗြိတိန်ဝန်ကြီးနှင့် ကုန်သွယ်ရေးမစ်ရှင်အဖွဲ့သည် နေပြည်တော်မှ အစိုးရတာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံမည်ဖြစ်ပြီး ရခိုင်ပြည်နယ်သို့လည်း သွားရောက်မည်ဖြစ်သည်။ ၀န်ကြီးက ၎င်း၏ခရီးစဉ်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်နေမှုကို ထောက်ခံကူညီရန် ဗြိတိန်၏ သံန္နိဋ္ဌာန်ကို လက်တွေ့ပြသရန် ရောက်ရှိလာခြင်းဖြစ်ပြီး အပြောင်းအလဲများကိုစတင်ခဲ့သော သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့၏ သတ္တိတို့ကြောင့် ရောက်ရှိလာခြင်းဖြစ်ကြောင်းထည့်သွင်း ပြောကြားခဲ့သည်။

ဝန်ကြီးဟူဂိုဆွိုင်ယာမလာရောက်မီ ၂၀၁၁ ခုနှစ်တွင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟေ့ဂ်၊ ၂၀၁၂ ဧပြီလတွင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းတို့လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အားပေးကူညီရန်နှင့် ဆက်လက်တွန်းအားပေးရန် လာရောက်ခဲ့ကြသည်။

   
www.MyanmarExpress.net

2 comments:

Responsible investors?
Job creation?
Why does U.K. have high unemployment rate?

တာဝန် သိတဲ့ ရင်းနှီးမြုတ် နှံမှု့ ဟုတ်လား .?ဟား ဟား ဟား....

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်