From : 7day
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တွင် တူးဖော်လျက်ရှိသော ပတ္တမြားလုပ်ကွက်တစ်ခု၌ ဇန်န၀ါရီလ ၃ ရက်က ကျောက်တွင်းပြိုကျ၍ လူငါးဦး အခင်းဖြစ်ပွားရာနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း မိုးကုတ်မြို့နယ် ရဲစခန်းက အတည်ပြုပြောကြားသည်။
မိုးကုတ်မြို့စွန်တွင် တူးဖော်လုပ်ကိုင်လျက်ရှိသော လျှန်ရှမ်းကုမ္ပဏီပိုင် လုပ်ကွက်တစ်ခု၌ တွင်းဟောင်းတွင် ကျန်ရှိနေသောရေများ ပေါက်ကျရာမှ နံဘေးတွင်း၌ လုပ်ငန်းခွင်ဝင်နေသော အလုပ်သမားများထံသို့ ရေများဝင်ရောက်လာပြီး ရေမွန်းကာ အခင်းဖြစ်ပွားရာနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု မိုးကုတ်မြို့နယ် ရဲစခန်းမှ တာဝန်ကျဒုရဲအုပ်က ဖုန်းမှတစ်ဆင့် ပြောကြားသည်။
ညတွင်းချင်းပင် ဆေးရုံသို့ အလောင်းငါးလောင်းရောက်ရှိလာပြီး ဒဏ်ရာရရှိသူတစ်ဦး ပါဝင်လာကြောင်း မိုးကုတ်မြို့နယ်ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာမောင်မောင်ဇင်က ပြောသည်။
“ဒဏ်ရာရရှိသူမရှိဘူး။ ရွှံ့တွေဖုန်တွေ ထပ်နေတာပဲရှိတယ်။ ရေပေါက်သွားတော့ ရေမွန်းပြီး ဆုံးသွားရတာ” ဟုအဆိုပါဆရာဝန်က ပြောသည်။
သေဆုံးသွားသူများမှာ ကျောက်ပုတ်ရွာမှ သုံးဦး၊ လယ်ဦးရပ်ကွက်မှ တစ်ဦး၊ ဒီပဲယင်းမြို့နယ်မှ တစ်ဦးဖြစ်ပြီး သေဆုံးသွားသူအားလုံးမှာ အမျိုးသားများဖြစ်ကြောင်း မိုးကုတ်မြို့နယ်ကျောက်ထပ် ရွာဒေသခံ ကိုကျော်စွာလင်းက ပြောသည်။
“တွင်းကအနက်ကြီးဆိုတော့ ရေအားနဲ့ရိုက်ပြီး ပြန်တက်ဖို့လည်း ခက်တယ်လေ။ အားလုံးရေမွန်း ပြီးဆုံးကုန်တာ” ဟု ၎င်းက ပြောသည်။ သေဆုံးသွားသူများအတွက် ကုမ္ပဏီမှလျော်ကြေးအဖြစ် တစ်ဦးလျှင် ကျပ် ၃၅ သိန်းစီ ပေးအပ်သွားမည်ဖြစ်ကြောင်း လျော်ကြေးကိစ္စများအတွက် လိုက်လံညှိနှိုင်းဆောင်ရွက်ပေးသူ ရေပူဆရာတော်က မိန့်ကြားသည်။
သေဆုံးသွားသူများမှာ လုပ်ငန်းအတွေ့အကြုံနုနယ်ပြီး ကျောက်ကောင်းရရှိရန်သာ စိတ်အားထက်
သန်နေခြင်းကြောင့် အန္တရာယ်ကို ကြိုတင်မမြင်နိုင်ဘဲ ယခုကဲ့သို့ ဆုံးပါးသွားရခြင်းဖြစ်သည်ဟု လျှန်ရှမ်း ကုမ္ပဏီတွင် ၀င်ရောက်လုပ်ကိုင်နေသည့် အမည်မဖော်လိုသူဝန်ထမ်းတစ်ဦးက ပြောသည်။
7Day News က လျှန်ရှမ်းကုမ္ပဏီသို့ လေးရက်တိုင်တိုင် ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း
တာဝန်ယူဖြေကြားပေးမည့်သူ လတ်တလောမရှိသေးကြောင်းသာ ပြန်လည်ဖြေကြားသည်။
. www.MyanmarExpress.net

1 comments:
ဒေသခံအတွေ့ အကြုံရှိသောသူများ
နေရာမပေး ဘဲ လောဘဇော တိုက်
နေသော အတွေ့ အကြုံနု လုပ်ငန်းရှင်များ
ကြောင့် အသက်တွေ ကိုယ်အင်္ဂါတွေဆုံးရှုံး
နေရပေါင်း များလှ ပါပြီ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်