နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံ ရုပ်ရှင်၊ ဂီတ၊ သဘင်ပညာရှင်များအား ယနေ့နံနက်(၁၁)နာရီ မိနစ်(၂၀)တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး ဦးအောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရုပ်ရှင်၊ ဂီတ၊ သဘင်ပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် ရုပ်ရှင်၊ သဘင်၊ ဂီတ ဝါရင့်သက်ကြီးပညာရှင်ကြီးများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများကို ခင်မင်ရင်းနှီးစွာနှုတ်ဆက်အားပေးသည်။
အစီအစဉ်အရ ရုပ်ရှင်လောကသားများကိုယ်စား မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်း၊ ဂီတလောက သားများကိုယ်စား မြန်မာနိုင်ငံဂီတအစည်းအရုံး ဥက္ကဋ္ဌ ဦးတင်ဦးလေး၊ သဘင်လောကသားများ ကိုယ်စား မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး ဥက္ကဋ္ဌ ပန်တျာဦးမြကြည်နှင့် ဇာတ်သဘင်ပညာရှင် ဦးချမ်းသာတို့က ရုပ်ရှင်၊ ဂီတ၊ သဘင်လောကတိုးတက်ရေးအတွက် လိုအပ်ချက်များနှင့် နိုင်ငံတော်အပိုင်းမှ ပံ့ပိုးကူညီဆောင်ရွက်ပေးရန် လိုအပ်သည့်အချက်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တင်ပြချက်တစ်ချက်ချင်းအလိုက် ပြန်လည်ဆွေးနွေးပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းပေးပြီး အမှာစကားပြောကြားရာတွင် မိဘပြည်သူများအား မိမိတတ်စွမ်းသည့် အနုပညာဖြင့် အလုပ်အကျွေးပြုနေကြသည့် ရုပ်ရှင်အနုပညာရှင်များနှင့် ယခုကဲ့သို့ပထမဆုံးအကြိမ် ရင်းရင်းနှီးနှီးတွေ့ဆုံခွင့် ရသည့်အတွက် ဝမ်းသာပါကြောင်း။
အနုပညာဆိုသည်မှာ အနည်းအများကွာဟသည်ကလွဲ၍ လူသားတိုင်း၏စိတ်နှလုံးကို လွှမ်းမိုးထား နိုင်သော ပင်ကိုယ်ဗီဇအခံပါရမီမရှိဘဲ လေ့ကျင့်သင်ကြား၍မရနိုင်သည့် ပညာရပ်တစ်ရပ်ဖြစ်ပါကြောင်း၊ အနုပညာရှင် များ၏ သရုပ်ဆောင်မှု၊ ဝတ်စားဆင်ယင်မှု၊ ပြုမူနေထိုင်မှုများသည် မိမိအပါအဝင် ပြည်သူများ အပေါ်တွင် သက်ရောက်မှုရှိခဲ့ပါကြောင်း။
မိမိတို့ငယ်ငယ်ကလည်း ရုပ်ရှင်အနုပညာရှင်မင်းသားများကို ကြည့်ပြီးအားကျခဲ့ခြင်းများရှိခဲ့ပါကြောင်း၊ ယခုလည်း ရင်ထဲမှာစွဲပြီး လေ့ကျင့်နေတုန်းပင်ဖြစ်ပါကြောင်း၊ အမှတ်တရဖြစ်ခဲ့သည့်မင်းသားများထဲတွင် ဦးကျော်ဆွေနှင့် ဦးရွှေဘ စသည့်မင်းသားကြီးများနှင့် ၎င်းတို့၏သရုပ်ဆောင်မှုများဖြစ်ပါကြောင်း၊ ဂီတတွင်လည်း ဦးအံ့ကြီးနှင့် ဒေါ်မာမာအေး စသည့်ဂီတပညာရှင်များ၊ သဘင်တွင်လည်း ရွှေမန်းတင်မောင်နှင့် ဦးစိန်အောင်မင်း
စသည့်သဘင်ပညာရှင်ကြီးများကို ယနေ့အထိ အမှတ်ရနေဆဲဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများသည် မိမိချစ်ခင်လေးစားသည့် အနုပညာရှင်များ၏ သရုပ်ဆောင်မှု၊ သီဆိုဖျော်ဖြေမှုများအပေါ်တွင် မသိမသာရော သိသိသာသာပါ အတုယူကြ၊ သင်ယူကြခြင်းဖြစ်သည့်အတွက် အနုပညာရှင်ဆိုသည်မှာ တိုင်းပြည်နှင့်လူထုကို နှလုံးသားဖြင့် ခေါင်းဆောင်နေကြသူများဟုလည်း ဆိုရမည်ဖြစ်ပါကြောင်း။
ထို့ကြောင့် ခေါင်းဆောင်နှင့်တူသော အနုပညာရှင်များသည် မိမိတို့လူ့အဖွဲ့အစည်းကို မည်သည့်နေရာသို့ ဦးဆောင်ခေါ်ဆောင်သွားမလဲ၊ မည်ကဲ့သို့သော လူအဖွဲ့အစည်းတည်ဆောက်ကြရန် စည်းရုံးလမ်းပြမလဲ၊ မိမိတို့ နိုင်ငံသားများကို မည်ကဲ့သို့သော နိုင်ငံသားများဖြစ်စေချင်သလဲဆိုသည့် ခေါင်းဆောင်မှုဆိုင်ရာ စဉ်းစားတွေး ခေါ်မှု များနှင့် တာဝန်ယူမှုများရှိကြရန် လိုအပ်သည်ဟု ဆိုရမည်ဖြစ်ပါကြောင်း။
မိမိတို့အစိုးရ တာဝန်ယူပြီးနောက်ပိုင်းတွင် ကြိုးပမ်းဖော်ဆောင်ခဲ့သည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် များကြောင့် လွတ်လပ်စွာဖော်ထုတ်ရေးသားခွင့်၊ ဟောပြောခွင့်နှင့် တင်ဆက်ခွင့်များရရှိလာပြီး ရုပ်ရှင်ဆင်ဆာ စည်းမျဉ်းများကို များစွာလျှော့ပေါ့ပေးခဲ့ပါကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ရုပ်ရှင်အစည်းအရုံးကို ရုပ်ရှင်လောက သားများ ကိုယ်တိုင် ရွေးကောက်တင်မြှောက်ပြီး လွတ်လပ်သောအဖွဲ့အစည်းတစ်ခုအဖြစ် ဖွဲ့စည်းနိုင်အောင် ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ်တွင် အများပိုင်ကုမ္ပဏီထူထောင်နိုင်ရန် ခွင့်ပြုပေးခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် အကယ်ဒမီ ထူးချွန်ဆုများကို ရုပ်ရှင်အစည်းအရုံးအနေဖြင့် လွတ်လပ်စွာချီးမြှင့်နိုင်စေခဲ့ပါကြောင်း။
တစ်ဖက်တွင်လည်း ရုပ်ရှင်လုပ်ငန်းအတွက် နိုင်ငံတော်၏ပံ့ပိုးမှုအနေဖြင့် ပြင်ဦးလွင်မြို့၌ ဧက(၂၀)ရှိသည့် နေရာကို ရုပ်ရှင်စတူဒီယိုဆောက်လုပ်နိုင်ရန် ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ တစ်ခေတ်တစ်ခါက မြန်မာ့ရုပ်ရှင် အောင်ပန်းဆင်နိုင်ခဲ့ခြင်းသည် ထိုခေတ်က စတူဒီယိုကြီးများ၏ အရေးပါမှုကြောင့်ဖြစ်သည်ဟု စဉ်စားမိသည့် အတွက် ယခုကဲ့သို့ပံ့ပိုးပေးခြင်းလည်းဖြစ်ပါကြောင်း၊ ရုပ်ရှင်လုပ်ငန်းသည် တကယ်ကြိုးပမ်းလုပ်ဆောင်လျှင်၊ နိုင်ငံတကာအဆင့်မီ ဖြန့်ချိနိုင်ခဲ့လျှင် တိုင်းပြည်၏ဝင်ငွေကို တစ်ဖက်တစ်လမ်းကနေ ရှာဖွေပေးသည့် စီးပွားရေး လုပ်ငန်းတစ်ရပ်လည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံခြားရုပ်ရှင်ကုမ္ပဏီများနှင့် ဖက်စပ်ရိုက်ကူးနိုင်ရေး ချေးငွေ ရရှိနိုင်ရေးတို့ကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်သည့်အတွက် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများ ၊ ဓလေ့ထုံး တမ်းများနှင့် ကွဲပြားခြားနားသည့် ဘာသာတရားများကို သေးသိမ်စေမည့်၊ နိုင်ငံသားများအကြား စည်းလုံး ညီညွတ်မှု ပျက်ပြားစေမည့် တင်ပြမှုမျိုးများ ဖြစ်မလာအောင် အသိစိတ် တာဝန်ယူစိတ် တာဝန်ခံစိတ် များဖြင့် ကာကွယ်တားဆီးကြရမည်ဖြစ်ပါကြောင်း။
ဂီတဆိုသည့် အနုပညာသည်လည်း သိမ်မွေ့နက်ရှိုင်းသည့်တိုင် လူသားတိုင်း မဖန်တီးနိုင်သည့်တိုင် အနည်းနှင့် အများ ခံစားနိုင်ကြသည်ဖြစ်ပါကြောင်း၊ ယနေ့တွင် ခိုးကူးခွေပြဿနာကြောင့် ဂီတနှင့်အနုပညာရှင် များစွာ အခက်အခဲ ကြုံနေရသည်ကို ကြားသိရပါကြောင်း၊ မူပိုင်ခွင့်ဥပဒေများ၊ နည်းဥပဒေများဖြင့် အရေးယူ ဆောင်ရွက်ပေးနိုင်ရန် အနုပညာကိုအကာအကွယ်ပေးနိုင်ရန်အတွက် တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအစည်းအရုံးတို့ ပူးပေါင်းဆောင်ရွက် ဖြေရှင်းနိုင်အောင် ကူညီပေးသွားမည်ဖြစ်ပါကြောင်း။
သဘင်ပညာရပ်သည် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုတစ်ရပ်ဖြစ်ပြီး ဖျော်ဖြေရေး၊ သက်သက်ထက်ပိုသည့် ယဉ်ကျေးမှုရိုးရာ ကြန်အင်လက္ခဏာများကို ထိန်းသိမ်းနေသည့်လုပ်ငန်းတစ်ရပ်လည်းဖြစ်သည့်အတွက် ဖျော်ဖြေ ရေးသက်သက်ထက်ပိုသည့်အနုပညာတစ်ရပ်ဟုလည်း ဆိုရမည်ဖြစ်ပါကြောင်း။
တိုင်းပြည်တစ်ပြည်၏ အောင်မြင်မှုကို တိုင်းတာသည့်အခါတွင် Gross National Happiness ဟု ခေါ်သည့် တိုင်းသူပြည်သားများ၏ ပျော်ရွှင်ချမ်းမြေ့မှုသည်လည်း ပေတံတစ်ခုဖြစ်ပါကြောင်း အနုပညာရှင်များ အားလုံးက ဤကွက်လပ်တွင် ကြီးမားသည့်နေရာကနေ အားဖြည့်ပေးကြပါကြောင်း၊ ယနေ့မိမိတို့အားလုံး မျှော်မှန်းတည် ဆောက် နေသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံသစ်ကြီးဖြစ်ရန်အတွက် တိုင်းရင်း သားများ၊ နိုင်ငံသားများအားလုံးနှင့် တန်းတူရည်တူ ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြီး ဖြစ်ပေါ်ရန်အတွက် နိုင်ငံသားများ အကြား စည်းလုံးညီညွတ်မှုအထူးလိုအပ်ပါကြောင်း။
မိမိပြောကြားခဲ့သကဲ့သို့ ရုပ်ရှင်၊ ဂီတနှင့် သဘင်အနုပညာရှင်အားလုံးသည် ပြည်သူများ၏ စံပြပုဂ္ဂိုလ်များ ဖြစ်ကြပါကြောင်း၊ ထို့ကြောင့် နိုင်ငံသားများအားလုံးကို စည်းလုံးညီညွတ်ခြင်း၊ လူ့အခွင့်အရေးကို တန်ဖိုးထား လေးစားလိုက်နာခြင်း၊ တိုင်းပြည်ကို ချစ်စိတ်ရှိခြင်းဆိုသည်များကို ဦးဆောင်သင်ကြားပြသမည့် အနုပညာရှင် လောကသားများအနေဖြင့်လည်း စံပြဖြစ်စေမည့် အပြုအမူများကို ကျင့်သုံးပြုမူကြရမည်ဖြစ်ပါကြောင်း။ အထူးသဖြင့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ ဆပ်ကပ်၊ မျက်လှည့်ပါမကျန် အနုပညာလောကသား အားလုံး အနေဖြင့် အချင်းချင်းအငြင်းပွားခြင်းမျိုး၊ မသင့်မြတ်ခြင်းမျိုးများကို ရှောင်ရှားပြီး စည်းလုံးညီညွတ်သည့် အင်အားဖြင့် ဖန်တီးနိုင်သည့် စွမ်းရည်များကို စုစည်းကာ မိမိတို့လူ့အဖွဲ့အစည်းက မျှော်မှန်းတည်ဆောက်နေသည့် နိုင်ငံတော်သစ် ချီတက်ရေးတွင် မိမိတို့စွမ်းပကားဖြင့် တစ်တပ်တစ်အား ပါဝင်တည်ဆောက်ကြရန် လိုအပ်ပါ ကြောင်းဖြင့် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ရုပ်ရှင်၊ ဂီတ၊ သဘင်၊ သက်ကြီးပူဇော်ပွဲအတွက် ထောက်ပံ့ ငွေကျပ်(၁၀)သိန်းစီ စုစုပေါင်းငွေကျပ်သိန်း(၃၀)ကို ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီအိန္ဒြာကျော်ဇင်၊ အဆိုတော် ဆုန်သင်းပါရ်နှင့် မင်းသမီးတင်ဇာမိုးဝင်းတို့ထံ ပေးအပ်သည်။
နိုင်ငံတော်သမ္မတသည် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ လောကသားများနှင့်အတူ ကိုယ်တိုင်ယူစနစ် (ဘူဖေးလ်)ဖြင့် တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာစားပွဲတို့ ရင်းရင်းနှီးနှီး အတူတကွ သုံးဆောင်ခဲ့သည်။
ယနေ့အခမ်းအနားသို့ ရုပ်ရှင်၊ ဂီတ၊ သဘင်မှ ဖိတ်ကြားထားသည့် အနုပညာရှင်(၁၀၀)ကျော် တက်ရောက် ခဲ့ကြသည်။
ဓာတ်ပုံ ၇၀ကျော်အား https://www.facebook.com/media/set/?set=a.669994746427984.1073741848.256578141102982&type=1 တွင် ကြည့်ရှုနိုင်ပါသည်။
.. www.MyanmarExpress.net

.jpg)

1 comments:
kalar mayar Su Kyi gho pha yar lo koo kwel delt kaung ma, Tun Aindrabo sho dar ma twayt ya bar lar, di kaung ma , ma lar yel buu nelt tuu del.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်